YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရုသဝတ္ထု 2

2
ရုသနှင့်ဗောဇတွေ့ဆုံခြင်း
1နောမိ​၏​ခင်ပွန်းသည်​၌ ဗောဇ​ဟု အမည်​ရှိ​သော ချမ်းသာကြွယ်ဝ​သူ​ဆွေမျိုး​တစ်ဦး​ရှိ​၏​။ သူ​သည် ဧလိမလက်​မျိုးနွယ်စု​မှ ဆင်းသက်​လာ​၏​။
2မောဘ​အမျိုးသမီး​ရုသ​က နောမိ​အား “​လယ်​ထဲသို့ အကျွန်ုပ်​သွား​ပါရစေ​။ ခွင့်ပြု​သူ​ရှိ​လျှင် ကောက်ရိတ်သမား​တို့​နောက်မှ ကောက်သင်းကောက်​ပါရစေ​”​ဟု ဆို​လျှင် နောမိ​က “​ငါ့​သမီး​၊ သွား​ပါ​”​ဟု ဆို​၏​။ 3ရုသ​လည်း လယ်​ထဲသို့ ထွက်​သွား​၍ ကောက်ရိတ်သမား​တို့​နောက်မှ​လိုက်​ပြီး ကောက်သင်းကောက်​ရာ တိုက်တိုက်ဆိုင်ဆိုင် ထို​လယ်ကွက်​သည် ဧလိမလက်​မျိုးနွယ်စုဝင် ဗောဇ​ပိုင်​သော​လယ်ကွက်​ဖြစ်​နေ​၏​။
4ထိုစဉ် ဗောဇ​သည် ဗက်လင်​မြို့​မှ ရောက်လာ​၍ ကောက်ရိတ်သမား​တို့​အား “​ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ ရှိ​ပါစေသော​”​ဟု နှုတ်ဆက်​လျှင် သူ​တို့​က​လည်း “​ထာဝရဘုရား​သည် သခင့်​ကို ကောင်းချီးပေး​တော်မူ​ပါစေသော​”​ဟု ပြန်​နှုတ်ဆက်​ကြ​၏​။
5ဗောဇ​က​လည်း မိမိ​အစေအပါး​ဖြစ်​သည့် အလုပ်သမား​ခေါင်းဆောင်​အား “​ထို​အမျိုးသမီး​သည် အဘယ်ကနည်း​”​ဟု မေး​လျှင်
6သူ​၏​အစေအပါး ကောက်ရိတ်သမား​ခေါင်းဆောင်​က “​သူ​သည် နောမိ​နှင့်အတူ မောဘ​ပြည်​မှ​လိုက်လာ​သော မောဘ​အမျိုးသမီး ဖြစ်​ပါ​၏​။ 7သူ​က ‘​အကျွန်ုပ် ကောက်သင်းကောက်​ပါရစေ​၊ ကောက်ရိတ်သမား​တို့​နောက်မှ ကျန်​ခဲ့​သော​သီးနှံ​ကို ကောက်သိမ်း​ပါရစေ​’​ဟု လာ​၍​ခွင့်တောင်း​ပြီး မနက်​ကတည်းက ယခု​ချိန်​ထိ ကောက်သင်းကောက်​ပါ​၏​။ ယခုမှသာ တဲ​တွင် ခဏ​နား​နေ​ပါ​သည်​”​ဟု ပြန်ပြောပြ​၏​။
8ထိုအခါ ဗောဇ​က ရုသ​အား “​ငါ့​သမီး​၊ နားထောင်​ပါ​။ အခြား​လယ်ကွက်​သို့​သွား​၍ ကောက်သင်း​မ​ကောက်​နှင့်​။ ဤ​နေရာ​မှ ထွက်​မ​သွား​နှင့်​။ ငါ့​အစေအပါး​မိန်းကလေး​တို့​အနား​မှာ​သာ နေ​ပါ​။ 9လုလင်​တို့ ကောက်ရိတ်​သော​လယ်ကွက်​ကို​ကြည့်မှတ်​၍ သူ​တို့​နောက်သို့​လိုက်​ပါ​။ သူ​တို့​သည် သင့်​ကို မ​ထိပါး​စေရန် ငါ​မှာထား​ပြီ​။ ရေဆာ​လျှင် လုလင်​တို့ ခပ်​ထား​သော​ရေအိုး​ထဲမှ​ရေ​ကို သွား​၍​ခပ်သောက်​ပါ​”​ဟု ဆို​၏​။
10ရုသ​က​လည်း မြေ​မှာ​ပျပ်ဝပ်​လျက် “​တစ်ပါးအမျိုးသား​ဖြစ်​သော​အကျွန်ုပ်​ကို သခင်​က အဘယ်ကြောင့် အသိအမှတ်​ပြု​မျက်နှာသာ​ပေး​ပါ​သနည်း​”​ဟု မေး​ရာ
11ဗောဇ​က​လည်း “​သင်​သည် ခင်ပွန်းသည်​သေဆုံး​ပြီးနောက် သင့်​ယောက္ခမ​ကို ပြုစု​ခဲ့​ရ​ကြောင်း​၊ သင့်​မိဘ​၊ သင့်​မွေးရပ်​မြေ​ကို​စွန့်​ပြီး ယခင်က သင်​မ​သိ​ခဲ့​ဖူး​သော​လူမျိုး​တို့​ထံ လာ​ခဲ့​ရ​ကြောင်း​ကို ငါ အလုံးစုံ​ကြားသိ​ရ​ပြီ​။ 12သင်​ပြု​ခဲ့​သည့်​အတိုင်း ထာဝရဘုရား သင့်​အား ပြန်လည်​ကျေးဇူးပြု​ပါစေသော​။ သင်​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​အတောင်​တော်​အရိပ်​အောက်​၌ လာရောက်​ခိုလှုံ​သည်​ဖြစ်၍ ထို​အရှင်​ထံမှ အကျိုးကျေးဇူး​ကြွယ်ဝ​စွာ ခံစား​ရ​ပါစေသော​”​ဟု ပြန်ပြော​၏​။
13ရုသ​က​လည်း “​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​သည် သခင့်​ရှေ့​တွင် မျက်နှာရ​ပါစေ​။ အကျွန်ုပ်​သည် သခင်​၏​ကျွန်မ​တစ်​ဦး​မ​ဟုတ်​သော်လည်း သခင်​သည် အကျွန်ုပ်​အား ကြင်နာ​စွာ​စကားဆို​၍​နှစ်သိမ့်​ပါ​ပြီ​”​ဟု ပြန်ပြော​၏​။
14စားသောက်​ချိန်​ရောက်​သောအခါ ဗောဇ​က ရုသ​အား “​မုန့် လာ​စား​ပါ​။ မုန့်​ကို ဝိုင်အချဉ်ရည်​နှင့် တို့စား​ပါ​”​ဟု ဆို​သဖြင့် သူ​သည် ကောက်ရိတ်သမား​တို့​ထိုင်​သော​ဘေး​တွင် ဝင်ထိုင်​၏​။ ထိုအခါ ဗောဇ​က သူ့​အား မုန့်ဆန်း​ကို​လှမ်းပေး​သဖြင့် သူ​သည် ဝ​အောင်​စား​ပြီး ကျန်​သော​မုန့်​ကို သိမ်းထား​၏​။
15ထို့နောက် သူ​သည် ကောက်သင်းကောက်​ရန် ထသွား​သောအခါ ဗောဇ​က ငယ်သား​တို့​အား “​သူ​သည် ကောက်လှိုင်း​များ​ကြား​၌​ကောက်ယူ​လျှင်​လည်း သူ့​ကို အပြစ်​မ​ပြော​ကြ​နှင့်​။ 16သင်​တို့​ရိတ်​ထား​သော​ကောက်ဆုပ်​ထဲမှ ကောက်နှံ​အချို့​ကို ချထား​ခဲ့​ပါ​။ သူ​ကောက်ယူ​ပါစေ​။ သူ့​ကို အပြစ်​မ​ပြော​ကြ​နှင့်​”​ဟု မှာထား​လေ​၏​။ 17ရုသ​လည်း ညနေ​တိုင်အောင် လယ်​ထဲ၌​ကောက်သင်းကောက်​ပြီး ကောက်​ထား​သော​ကောက်နှံ​ကို ရိုက်ခြွေ​သောအခါ မုယောစပါး​တစ်​ဧဖာ#2:17 “22 လီတာ”။​ခန့် ရ​၏​။ 18သူ​သည် မြို့​သို့​ပြန်သွား​၍ ကောက်သင်းကောက်​ရာ​မှ​ရ​ခဲ့​သော​ထို​မုယောစပါး​ကို ယောက္ခမ​အား ပြ​၏​။ ထို့ပြင် သူ​ဝ​အောင်​စား​ပြီးမှ ကျန်​သေး​သော​မုန့်​ကို​လည်း ယောက္ခမ​အား ပေး​၏​။
19သူ့​ယောက္ခမ​က​လည်း “​ယနေ့ သင် အဘယ်မှာ​ကောက်သင်းကောက်​ခဲ့​သနည်း​။ အဘယ်မှာ အလုပ်​လုပ်​ခဲ့​သနည်း​။ သင့်​ကို ခွင့်ပြု​သော​သူ​သည် မင်္ဂလာ​ရှိ​ပါစေသော​”​ဟု ဆို​လျှင် သူ​က “​ယနေ့ အကျွန်ုပ် အလုပ်​လုပ်​ခဲ့​သော​လယ်ကွက်​ပိုင်ရှင်​၏​နာမည်​မှာ ဗောဇ ဖြစ်​၏​”​ဟု ဆို​ပြီး သူ​အလုပ်​လုပ်​ခဲ့​သော​လယ်ကွက်​ပိုင်ရှင်​အကြောင်း​ကို သူ့​ယောက္ခမ​အား ပြောပြ​၏​။
20ထိုအခါ နောမိ​က သူ့​ချွေးမ​အား “​အသက်ရှင်​သော​သူ​၊ သေ​သော​သူ​တို့​ကို မေတ္တာကရုဏာ​အစဉ်​ထား​တော်မူ​သော ထာဝရဘုရား​သည် သူ့​ကို ကောင်းချီးပေး​ပါစေသော​။ သူ​သည် ငါ​တို့​နှင့် ဆွေးမျိုးနီးစပ်​သူ​၊ ငါ​တို့​ကို ရွေးနုတ်​ခွင့်​ရှိ​သူ ဖြစ်​၏​”​ဟု ဆို​၏​။
21မောဘ​အမျိုးသမီး​ရုသ​က​လည်း “​ထို​သူ​က ‘​သီးနှံ​အားလုံး​ရိတ်သိမ်း​ပြီး​သည်​အထိ ငါ့​ငယ်သား​တို့​အနား​မှာ​သာ နေ​ပါ​’​ဟူ၍ အကျွန်ုပ်​အား ဆို​သေး​၏​”​ဟု ပြောပြ​၏​။
22နောမိ​က​လည်း ချွေးမ​ရုသ​အား “​ငါ့​သမီး​၊ ထို​သူ​၏​အစေအပါး​မိန်းကလေး​တို့​နှင့်အတူ အလုပ်လုပ်​ရ​သည်​မှာ ကောင်း​ပေ​၏​။ အခြား​လယ်​များ​တွင် လုပ်​လျှင် အနှောင့်အယှက်​ခံရ​နိုင်​၏​”​ဟု ဆို​၏​။ 23ဤသို့ဖြင့် ရုသ​သည် မုယောစပါး​ရိတ်သိမ်း​ပြီး​ချိန်​၊ ဂျုံ​ရိတ်သိမ်း​ပြီး​ချိန်​အထိ ဗောဇ​၏​အစေအပါး​မိန်းကလေး​တို့​အနား​တွင် ကောက်သင်းကောက်​လေ​၏​။ ယောက္ခမ​နှင့်​လည်း အတူ​နေထိုင်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ရုသဝတ္ထု 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။