YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 9

9
အစ္စရေးလူမျိုးနှင့်ဘုရားသခင်၏ကတိတော်
1ငါ​သည် ခရစ်တော်​၌ မုသား​မ​ပါ ဟုတ်မှန်​ရာ​ကို​ပြော​မည်။ ငါ​၏​အသိစိတ်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​နှင့်အတူ​သက်သေခံ​လျက်​နေ​သည့်​အကြောင်း​ကား 2ငါ​၌​အလွန်​ဝမ်းနည်း​ခြင်း​ရှိ​၍ ငါ​၏​စိတ်နှလုံး​ထဲတွင် အမြဲမပြတ်​ပူပန်​ခြင်း​ဝေဒနာ​ရှိ​၏။ 3အမှန်စင်စစ် သွေးသား​ဇာတိ​အားဖြင့် ငါ​၏​အမျိုးသား​ချင်း​များ​ဖြစ်​ကြ​သော ငါ့​ညီအစ်ကို​တို့​အတွက် ငါ​ကိုယ်တိုင် ခရစ်တော်​နှင့်​ကွဲကွာ​လျက် ကျိန်​ခြင်း​ကို​ပင် ခံ​လို​သော​ဆန္ဒ​ရှိ​၏။ 4သူ​တို့​သည် အစ္စရေး​အမျိုးသား​များ​ဖြစ်​ကြ​ပြီး သားသမီး​အရာ​ဖြစ်စေ၊ ဘုန်း​အသရေ​ဖြစ်စေ၊ ပဋိညာဉ်​များ​ဖြစ်စေ၊ ပညတ်​တရား​ပေးအပ်​ခြင်း​ဖြစ်စေ၊ ဝတ်ပြု​ခြင်း​ဖြစ်စေ၊ ကတိ​တော်​များ​ဖြစ်စေ ထို​သူ​တို့​နှင့်ဆိုင်​၏။ 5ရှေး​ဘိုးဘေး​တို့​သည် သူ​တို့​နှင့်​ဆက်နွှယ်​ကြ​၍ ခရစ်တော်​သည်​လည်း လူသား​အနေဖြင့် သူ​တို့​ထဲမှ​ပေါ်ထွန်း​တော်မူ​၏။ ထို​အရှင်​သည် အရာ​ခပ်သိမ်း​တို့​အထက်​၌​ရှိ​၍ ကာလ​အစဉ်အဆက်​မင်္ဂလာရှိ​တော်မူ​သော ဘုရားသခင်​ဖြစ်​တော်မူ​၏။ အာမင်။
6မည်သို့ပင်ဖြစ်စေ ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် ပျက်ပြယ်​သွား​သည်​မ​ဟုတ်။ အဘယ်ကြောင့်​ဆိုသော် အစ္စရေး​အနွယ်ဝင်​အားလုံး​သည် အစ္စရေး​လူမျိုး​မ​ဟုတ်။ 7အာဗြဟံ​၏​အမျိုးအနွယ်​ဖြစ်​သောကြောင့် အားလုံး​သည် သားသမီး​များ​ဖြစ်​ကြ​သည်​မ​ဟုတ်။ “ဣဇက်​မှ​ဆင်းသက်​သော​သူ​သည် သင်​၏​အမျိုးအနွယ်​ဟူ၍ ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်”#က 21:12။​ဟု အမိန့်​တော်​ရှိ​၏။ 8ဆိုလို​သည်​ကား သွေးသား​နှင့်ဆိုင်သော​သားသမီး​များ​သည် ဘုရားသခင်​၏​သားသမီး​များ​မ​ဟုတ်​ဘဲ ကတိ​တော်​နှင့်ဆိုင်သော​သားသမီး​များ​သာလျှင် အမျိုးအနွယ်​အဖြစ်​သတ်မှတ်​ခြင်း​ခံရ​၏။ 9အဘယ်ကြောင့်​ဆိုသော် ကတိ​တော်​စကား​မှာ “ဤသို့သော​အချိန်အခါ​တွင် ငါ​လာ​ခဲ့​ဦး​မည်။ စာရာ​သည်​လည်း သား​တစ်​ဦး​ကို​ရရှိ​လိမ့်မည်”#က 18:10,14။​ဟူ၍ ဖြစ်​၏။ 10ထိုမျှမက ရေဗက္ကာ​သည်​လည်း ငါ​တို့​၏​ရှေး​ဘိုးဘေး​ဣဇက်​တစ်ဦးတည်း​နှင့်​ပင်​စုံဖက်​၍ ကိုယ်ဝန်​ရရှိ​သောအခါ 11သား​တို့​မ​မွေးဖွား​မီ၊ ထို​သား​တို့​သည် အကောင်း​အဆိုး​ကို​မ​ပြုကျင့်​မီ​က​ပင် ဘုရားသခင်​၏​ရွေးကောက်​ခြင်း​နှင့်ဆိုင်သော အကြံအစည်​တော်​သည် အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ ခေါ်ယူ​တော်မူ​သော​သူ​အားဖြင့် တည်​စေရန် 12“အကြီး​သည် အငယ်​ကို အစေ​ခံရ​လိမ့်မည်”#က 25:23။​ဟု ရေဗက္ကာ​အား မိန့်​တော်မူ​၏။ 13“ယာကုပ်​ကို ငါ​ချစ်​၏။ ဧသော​ကို​မူကား ငါ​မုန်း​၏”#မာလ 1:2။​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။
ဘုရားသခင်၏ရွေးကောက်တော်မူခြင်း
14သို့ဖြစ်လျှင် ငါ​တို့​သည် မည်သို့​ဆို​ရ​မည်နည်း။ ဘုရားသခင်​၌ မတရားမှု​ရှိ​သလော။ လုံးဝ​မ​ရှိ​ပေ။ 15အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် မောရှေ​အား “ငါ​သည် သနား​လို​သော​သူ​ကို​သနား​၍ သက်ညှာ​လို​သော​သူ​ကို သက်ညှာ​မည်”#ထွ 33:19။​ဟု မိန့်​တော်မူ​၏။ 16ထို့ကြောင့် ဤ​အရာ​သည် လူ​၏​အလိုဆန္ဒ​အပေါ်၌​လည်းကောင်း၊ ကြိုးစား​အားထုတ်​မှု​အပေါ်၌​လည်းကောင်း မ​မူတည်​ဘဲ ကရုဏာ​ထား​တော်မူ​သော​ဘုရားသခင်​အပေါ်၌​သာ မူတည်​၏။ 17အကြောင်းမူကား ကျမ်းစာ​၌ ဖာရော​ဘုရင်​အား “သင့်​ကို ငါ​ချီးမြှောက်​ခြင်း​မှာ သင်​၌ ငါ့​တန်ခိုး​ကို​ပြသ​၍ ကမ္ဘာမြေ​တစ်ဝန်းလုံး​တွင် ငါ​၏​နာမ​ကို ကျော်ကြား​စေရန်​ဖြစ်​၏”#ထွ 9:16။​ဟု ဆို​ထား​၏။ 18ထို့ကြောင့် ဘုရားသခင်​သည် သနား​လို​သော​သူ​ကို သနား​တော်မူ​၍ ခေါင်းမာ​စေ​လို​သော​သူ​ကို ခေါင်းမာ​စေ​တော်မူ​၏။
19ထိုအခါ သင်​က “သို့ဖြစ်လျှင် ဘုရားသခင်​သည် လူ​တို့​ကို အဘယ်ကြောင့် အပြစ်တင်​တော်မူ​သေး​သနည်း။ မည်သူ​သည် ဘုရားသခင်​၏​အလို​တော်​ကို ဆန့်ကျင်​နိုင်​မည်နည်း”​ဟု ငါ့​အား မေးမြန်း​လိမ့်မည်။ 20သို့သော် အချင်း​လူ၊ သင်​သည် မည်သူ​ဖြစ်​၍ ဘုရားသခင်​ကို ပြန်ခံ​ပြောဆို​သနည်း။ ပုံသွင်း​ခံရ​သော​အရာ​သည် ပုံသွင်း​ပေး​သော​သူ​အား “အဘယ်ကြောင့် ငါ့​ကို ဤသို့​ပြုလုပ်​ခဲ့​သနည်း”​ဟု ပြောဆို​နိုင်​ပါ​မည်​လော။ 21အိုးထိန်းသည်​သည် ရွှံ့စေး​တစ်ပုံ​တည်း​ထဲမှ အသရေ​ရှိ​သော​အရာ​အတွက်​သုံး​ရန် အိုးခွက်​ကို​လည်းကောင်း၊ အသရေ​မ​ရှိ​သော​အရာ​အတွက်​သုံး​ရန် အိုးခွက်​ကို​လည်းကောင်း လုပ်ပိုင်ခွင့်​ရှိ​သည်​မ​ဟုတ်​လော။
22သို့ရာတွင် ဘုရားသခင်​သည် အမျက်​တော်​ကို​ပြသ​ရန်​နှင့် မိမိ​၏​တန်ခိုး​တော်​ကို​သိ​စေရန် အလို​တော်​ရှိ​လျက်​နှင့်​ပင် ဖျက်ဆီး​ရန်​ပြင်ဆင်​ထား​သော အမျက်​တော်​ဆိုင်ရာ​အိုးခွက်​များ​ကို အလွန်​စိတ်ရှည်​စွာ​သည်းခံ​တော်မူ​လျှင် မည်သို့​နည်း။ 23ထို့ပြင် ဘုန်း​အသရေ​အတွက်​ကြိုတင်​ပြင်ဆင်​ထား​သော ကရုဏာ​တော်​ဆိုင်ရာ​အိုးခွက်​များ​၌ မိမိ​ဘုန်း​အသရေ​တော်​၏​ကြွယ်ဝ​မှု​ကို သိ​စေရန်​ပြု​တော်မူ​လျှင် မည်သို့နည်း။ 24ဘုရားသခင်​သည် ငါ​တို့​ကို ထို​ကရုဏာ​တော်​ဆိုင်ရာ​အိုးခွက်​များ​အဖြစ် ဂျူး​လူမျိုး​တို့​ထဲမှ​သာမက​ဘဲ လူမျိုးခြား​တို့​ထဲမှ​လည်း ခေါ်ယူ​ထား​တော်မူ​၏။ 25ဟောရှေ​ကျမ်း​၌ “ငါ​၏​လူမျိုး​မ​ဟုတ်​သော​သူ​ကို ‘ငါ​၏​လူမျိုး’​ဟူ၍​လည်းကောင်း၊ မ​ချစ်​သော​သူ​ကို ‘ချစ်​သော​သူ’​ဟူ၍​လည်းကောင်း ငါ​ခေါ်​မည်။#ဟော 2:23။ 26‘သင်​တို့​သည် ငါ​၏​လူမျိုး​မ​ဟုတ်’​ဟု သူ​တို့​အား​မိန့်ဆို​ထား​သော ထို​အရပ်​၌​ပင် သူ​တို့​သည် ‘အသက်ရှင်​တော်မူ​သော ဘုရားသခင်​၏​သား​များ’​ဟူ၍ ခေါ်ဝေါ်​ခြင်း​ခံရ​ကြ​လိမ့်မည်”#ဟော 1:10။​ဟု မိန့်​တော်မူ​သည့်​အတိုင်း​ဖြစ်​၏။ 27ဟေရှာယ​က​လည်း အစ္စရေး​လူမျိုး​နှင့်​ပတ်သက်၍ “အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​သည် ပင်လယ်​သဲပွင့်​များ​နှင့်အမျှ​ရှိ​သော်လည်း ကျန်ရစ်​သော​သူ​မျှသာ ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ 28အကြောင်းမူကား ထာဝရ​ဘုရား​သည် မိန့်​တော်မူ​သော​အရာ​ကို မြေကြီး​ပေါ်၌​ပြည့်စုံ​စေ​၍ မဆိုင်းမတွ ပြုလုပ်​တော်မူ​လိမ့်မည်”#ဟေရှာ 10:23။​ဟု ကြွေးကြော်​၏။ 29ထို့ပြင် ဟေရှာယ​က “ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​သည် ငါ​တို့​အတွက် အမျိုးအနွယ်​ကို​ချန်ထား​တော်​မ​မူ​လျှင် ငါ​တို့​သည် သောဒုံ​မြို့​ကဲ့သို့​ဖြစ်​ခဲ့​၍ ဂေါမောရ​မြို့​နှင့်​တူ​ခဲ့​ကြ​ပေ​လိမ့်မည်”#ဟေရှာ 1:9။​ဟု ကြိုတင်​ပြော​ထား​သည့်​အတိုင်း​ဖြစ်​၏။
အစ္စရေးလူမျိုး၏မှားယွင်းခြင်း
30သို့ဖြစ်လျှင် ငါ​တို့​သည် မည်သို့​ဆို​ရ​မည်နည်း။ ဖြောင့်မတ်​ခြင်း​ကို​ရရှိ​ရန် မ​ကြိုးစား​သော​လူမျိုးခြား​တို့​သည် ဖြောင့်မတ်​ခြင်း​ကို​ခံယူ​ရရှိ​ကြ​၏။ တစ်နည်းဆိုသော် ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော ဖြောင့်မတ်​ခြင်း​ဖြစ်​၏။ 31သို့ရာတွင် ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သည့်​တရား​ကို ရရှိ​ရန်​ကြိုးစား​သော​အစ္စရေး​လူမျိုး​တို့​သည် ထို​တရား​သို့​မ​ပေါက်ရောက်​ကြ။ 32အဘယ်ကြောင့် မ​ပေါက်ရောက်​သနည်း။ ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​ဘဲ အကျင့်​အားဖြင့်​ရရှိ​နိုင်​သကဲ့သို့ ကြိုးစား​သောကြောင့်​ဖြစ်​၏။ သူ​တို့​သည် ခလုတ်တံသင်း​ဖြစ်​သော​ကျောက်​ကို တိုက်​မိ​ကြ​ပြီ။ 33ဤသည်ကား “ကြည့်ရှု​လော့။ ခလုတ်တံသင်း​ဖြစ်​သော​ကျောက်၊ မှားယွင်း​စေ​သော​ကျောက်​ကို ဇိအုန်​၌ ငါ​ချ​ထား​၏။ ထို​ကျောက်​ကို​ယုံကြည်​သော​သူ​သည် အရှက်ရ​လိမ့်မည်​မ​ဟုတ်”#၁ပေ 2:6,8၊ ဟေရှာ 28:16၊ 8:14။​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။

လက်ရှိရွေးချယ်ထားမှု

ရောမဩဝါဒစာ 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။