ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်မှာလောင်းလေ၏။ တစ်ဖန်သူ့ကိုနမ်းသဖြင့်၊ ထာဝရဘုရားသည် သင့်ကို အမွေတော်လူမျိုး၏ မင်းအရာ၌ခန့်ထား၍ ဆီလောင်းခြင်းဘိသိက်ကိုပေးတော်မူ၏။ ယနေ့ ငါနှင့်ကွာ၍ သွားသောအခါ၊ ဗင်္ယာမိန်ခရိုင်စွန်း၊ ဇေလဇရွာ၊ ရာခေလသင်္ချိုင်းအနားမှာ လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က၊ သင်သွား၍ ရှာသောမြည်းတို့ကို တွေ့ပြီ။ သင်၏အဘသည် မြည်းတို့ကို အမှုမထား၊ ငါ့သားအဖို့ အဘယ်သို့ ပြုရပါမည်နည်းဟုဆိုလျက် စိုးရိမ်ကြောင်းကို ပြောကြလိမ့်မည်။ ထိုအရပ်မှလွန်၍ တာဗော်လွင်ပြင်သို့ ရောက်လျှင်၊ ဆိတ်သငယ်သုံးကောင်ကို ဆောင်သောသူတစ်ယောက်၊ မုန့်သုံးလုံးကို ဆောင်သောသူ တစ်ယောက်၊ စပျစ်ရည်ဘူးကိုဆောင်သောသူ တစ်ယောက်တည်းဟူသော ဗေသလမြို့ ဘုရားသခင့်ထံတော်သို့ သွားသောသူ သုံးယောက်တို့နှင့် သင်သည်တွေ့ကြုံလိမ့်မည်။ ထိုသူတို့သည် နှုတ်ဆက်ပြီးလျှင် မုန့်နှစ်လုံးကိုပေး၍၊ သင်သည် သူတို့လက်မှခံယူရလိမ့်မည်။ ထိုနောက်မှ ဖိလိတ္တိတပ်ရှိရာ ဘုရားသခင်၏တောင်သို့ရောက်၍ မြို့သို့ချဉ်းကပ်သောအခါ၊ ပရောဖက် အပေါင်းအသင်းသည် တယော၊ ပတ်သာ၊ ပုလွေ၊ စောင်းပါလျက် ပရောဖက်ပြုလျက်၊ မြင့်သောအရပ်မှ ဆင်းလာကြသည်ကို တွေ့လိမ့်မည်။ ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် သင့်အပေါ်မှာ သက်ရောက်သဖြင့်၊ သင်သည် သူတို့နှင့်အတူ ပရောဖက်ပြု၍ ခြားနားသောသူ ဖြစ်လိမ့်မည်။ ဤနိမိတ်လက္ခဏာတို့သည် သင်၌ဖြစ်သောအခါ၊ အဆင်သင့်သည်အတိုင်း ပြုလော့။ ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူ၏။ သင်သည်လည်း ငါ့ရှေ့မှာ ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်လည်း မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ခြင်းငှာ သင်ရှိရာသို့လာမည်။ ငါလာ၍ သင်ပြုရသော အမှုကိုမပြမီတိုင်အောင် သင်သည်ငံ့နေရမည်ဟု ဆို၏။ ရှောလုသည် ရှမွေလထံမှထွက်သွားမည်ဟု လှည့်သောအခါ၊ ခြားနားသော စိတ်နှလုံးကို ဘုရားသခင်ပေးတော်မူ၍၊ ထိုနိမိတ်လက္ခဏာအလုံးစုံတို့သည် ထိုနေ့ချင်းတွင်ဖြစ်လေ၏။ တောင်တော်သို့ ရောက်သောအခါ၊ ပရောဖက် အပေါင်းအသင်းတို့သည် ဆီး၍ ကြိုကြစဉ်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလုအပေါ်သို့ သက်ရောက်တော်မူသဖြင့်၊ သူတို့နှင့်အတူ ပရောဖက်ပြုလေ၏။ ရှောလုသည် ပရောဖက်တို့နှင့်အတူ ပရောဖက်ပြုသည်ကို အထက်က သိကျွမ်းသောသူတို့သည် မြင်သောအခါ၊ ကိရှ၏သား၌ အဘယ်သို့ဖြစ်သနည်း။ ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလောဟု တစ်ယောက်ကိုတစ်ယောက် မေးမြန်းကြ၏။ ထိုအရပ်သား တစ်ယောက်က၊ သူတို့အဘကား အဘယ်သူနည်းဟုဆို၍၊ ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလောဟူသောစကားသည် ပုံစကားဖြစ်လေ၏။ ရှောလုသည်ပရောဖက်ပြုပြီးမှ မြင့်သောအရပ်သို့ သွား၏။ ရှောလု၏ဘထွေးက၊ သင်တို့သည် အဘယ်အရပ်သို့ သွားသနည်းဟု ရှောလုနှင့်ငယ်သားကို မေးလျှင်၊ ရှောလုက၊ မြည်းတို့ကိုရှာရအောင် သွား၏။ မတွေ့သောအခါ ရှမွေလထံသို့ ရောက်သည်ဟု ပြန်ပြော၏။ ဘထွေးကလည်း၊ ရှမွေလသည် အဘယ်သို့ပြောသနည်း။ ငါ့အား ပြန်ပြောပါဟု တောင်းပန်သော်၊ မြည်းတို့ကိုတွေ့ပြီဟု ရှမွေလသည် အတပ်ပြောကြောင်းကိုသာ ရှောလုသည် ဘထွေးအားပြန်ပြော၍၊ ရှမွေလပြောသော နိုင်ငံအမှုအရေးကို ဘထွေးအားမကြားမပြောဘဲနေ၏။
၁ ဓမ္မရာဇဝင် 10 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ဓမ္မရာဇဝင် 10:1-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ