YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 8

8
ဝိညာဉ်တော်အားဖြင့်အသက်ရှင်ခြင်း
1ထို့ကြောင့် ယခု​အခါ ခရစ်တော်​ယေရှု​၌​ရှိ​သော​သူ​တို့​သည် ပြစ်ဒဏ်​စီရင်​ခြင်း​မ​ခံရ။ 2အကြောင်းမူကား ခရစ်တော်​ယေရှု​၌​ရှိ​သည့် အသက်ရှင်​ခြင်း​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​တရား​သည် အပြစ်​နှင့်​သေ​ခြင်း​တို့​နှင့်ဆိုင်သော​တရား​မှ သင့်​ကို​လွတ်မြောက်​စေ​ပြီ​ဖြစ်​၏။ 3ဘုရားသခင်​သည် မိမိ​၏​သား​တော်​ကို အပြစ်​နှင့်​ပြည့်ဝ​သည့် သွေးသား​ဇာတိ​နှင့်​တူညီ​သော​သဏ္ဌာန်​၌ အပြစ်​အတွက်​စေလွှတ်​တော်မူ​၍ သွေးသား​ဇာတိ​၌​ရှိ​သော​အပြစ်​ကို ဒဏ်ခတ်​တော်မူ​ပြီး သွေးသား​ဇာတိ​ကြောင့် အားနည်း​၍ ပညတ်​တရား​မ​ဆောင်ရွက်​နိုင်​သော​အမှု​ကို ဆောင်ရွက်​ပေး​တော်မူ​၏။ 4ဤသည်ကား သွေးသား​ဇာတိ​အလို​အတိုင်း​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​အလို​အတိုင်း အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သော​ငါ​တို့​၌ ပညတ်​တရား​၏​ပြဋ္ဌာန်း​ချက်​များ ပြည့်စုံ​စေရန်​ဖြစ်​၏။ 5သွေးသား​ဇာတိ​အလို​အတိုင်း အသက်ရှင်​သော​သူ​တို့​သည် သွေးသား​ဇာတိ​နှင့်ဆိုင်သော​အရာ​များ​ကို စွဲလမ်း​ကြ​၏။ ဝိညာဉ်​တော်​အလို​အတိုင်း အသက်ရှင်​သော​သူ​တို့​မူကား ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​များ​ကို စွဲလမ်း​ကြ​၏။ 6သွေးသား​ဇာတိ​နှင့်ဆိုင်သော​စိတ်သဘော​သည် သေ​ခြင်း​ဖြစ်​၏။ ဝိညာဉ်​တော်​နှင့်ဆိုင်သော​စိတ်သဘော​မူကား အသက်ရှင်​ခြင်း​နှင့်​ငြိမ်သက်​ခြင်း​ဖြစ်​၏။ 7အဘယ်ကြောင့်​ဆိုသော် သွေးသား​ဇာတိ​နှင့်ဆိုင်သော​စိတ်သဘော​သည် ဘုရားသခင်​နှင့် ရန်ဘက်​ဖြစ်​၏။ အကြောင်းမူကား ထို​စိတ်သဘော​သည် ဘုရားသခင်​၏​ပညတ်​တရား​ကို နာခံ​ခြင်း​မ​ရှိ။ အမှန်စင်စစ် နာခံ​၍​လည်း​မ​ရ​နိုင်။ 8ထို့ကြောင့် သွေးသား​ဇာတိ​အားဖြင့်​အသက်ရှင်​သော​သူ​တို့​သည် ဘုရားသခင်​ကို​မ​နှစ်သက်​စေ​နိုင်​ကြ။
9သို့သော် ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​လျှင် သင်​တို့​သည် သွေးသား​ဇာတိ​၌​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​၌​ရှိ​ကြ​၏။ ခရစ်တော်​၏​ဝိညာဉ်​တော်​ကို​မ​ရ​သော​သူ​သည် ခရစ်တော်​နှင့်​မ​ဆိုင်။ 10သို့ရာတွင် ခရစ်တော်​သည် သင်​တို့​အထဲ၌​ရှိ​တော်မူ​လျှင် ကိုယ်ခန္ဓာ​သည် အပြစ်​ကြောင့် သေ​နေ​သော်လည်း ဝိညာဉ်​သည် ဖြောင့်မတ်​ခြင်း​ကြောင့် အသက်ရှင်​လျက်​ရှိ​၏။ 11ထိုမျှမက ယေရှု​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​သော​ဘုရားရှင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​လျှင် ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ​ထမြောက်​စေ​တော်မူ​သော​ဘုရားရှင်​သည် သင်​တို့​အထဲ၌​တည်​နေ​သော မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သေ​တတ်​သော သင်​တို့​၏​ကိုယ်ခန္ဓာ​ကို​လည်း အသက်ရှင်​စေ​တော်မူ​လိမ့်မည်။
12သို့ဖြစ်၍ ညီအစ်ကို​တို့၊ ငါ​တို့​သည် သွေးသား​ဇာတိ​အလို​အတိုင်း​အသက်ရှင်​ရန် သွေးသား​ဇာတိ​အပေါ် တာဝန်​ရှိ​သည်​မ​ဟုတ်။ 13အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် သွေးသား​ဇာတိ​အလို​အတိုင်း​အသက်ရှင်​လျှင် သေ​ကြ​ရ​မည်။ သို့သော် ဝိညာဉ်​တော်​အားဖြင့် ကိုယ်ခန္ဓာ​၏​လုပ်ဆောင်​မှု​များ​ကို​သေ​စေ​လျှင် သင်​တို့​သည် အသက်ရှင်​ကြ​လိမ့်မည်။ 14အကြောင်းမူကား ဘုရားသခင်​၏​ဝိညာဉ်​တော်​ရှေ့ဆောင်​လမ်းပြ​မှု​ကို ခံယူ​သမျှ​သော​သူ​တို့​သည် ဘုရားသခင်​၏​သား​များ​ဖြစ်​ကြ​၏။ 15သင်​တို့​သည် ကြောက်ရွံ့​ခြင်း​သို့ တစ်ဖန်​ရောက်​စေ​သော ကျွန်​၏​ဝိညာဉ်​ကို​ခံယူ​ရရှိ​ကြ​သည်​မ​ဟုတ်​ဘဲ သားသမီး​အရာ​ကို​ပေး​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​၏။ ထို​ဝိညာဉ်​တော်​အားဖြင့် “အဗ္ဗ၊ အဖ”​ဟု ငါ​တို့​ခေါ်​ကြ​၏။ 16ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြောင်း​ကို ဝိညာဉ်​တော်​ကိုယ်တိုင် ငါ​တို့​၏​ဝိညာဉ်​နှင့်အတူ​သက်သေခံ​တော်မူ​၏။ 17ထိုသို့ သားသမီး​များ​ဖြစ်​ကြ​လျှင် အမွေခံ​များ​လည်း ဖြစ်​ကြ​၏။ ငါ​တို့​သည် ခရစ်တော်​နှင့်အတူ​ဘုန်း​တော်​ချီးမြှောက်​ခြင်း​ခံရ​ရန် ဒုက္ခ​ဆင်းရဲ​ခြင်း​ကို​လည်း ကိုယ်တော်​နှင့်အတူ​ခံရ​ကြ​လျှင် ဘုရားသခင်​၏​အမွေခံ​များ​ဖြစ်​ကြ​ပြီး ခရစ်တော်​နှင့်အတူ​အမွေ​ဆက်ခံ​သူ​များ​လည်း ဖြစ်​ကြ​၏။
အနာဂတ်ဘုန်းအသရေနှင့်မျှော်လင့်ခြင်း
18ယခု​မျက်မှောက်​ကာလ​၌ ခံရ​သော​ဒုက္ခ​ဝေဒနာ​များ​သည် ငါ​တို့​၌​ထင်ရှား​မည့်​ဘုန်း​အသရေ​နှင့်​နှိုင်း​လျှင် မ​ပြောပလောက်​ဟု ငါ​မှတ်ယူ​၏။ 19ဖန်ဆင်း​ခံ​လောက​သည် ဘုရားသခင့်​သား​များ​၏​ထင်ရှား​ခြင်း​ကို အလွန်​တောင့်တ​သော​စိတ်​ဖြင့် စောင့်မျှော်​လျက်​နေ​၏။ 20အဘယ်ကြောင့်​ဆိုသော် ဖန်ဆင်း​ခံ​လောက​သည် အချည်းနှီး​အဖြစ်​သို့​ချ​ထား​ခြင်း​ခံရ​သည်​မှာ မိမိ​ဆန္ဒ​အလျောက်​မ​ဟုတ်​ဘဲ ချ​ထား​တော်မူ​သော​အရှင်​ကြောင့်​သာ​ဖြစ်​ပြီး 21ဖန်ဆင်း​ခံ​လောက​ကိုယ်တိုင် ပျက်စီး​ခြင်း​၏​အနှောင်အဖွဲ့​မှ လွတ်မြောက်​၍ ဘုရားသခင့်​သားသမီး​များ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော လွတ်လပ်​ခြင်း​သို့​ဝင်စား​ခွင့်​ရ​မည်​ဟူသည့် မျှော်လင့်​ခြင်း​ရှိ​သောကြောင့်​ဖြစ်​၏။ 22ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​သည် ယခု​တိုင်အောင် အတူတကွ​ညည်းတွား​လျက် အတူတကွ​သားဖွား​ခြင်း​ဝေဒနာ​ကို​ခံစား​လျက်​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။ 23ထိုမျှမက ဝိညာဉ်​တော်​၏​အသီးဦး​ကို​ရရှိ​သော ငါ​တို့​ကိုယ်တိုင်​သည်​လည်း သားသမီး​အရာ​ကို​ရ​ခြင်း​တည်းဟူသော ငါ​တို့​၏​ကိုယ်ခန္ဓာ​ရွေးနုတ်​ခံရ​ခြင်း​ကို စောင့်မျှော်​လျက် စိတ်နှလုံး​ထဲ၌ ညည်းတွား​နေ​ကြ​၏။ 24ငါ​တို့​သည် ဤ​မျှော်လင့်​ခြင်း​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။ သို့သော် မြင်​နေ​ရ​သော​မျှော်လင့်​ခြင်း​သည် မျှော်လင့်​ခြင်း​မ​ဟုတ်။ အကြောင်းမှာ မည်သူ​သည် မြင်​နေ​သော​အရာ​ကို ဆက်၍​မျှော်လင့်​မည်နည်း။ 25မ​မြင်​သေး​သော​အရာ​ကို ငါ​တို့​မျှော်လင့်​ကြ​လျှင်​မူကား ထို​အရာ​ကို သည်းခံ​သော​စိတ်​နှင့်​စောင့်မျှော်​ကြ​၏။
26ထိုနည်းတူ ဝိညာဉ်​တော်​သည်​လည်း ငါ​တို့​၏​အားနည်း​ခြင်း​ကို ဖေးမ​ကူညီ​ပေး​တော်မူ​၏။ ငါ​တို့​သည် ဆုတောင်း​သင့်​သည့်​အတိုင်း မည်သို့​ဆုတောင်း​ရ​မည်​ကို မ​သိ​ကြ။ သို့သော် ဝိညာဉ်​တော်​ကိုယ်တော်​တိုင် စကား​ဖြင့်​ဖော်ပြ​၍​မ​ရ​နိုင်​သော ညည်းတွား​သံ​များ​ဖြင့် ငါ​တို့​အတွက် အသနားခံ​ပေး​တော်မူ​၏။ 27စိတ်နှလုံး​တို့​ကို​စူးစမ်း​တော်မူ​သော​အရှင်​သည်​လည်း ဝိညာဉ်​တော်​၏​စိတ်သဘော​ကို သိ​တော်မူ​၏။ အကြောင်းမူကား ဝိညာဉ်​တော်​သည် ဘုရားသခင်​၏​အလို​တော်​နှင့်အညီ သန့်ရှင်း​သူ​များ​အတွက် အသနားခံ​ပေး​တော်မူ​၏။
28ဘုရားသခင်​ကို​ချစ်​သော​သူ​များ​တည်းဟူသော အကြံအစည်​တော်​အတိုင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​များ​အတွက် ဘုရားသခင်​သည် ခပ်သိမ်း​သော​အမှုအရာ​တို့​ကို ပူးပေါင်း​လုပ်ဆောင်​စေ​၍ ကောင်းကျိုး​ဖြစ်​စေ​တော်မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ 29အကြောင်းမူကား ဘုရားသခင်​သည် သိ​ထား​နှင့်​တော်မူ​သော​သူ​တို့​ကို မိမိ​သား​တော်​၏​ပုံသဏ္ဌာန်​နှင့်​တူညီ​စေရန် ကြိုတင်​သတ်မှတ်​ထား​တော်မူ​၏။ ဤသည်ကား သား​တော်​သည် များစွာ​သော​ညီအစ်ကို​တို့​တွင် သားဦး​ဖြစ်​မည့်​အကြောင်း​တည်း။ 30ထိုသို့​ကြိုတင်​သတ်မှတ်​ထား​တော်မူ​သော​သူ​တို့​ကို ဘုရားသခင်​သည် ခေါ်ယူ​တော်မူ​ပြီး ခေါ်ယူ​တော်မူ​သော​သူ​တို့​ကို ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​၍ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​သော​သူ​တို့​ကို ချီးမြှောက်​တော်မူ​၏။
ယုံကြည်သူ၏အောင်မြင်ခြင်း
31သို့ဖြစ်လျှင် ဤ​အရာ​များ​ကို​ထောက်၍ မည်သို့​ဆို​ရ​မည်နည်း။ ဘုရားသခင်​သည် ငါ​တို့​ဘက်​၌​ရှိ​တော်မူ​လျှင် မည်သူ​သည် ငါ​တို့​ကို ဆန့်ကျင်​နိုင်​မည်နည်း။ 32မိမိ​သား​တော်​ရင်း​ကို​ပင် ချန်လှပ်​မ​ထား​ဘဲ ငါ​တို့​အားလုံး​အတွက် စွန့်​တော်မူ​သော​အရှင်​သည် သား​တော်​နှင့်တကွ အရာ​ခပ်သိမ်း​တို့​ကို​လည်း ငါ​တို့​အား​မ​ပေး​ဘဲ​နေ​တော်မူ​မည်လော။ 33မည်သူ​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​သူ​တို့​ကို ပြစ်တင်​စွဲဆို​မည်နည်း။ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။ 34မည်သူ​သည် ပြစ်ဒဏ်​စီရင်​မည်နည်း။ အသေခံ​တော်မူ​သည်​သာမက ထမြောက်​တော်မူ​သော ခရစ်တော်​ယေရှု​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌​နေ​၍ ငါ​တို့​အတွက် အသနားခံ​ပေး​တော်မူ​၏။ 35မည်သူ​သည် ငါ​တို့​ကို ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ကွဲကွာ​စေ​မည်နည်း။ ဆင်းရဲ​ဒုက္ခ၊ နာကျင်​ခြင်း​ဝေဒနာ၊ ညှဉ်းဆဲ​ခြင်း၊ ငတ်မွတ်​ခေါင်းပါး​ခြင်း၊ အဝတ်​အချည်းစည်း​ရှိ​ခြင်း၊ ဘေး​အန္တရာယ်​နှင့် ဓား​ဘေး​စသည်တို့​လော။ 36“အကျွန်ုပ်​တို့​သည် ကိုယ်တော်​အတွက် တစ်နေ့လုံး​သေ​ခြင်း​နှင့်​ရင်ဆိုင်​နေ​ကြ​ရ​ပါ​၏။ အကျွန်ုပ်​တို့​သည် သတ်​ရန်​လျာထား​သော​သိုး​များ​ကဲ့သို့ မှတ်ယူ​ခြင်း​ခံရ​ကြ​ပါ​၏”#ဆာ 44:22။​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။
37သို့သော် ငါ​တို့​သည် ငါ​တို့​ကို​ချစ်​တော်မူ​သော​အရှင်​အားဖြင့် ထို​အမှု​ခပ်သိမ်း​တို့​ကို​ခံရ​စဉ်​၌​ပင် လုံးလုံးလျားလျား​အောင်မြင်​လျက်​ရှိ​ကြ​၏။ 38အကြောင်းမူကား သေ​ခြင်း​ဖြစ်စေ၊ အသက်ရှင်​ခြင်း​ဖြစ်စေ၊ ကောင်းကင်​တမန်​များ​ဖြစ်စေ၊ အုပ်ချုပ်သူ​များ​ဖြစ်စေ၊ မျက်မှောက်​အရာ​များ​ဖြစ်စေ၊ နောင်​လာ​မည့်​အရာ​များ​ဖြစ်စေ၊ တန်ခိုး​များ​ဖြစ်စေ၊ 39အထက်​အရာ​ဖြစ်စေ၊ အောက်​အရာ​ဖြစ်စေ၊ ဖန်ဆင်း​တော်မူ​သော​အခြား​မည်သည့်​အရာ​ပင်​ဖြစ်စေ ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​၌​ရှိ​သော ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွဲကွာ​စေ​နိုင်​ဟု ငါ​သည် ယုံကြည်​စိတ်ချ​၏။

လက်ရှိရွေးချယ်ထားမှု

ရောမဩဝါဒစာ 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။