YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှောလမုန်သီချင်း 1

1
1သီချင်း​တကာ​တို့​တွင် အသာယာဆုံး​ဖြစ်​သည့် ရှောလမုန်​မင်းကြီး​၏​သီချင်း​။
သတို့သမီး
2“​အရှင်​သည် အကျွန်ုပ်​ကို နှုတ်ခမ်း​အနမ်း​ဖြင့် နမ်း​ပါစေသော​။ အရှင့်​မေတ္တာ​သည် စပျစ်ဝိုင်​ထက် ချိုမြိန်​ပါ​၏​။
3အရှင်​၏​နံ့သာဆီရနံ့​သည် အလွန်​မွှေးကြိုင်​ပါ​၏​။ အရှင့်​နာမ​သည် ဆွတ်​ထား​သော​နံ့သာဆီ​ကဲ့သို့ မွှေး​ပါ​၏​။ ထို့ကြောင့် မိန်းမပျို​တိုင်း အရှင့်​ကို ချစ်နှစ်သက်​ကြ​ပါ​၏​။
4အကျွန်ုပ်​ကို ဆွဲခေါ်​သွား​ပါ​။ အကျွန်ုပ်​တို့ ပြေး​ကြ​ပါစို့​။ ရှင်ဘုရင်​သည် အကျွန်ုပ်​ကို အတွင်းခန်း​သို့ ခေါ်ဆောင်​သွား​ပါ​၏​။”
အခြားသူ
“အကျွန်ုပ်​တို့ ရွှင်လန်း​ဝမ်းမြောက်​ကြ​ပါ​၏​။ စပျစ်ဝိုင်​ထက် အရှင့်​မေတ္တာ​အကြောင်း​ကို ချီးမွမ်း​ကြ​ပါ​မည်​။ အရှင့်​ကို အမှန်တကယ်​ချစ်​ကြ​ပါ​၏​။”
သတို့သမီး
5“အို ဂျေရုဆလင်​သမီးပျို​တို့​၊ အကျွန်ုပ်​သည် အသားမည်း​သော်လည်း ချစ်စရာကောင်း​ပါ​၏​။ ကေဒါ​တဲ​များ​၊ ရှောလမုန်​မင်းကြီး​၏​ရွက်ထည်​များ​နှင့် တူ​ပါ​၏​။
6အကျွန်ုပ်​သည် နေလောင်​ခံရ​၍ အသားမည်း​သဖြင့် အကျွန်ုပ်​ကို မ​ကြည့်​ပါ​နှင့်​။ အကျွန်ုပ်​နှင့်​တစ်မိတည်း​ဖွား​သော​သား​တို့​သည် အကျွန်ုပ်​ကို စိတ်ဆိုး​၍ စပျစ်ခြံစောင့်​အဖြစ် ထား​ပါ​၏​။ ကိုယ့်​စပျစ်ခြံ​ကို​ပင် ကိုယ်​မ​စောင့်​ရ​ပါ​။
7အကျွန်ုပ်​ချစ်မြတ်နိုး​ရ​သော​အရှင်​၊ သိုး​တို့​ကို အဘယ်မှာ ထိန်းကျောင်း​သနည်း​။ မွန်းတည့်​သောအခါ အဘယ်မှာ​လဲလျောင်း​နား​နေ​စေ​သနည်း​။ အကျွန်ုပ်​ကို ပြောပြ​ပါ​။ အဘယ်ကြောင့် အရှင့်​မိတ်ဆွေ​တို့​၏ သိုးအုပ်​များ​ကြားတွင် အကျွန်ုပ်​သည် ပုန်းလျှိုးကွယ်လျှိုး​နေ​ရ​ပါ​မည်နည်း​။”
ရှင်ဘုရင်
8“မိန်းမ​တကာ​တို့​ထက် အဆင်းလှ​သော​မိန်းမ​၊ သင်​မ​သိ​လျှင် သိုး​တို့​နောက်သို့ ခြေရာခံ​လိုက်​ပါ​။ သိုးထိန်း​တို့​၏​တဲ​နား​တွင် သင့်​ဆိတ်သငယ်​တို့​ကို ထိန်းကျောင်း​ပါ​။
9ငါ့​ချစ်သူလေး​၊ သင့်​ကို ဖာရော​မင်းကြီး​၏ စစ်ရထား​၌​က​သော မြင်းမလေး​နှင့် တင်စား​မည်​။
10ခြယ်သ​ထား​သော​သင့်​ပါး​တို့​သည် တင့်တယ်​လှ​ပေ​၏​။ သင့်​လည်တိုင်​သည်​လည်း လည်ဆွဲရတနာ​တို့​ဖြင့် တင့်တယ်​လှ​ပေ​၏​။​”
အခြားသူ
11“​သင့်​အဖို့ ငွေ​ပုတီးလုံး​စီချယ်​ထား​သော ရွှေ​တန်ဆာ​များ​ကို ငါ​တို့​ပြုလုပ်​ပေး​မည်​။​”
သတို့သမီး
12“ရှင်ဘုရင်​သည် စားပွဲဝိုင်း​၌​ထိုင်​စဉ် အကျွန်ုပ်​၏​နာဒု​ဆီမွှေး​ရနံ့​သည် ပျံ့လွင့်​မွှေးကြိုင်​လျက် ရှိ​ပါ​၏​။
13အကျွန်ုပ်​ချစ်သူ​သည် အကျွန်ုပ်​၏​ရင်သား​ကြား​၌ တစ်ညလုံး​ရှိ​နေ​သော မုရန်​အိတ်ငယ်​နှင့် တူ​ပါ​၏​။
14အကျွန်ုပ်​ချစ်သူ​သည် အင်္ဂေဒိ​စပျစ်ခြံ​မှ ဟင်္နာ​ပန်း​ခိုင်​နှင့် တူ​ပါ​၏​။”
ရှင်ဘုရင်
15“​ကြည့်​ပါ​။ ငါ့​ချစ်သူလေး​၊ သင်​သည် အဆင်းလှ​ပေ​၏​။ ကြည့်​ပါ​။ သင်​သည် အဆင်းလှ​ပေ​၏​။ သင့်​မျက်လုံး​များ​လည်း ချိုးငှက်​မျက်လုံး​နှင့် တူ​ပါ​၏​။​”
သတို့သမီး
16“​ကြည့်​ပါ​လော့​။ အကျွန်ုပ်​ချစ်သူ​၊ အရှင်​သည် အလွန်​ခန့်ညား​ပါ​၏​။ နှစ်လိုဖွယ်​ကောင်း​ပါ​၏​။ အကျွန်ုပ်​တို့​အိပ်ရာ​သည် စိမ်းလန်းစိုပြည်​လှ​ပါ​၏​။
17သစ်ကတိုး​များ​သည် အကျွန်ုပ်​တို့​၏​အိမ်​ရက်မ​၊ ထင်းရှူး​များ​သည် အကျွန်ုပ်​တို့​၏​အိမ်​ဒိုင်း ဖြစ်​ပါ​၏​။

လက်ရှိရွေးချယ်ထားမှု

ရှောလမုန်သီချင်း 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။