YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 1

1
သုတ္တံကျမ်း၏ရည်ရွယ်ချက်
1ဒါဝိဒ်​၏​သား​တော်​၊ အစ္စရေး​ဘုရင်​၊ ရှောလမုန်​၏​သုတ္တံ​စကား​များ​။
2ဤ​စကား​တို့​သည် ဉာဏ်ပညာ​နှင့်​ဆုံးမပဲ့ပြင်​ခြင်း​ကို သိရှိ​စေရန်​အတွက်​လည်းကောင်း​၊
အသိဉာဏ်​နှင့်ဆိုင်သော​စကား​တို့​ကို
နားလည်​စေရန်​အတွက်​လည်းကောင်း​၊
3ပညာသတိ​နှင့်ဆိုင်သော​ဆုံးမပဲ့ပြင်​ခြင်း​၊ ဖြောင့်မတ်​ခြင်း​၊ တရားမျှတ​ခြင်း​နှင့်
သမာသမတ်​ရှိ​ခြင်း​ကို ရရှိ​စေရန်​အတွက်​လည်းကောင်း​၊
4အသိဉာဏ်​နည်းပါး​သော​သူ​တို့​အား
ဆင်ခြင်ဉာဏ်​ကို​ပေး​၍
လူငယ်​တို့​အား အသိပညာ​နှင့်​အလိမ္မာဉာဏ်​ကို
ပေး​ရန်​အတွက်​လည်းကောင်း ဖြစ်​ကြ​၏​။
5ပညာရှိ​သော​သူ​သည် နားထောင်​၍
ပညာ​တိုးပွား​ပါစေ​။
အသိဉာဏ်​ရှိ​သော​သူ​သည်​လည်း
လမ်းညွှန်​မှု​များ​ရရှိ​ပါစေ​။
6ဤသည်ကား သုတ္တံ​စကား​၊ ဥပစာ​စကား​မှစ၍
ပညာရှိ​တို့​၏​စကား​များ​နှင့် သူ​တို့​၏​ပဟေဠိ​များ​ကို
နားလည်​စေရန်​အတွက်​ဖြစ်​၏​။
7ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည်
အသိပညာ​၏​အရင်းအမြစ်​ဖြစ်​၏​။
ဆိုးမိုက်​သော​သူ​တို့​သည်
ဉာဏ်ပညာ​နှင့် ဆုံးမပဲ့ပြင်​ခြင်း​ကို မထီမဲ့မြင်ပြု​တတ်​ကြ​၏​။
မကောင်းသောလမ်းကို ရှောင်ကြဉ်ခြင်း
8ငါ့​သား​၊ သင့်​ဖခင်​၏​ဆုံးမပဲ့ပြင်​ခြင်း​ကို နားထောင်​လော့​။
သင့်​မိခင်​၏​သွန်သင်ချက်​ကို​လည်း မ​ပစ်ပယ်​နှင့်​။
9အကြောင်းမူကား ထို​အရာ​တို့​သည်
သင်​၏​ဦးခေါင်း​အတွက် တင့်တယ်​သော​ပန်းဦးရစ်​၊ သင်​၏​လည်ပင်း​အတွက် လည်ဆွဲ​ဖြစ်​ကြ​လိမ့်မည်​။
10ငါ့​သား​၊ အပြစ်သား​တို့​သည် သင့်​ကို​သွေးဆောင်​လျှင်
မ​လိုက်လျော​နှင့်​။
11အကယ်၍ သူ​တို့​က “​ငါ​တို့​နှင့်အတူ​လိုက်​ခဲ့​လော့​။
တစ်စုံတစ်ယောက်​ကို​သတ်ဖြတ်​ရန် ငါ​တို့​ချောင်းမြောင်း​ကြ​စို့​။
အကြောင်းမရှိ​ဘဲ အပြစ်ကင်း​သော​သူ​ကို ပုန်းအောင်း​တိုက်ခိုက်​ကြ​စို့​။
12မရဏာနိုင်ငံ​ကဲ့သို့ သူ​တို့​ကို အရှင်လတ်လတ်​ဝါးမျို​လျက်
သေတွင်း​ထဲသို့ တစ်ကိုယ်လုံး​ဆင်းသွား​ရ​သူ​များ​ကဲ့သို့ ဖြစ်​စေ​ကြ​စို့​။
13ငါ​တို့​သည် အဖိုးတန်​သော​စည်းစိမ်ဥစ္စာ​မျိုးစုံ​ကို တွေ့ရှိ​၍
လုယက်ပစ္စည်း​များ​ဖြင့် ငါ​တို့​အိမ်​ကို​ပြည့်​စေ​ကြ​မည်​။
14ငါ​တို့​နှင့် ဆိုးတူကောင်းဖက်​ပူးပေါင်း​လော့​။
ငါ​တို့​အားလုံး ပိုက်ဆံအိတ်​တစ်အိတ်တည်း​ထဲမှ ဝေမျှ​သုံးစွဲ​ကြ​စို့​”​ဟု ဆို​လျှင်လည်း
15ငါ့​သား​၊ သူ​တို့​နှင့်အတူ ထို​လမ်း​ကို​မ​လိုက်​နှင့်​။
သူ​တို့​သွား​ရာ​လမ်း​သို့​မ​လိုက်​မိ​စေရန် သင်​၏​ခြေ​ကို​ထိန်းချုပ်​လော့​။
16အကြောင်းမူကား သူ​တို့​၏​ခြေ​သည် မကောင်းမှု​ပြု​ရာ​သို့​ပြေးသွား​၍
သူ​တို့​သည် လူ​ကို​သတ်ဖြတ်​ရန် လျင်မြန်​ကြ​၏​။#ရော 3:15။
17အမှန်စင်စစ် မည်သည့်​ကျေးငှက်​၏​မျက်စိ​ရှေ့​၌​မဆို
ပိုက်ကွန်​ကို​ထောင်​လျှင် အလဟဿ​ဖြစ်​၏​။
18ထို​သူ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​သတ်ဖြတ်​ရန် ချောင်းမြောင်း​၍
ကိုယ့်​အသက်​ကို​ကိုယ် ပုန်းအောင်း​တိုက်ခိုက်​နေ​ကြ​ခြင်း​သာ​ဖြစ်​၏​။
19မတရား​သော​အကျိုး​စီးပွား​ကို တပ်မက်​သော​သူ​တိုင်း​၏​လမ်း​တို့​သည် ထိုကဲ့သို့​ဖြစ်​ကြ​၏​။
ထိုသို့သော​အကျိုးစီးပွား​သည် ၎င်း​ကို​ပိုင်ဆိုင်​သော​သူ​တို့​၏​အသက်​ကို နုတ်ယူ​တတ်​၏​။
ဉာဏ်ပညာ၏ကြွေးကြော်သံ
20ဉာဏ်ပညာ​သည် လမ်း​ပေါ်၌​ကြွေးကြော်​၍
လမ်းဆုံ​များ​၌ မိမိ​အသံ​ကို​လွှင့်​တတ်​၏​။
21ဆူညံ​သော​လမ်း​ထိပ်​မှ ဟစ်ခေါ်​၍
မြို့​တံခါး​အဝင်ဝ​တို့​၌​မြွက်ဆို​သော​စကား​ဟူမူကား
22“​အသိဉာဏ်​နည်းပါး​သော​သူ​တို့​သည် အသိဉာဏ်​နည်းပါး​ခြင်း​ကို​နှစ်သက်​လျက်​၊
ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​သည် မိမိ​တို့​၏​ပြက်ရယ်​ပြု​ခြင်း​၌​မွေ့လျော်​လျက်​၊
မိုက်မဲ​သော​သူ​တို့​သည် အသိပညာ​ကို​မုန်းတီး​လျက်
မည်မျှ​ကြာ​အောင်​နေ​ကြ​ဦး​မည်နည်း​။
23ငါ​ဆိုဆုံးမ​သော​စကား​ကို လိုက်နာ​ကြ​လော့​။
ကြည့်ရှု​လော့​။ ငါ​သည် ငါ​၏​ဝိညာဉ်​ကို သင်​တို့​အပေါ်​သို့​သွန်းလောင်း​မည်​။
ငါ​၏​စကား​များ​ကို သင်​တို့​အား သိ​စေ​မည်​။
24သို့သော် ငါ​ခေါ်​သောအခါ သင်​တို့​သည် ငြင်းပယ်​ကြ​၏​။
ငါ့​လက်​ကို​ဆန့်တန်း​သောအခါ မည်သူမျှ အလေး​မ​ထား​ကြ​။
25သင်​တို့​သည် ငါ​ပေး​သော​အကြံဉာဏ်​အားလုံး​ကို လျစ်လျူရှု​ကြ​ပြီး
ငါ​၏​ဆိုဆုံးမ​ခြင်း​ကို​လည်း အလို​မ​ရှိ​ကြ​။
26ထို့ကြောင့် သင်​တို့​ဘေးဒုက္ခ​ရောက်​သောအခါ ငါ​ရယ်မော​မည်​။
ကြောက်မက်ဖွယ်ဘေး​သည် သင်​တို့​ထံသို့​ရောက်​သောအခါ ငါ​ပြက်ရယ်ပြု​မည်​။
27ကြောက်မက်ဖွယ်ဘေး​သည် လေပြင်းမုန်တိုင်း​ကဲ့သို့
သင်​တို့​အပေါ်​သက်ရောက်​သောအခါ​၌​လည်းကောင်း​၊
ဘေးဒုက္ခ​သည် လေပွေ​ကဲ့သို့ သင်​တို့​ထံ​ရောက်လာ​သောအခါ​၌​လည်းကောင်း​၊
ဆင်းရဲဒုက္ခ​နှင့်​ဘေးဥပဒ်​သည် သင်​တို့​အပေါ်​သက်ရောက်​သောအခါ​၌​လည်းကောင်း
28သူ​တို့​သည် ငါ့​ကို​ခေါ်​ကြ​လိမ့်မည်​။ သို့သော် ငါ​သည် ထူး​မည်​မ​ဟုတ်​။
သူ​တို့​သည် ငါ့​ကို​ကြိုးစား​၍​ရှာ​ကြ​လိမ့်မည်​။ သို့သော် ငါ့​ကို​တွေ့​ရ​ကြ​မည်​မ​ဟုတ်​။
29အကြောင်းမူကား သူ​တို့​သည် အသိပညာ​ကို​မုန်း​၍
ထာဝရဘုရား​အား ကြောက်ရွံ့​ခြင်း​ကို မ​ရွေးချယ်​ကြ​။
30ငါ​၏​အကြံဉာဏ်​ကို​အလို​မ​ရှိ​ကြ​။
ငါ​၏​ဆိုဆုံးမစကား​အားလုံး​ကို​လည်း မထီလေးစား​ပြု​ခဲ့​ကြ​၏​။
31ထို့ကြောင့် သူ​တို့​သည် မိမိ​တို့​ပြုမူကျင့်ကြံ​သော​အမှုအရာ​၏​အသီး​ကို​စား​၍
မိမိ​တို့​၏​အကျင့်အကြံ​များ​နှင့် ဝအီ​ကြ​လိမ့်မည်​။
32အကြောင်းမူကား အသိဉာဏ်​နည်းပါး​သော​သူ​တို့​သည်
မိမိ​၏​လမ်းလွဲဖောက်ပြန်မှု​ကြောင့် သေ​ကြ​ရ​၏​။
မိုက်မဲ​သော​သူ​တို့​သည်​လည်း
မိမိကိုယ်မိမိ​အားရကျေနပ်မှု​ကြောင့် ပျက်စီး​ကြ​ရ​၏​။
33သို့သော် ငါ့​စကား​ကို​နားထောင်​သော​သူ​သည် ဘေးကင်းလုံခြုံ​စွာ​နေ​ရ​၍
ဘေးအန္တရာယ်​ကို မ​ကြောက်​ဘဲ အေးချမ်း​စွာ​နေ​ရ​လိမ့်မည်​။​”

လက်ရှိရွေးချယ်ထားမှု

သုတ္တံကျမ်း 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။