YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 1

1
မေရှိယ၏ရှေ့တော်ပြေး
1ဘုရားသခင်​၏​သား​တော် ယေရှု​ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​အစ​မှာ ဤသို့​ဖြစ်​၏။ 2“ကြည့်ရှု​လော့။ သင်​၏​လမ်း​ကို​ပြင်ဆင်​မည့် ငါ​၏​စေတမန်​ကို သင့်​ထက်​အလျင် ဦးစွာ​ငါ​စေလွှတ်​မည်။”#မ 11:10၊ လု 7:27၊ မာလ 3:1။ 3“တော​ကန္တာရ​၌ ဟစ်ကြော်​သော​အသံ​မှာ ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ပြင်ဆင်​ကြ​လော့။ ကိုယ်တော်​၏​လမ်းကြောင်း​များ​ကို ဖြောင့်တန်း​စေ​ကြ​လော့”#မ 3:3၊ လု 3:4၊ ယော 1:23၊ ဟေရှာ 40:3။​ဟု ပရောဖက်​ဟေရှာယ​၏​ကျမ်း​တွင် ရေး​ထား​သည်​နှင့်အညီ 4ယောဟန်​သည်​ပေါ်ထွန်း​လာ​၍ တော​ကန္တာရ​၌ ဗတ္တိဇံ​ပေး​ကာ အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​တရား​ကို ဟောပြော​လေ​၏။ 5ထိုအခါ ယုဒ​နယ်​တစ်​နယ်​လုံး​မှ​လူ​များ​နှင့် ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် ယောဟန်​ထံသို့​သွား​၍ မိမိ​တို့​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် ဂျော်ဒန်​မြစ်​တွင် သူ့​ထံ၌​ဗတ္တိဇံ​ခံ​ကြ​၏။ 6ယောဟန်​သည် ကုလားအုတ်​အမွေး​ဖြင့်​လုပ်​ထား​သော​အဝတ်​ကို​ဝတ်​၍ ခါး​၌​သားရေ​ခါးပန်း​ကို​စည်း​ကာ ကျိုင်းကောင်​နှင့်​တော​ပျားရည်​တို့​ကို​စား​လျက်​နေ​၏။ 7ယောဟန်​က “ငါ့​ထက်​ကြီးမြတ်​သော​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​မည်။ ထို​အရှင်​၏​ခြေနင်း​တော်​ကြိုး​ကို ငုံ့​၍​ဖြေ​ပေး​ရန်​ပင် ငါ​သည်​မ​ထိုက်တန်။ 8ငါ​သည် သင်​တို့​ကို ရေ​၌​ဗတ္တိဇံ​ပေး​သော်လည်း ထို​အရှင်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ သင်​တို့​ကို​ဗတ္တိဇံ​ပေး​တော်မူ​လိမ့်မည်”​ဟု ဟောပြော​လေ​၏။
ယေရှုဗတ္တိဇံခံတော်မူခြင်း
9ထို​နေ့ရက်​ကာလ​၌ ယေရှု​သည် ဂါလိလဲ​နယ်၊ နာဇရက်​မြို့​မှ​ကြွလာ​၍ ဂျော်ဒန်​မြစ်​တွင် ယောဟန်​ထံ၌ ဗတ္တိဇံ​ခံ​တော်မူ​၏။ 10ထို့နောက် ရေ​ထဲမှ​ထွက်​လာ​သည်​နှင့် ကောင်းကင်​သည်​ပွင့်​၍ ဝိညာဉ်​တော်​သည် ချိုးငှက်​ကဲ့သို့ မိမိ​အပေါ်သို့​ဆင်းသက်​သည်​ကို​မြင်​တော်မူ​၏။ 11ကောင်းကင်​မှ​လည်း “သင်​သည် ငါ​၏​ချစ်​သား​ပေတည်း။ သင့်​ကို​ငါ​နှစ်သက်​၏”​ဟု အသံ​တော်​ထွက်ပေါ်​လာ​၏။#မ 3:17၊ လု 3:22၊ 9:34-35၊ ဆာ 2:7။
ဖြားယောင်းသွေးဆောင်ခြင်းကိုခံတော်မူခြင်း
12ထို့နောက် ဝိညာဉ်​တော်​သည် ကိုယ်တော်​ကို တော​ကန္တာရ​သို့ ချက်ချင်း​ထုတ်ဆောင်​တော်မူ​၏။ 13ထိုအခါ ကိုယ်တော်​သည် တော​ကန္တာရ​၌ ရက်​ပေါင်း​လေးဆယ်​နေ​လျက် စာတန်​၏​ဖြားယောင်း​သွေးဆောင်​ခြင်း​ကို​ခံ​တော်မူ​၏။ သားရဲ​တိရစ္ဆာန်​များ​နှင့်အတူ​ရှိ​တော်မူ​၍ ကောင်းကင်တမန်​များ​သည် ကိုယ်တော်​ကို​ပြုစု​ကြ​၏။
ဂါလိလဲနယ်၌အမှုတော်ဆောင်ခြင်း
14ယောဟန်​အကျဉ်းချ​ခံရ​ပြီးနောက် ယေရှု​သည် ဂါလိလဲ​နယ်​သို့​ကြွ​တော်မူ​၍ ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို ဟောပြော​လျက် 15“အချိန်​ပြည့်စုံ​ပြီ။ ဘုရားသခင်​၏​နိုင်ငံ​တော်​လည်း ပေါ်ထွန်း​လုနီး​ပြီ။ နောင်တရ​၍ ကောင်းမြတ်​သော​သတင်း​ကို ယုံကြည်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။
ပထမဦးဆုံးတပည့်တော်များ
16ဂါလိလဲ​ပင်လယ်​ကမ်းနား​တွင် ကြွ​တော်မူ​စဉ် တံငါသည်​များ​ဖြစ်​ကြ​သော ရှိမုန်​နှင့်​သူ​၏​ညီ​အန္ဒြေ​တို့​သည် ပင်လယ်​ထဲတွင် ပိုက်ကွန်​ချ​နေ​ကြ​သည်​ကို မြင်​တော်မူ​၏။ 17ယေရှု​က“ငါ့​နောက်​သို့​လိုက်​ကြ​လော့။ သင်​တို့​အား လူ​ကို​ဖမ်း​သော​တံငါသည်​ဖြစ်​စေ​မည်”​ဟု သူ​တို့​အား မိန့်​တော်မူ​လျှင် 18သူ​တို့​သည် ချက်ချင်း​ပင် ပိုက်ကွန်​များ​ကို​ထားခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။
19တစ်ဖန် အနည်းငယ်​ဆက်၍​ကြွ​တော်မူ​ရာ ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​သူ​၏​ညီ​ယောဟန်​တို့​ကို မြင်​တော်မူ​၏။ သူ​တို့​သည် လှေ​ထဲ၌ ပိုက်ကွန်​များ​ကို​ဖာထေး​နေ​ကြ​၏။ 20ကိုယ်တော်​သည် သူ​တို့​ကို​ချက်ချင်း​ခေါ်​တော်မူ​လျှင် သူ​တို့​သည် မိမိ​တို့​ဖခင်​ဇေဗေဒဲ​ကို လူငှား​တို့​နှင့်အတူ လှေ​ထဲ၌​ထားခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။
ညစ်ညူးသောနတ်ကိုနှင်ထုတ်တော်မူခြင်း
21ထို့နောက် သူ​တို့​သည် ကပေရနောင်​မြို့​သို့​ဝင်​ကြ​၏။ ဥပုသ်နေ့​ရောက်​သည်​နှင့် ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ သွန်သင်​တော်မူ​၏။ 22ထိုအခါ လူ​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့သြ​ချီးမွမ်း​ကြ​၏။ အကြောင်းမူကား ကိုယ်တော်​သည် ကျမ်းပြု​ဆရာ​များ​ကဲ့သို့​မ​ဟုတ်​ဘဲ အခွင့်​အာဏာ​ရှိ​သော​သူ​ကဲ့သို့ သူ​တို့​ကို​သွန်သင်​တော်မူ​၏။ 23ထို​အချိန်​၌​ပင် သူ​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် ညစ်ညူး​သော​နတ်​ပူး​နေ​သူ​တစ်​ဦး​ရှိ​၏။ 24ထို​သူ​က “နာဇရက်​မြို့သား​ယေရှု၊ ကိုယ်တော်​နှင့်​အကျွန်ုပ်​တို့ မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​တို့​ကို​ဖျက်ဆီး​ရန် ကြွလာ​တော်မူ​သလော။ ကိုယ်တော်​မည်သူ​ဖြစ်​သည်​ကို အကျွန်ုပ်​သိ​ပါ​၏။ ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်း​သူ​ဖြစ်​ပါ​၏”​ဟု အော်ဟစ်​ပြောဆို​လေ​၏။ 25ယေရှု​က​လည်း ထို​နတ်​ကို​ဆုံးမ​လျက်“တိတ်ဆိတ်​၍ သူ့​အထဲမှ​ထွက်သွား​လော့”​ဟု မိန့်​တော်မူ​၏။ 26ထိုအခါ ညစ်ညူး​သော​နတ်​သည် ထို​သူ​ကို​တက်​စေ​ပြီးလျှင် ကျယ်လောင်​သော​အသံ​ဖြင့်​အော်ဟစ်​လျက် သူ့​အထဲမှ​ထွက်သွား​လေ​၏။
27လူ​အပေါင်း​တို့​သည် အံ့အားသင့်​လျက် “ဤ​အရာ​ကား မည်သို့​နည်း။ အခွင့်​အာဏာ​ပါ​သည့် သွန်သင်​ချက်​အသစ်​ပါ​တကား။ ညစ်ညူး​သော​နတ်​များ​ကို​ပင် အမိန့်​ပေး​လေ​ရာ ၎င်း​တို့​သည် ကိုယ်တော်​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ဆွေးနွေး​ပြောဆို​ကြ​၏။ 28ဤသို့ဖြင့် ကိုယ်တော်​၏​သတင်း​သည် ဂါလိလဲ​နယ်​ဝန်းကျင်​တစ်ခုလုံး​သို့ ချက်ချင်း​ပျံ့နှံ့​သွား​လေ​၏။
လူနာများစွာကိုကျန်းမာစေတော်မူခြင်း
29ထို့နောက် သူ​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ​ထွက်ခွာ​၍ ယာကုပ်၊ ယောဟန်​တို့​နှင့်အတူ ရှိမုန်​နှင့်​အန္ဒြေ​တို့​အိမ်​သို့ ချက်ချင်း​သွား​ကြ​၏။ 30ရှိမုန်​၏​ယောက္ခမ​သည် ဖျားနာ​လျက် လဲလျောင်း​နေ​သဖြင့် လူ​တို့​သည် သူ့​အကြောင်း​ကို ကိုယ်တော်​အား မဆိုင်းမတွ​လျှောက်ထား​ကြ​၏။ 31ကိုယ်တော်​သည်​ချဉ်းကပ်​၍ ထို​အမျိုးသမီး​၏​လက်​ကို​ကိုင်​လျက် ထူမ​တော်မူ​ရာ သူ​သည်​အဖျား​ပျောက်​သဖြင့် သူ​တို့​ကို​ဧည့်ဝတ်​ပြု​လေ​၏။
32ညနေချမ်း​အချိန်​ရောက်​ပြီး နေ​ဝင်​သောအခါ လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​များ​နှင့် နတ်ဆိုး​ပူး​သူ​ရှိသမျှ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ 33တစ်မြို့လုံး​သည် အိမ်​တံခါးဝ​တွင် စုဝေး​လာ​ကြ​၏။ 34ထိုအခါ ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ နာမကျန်း​ဖြစ်​သူ​များစွာ​တို့​ကို ကိုယ်တော်​သည်​ကျန်းမာ​စေ​တော်မူ​ပြီး နတ်ဆိုး​များစွာ​တို့​ကို နှင်ထုတ်​တော်မူ​၏။ နတ်ဆိုး​တို့​သည် ကိုယ်တော်​ကို​သိ​ကြ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​အား​စကားပြော​ခွင့်​ပေး​တော်​မ​မူ။
ဂါလိလဲနယ်၌ ဟောပြောသွန်သင်တော်မူခြင်း
35နံနက်​စောစော​မိုး​မ​လင်း​မီ ကိုယ်တော်​သည်​ထ​၍ လူသူ​ကင်းဝေး​ရာ​အရပ်​သို့ ထွက်ခွာ​သွား​ပြီးလျှင် ထို​အရပ်​၌ ဆုတောင်း​တော်မူ​၏။ 36ထိုအခါ ရှိမုန်​နှင့်​သူ​၏​အပေါင်းအဖော်​တို့​သည် ကိုယ်တော်​ကို​လိုက်ရှာ​၍ 37ကိုယ်တော်​ကို​တွေ့​လျှင် “လူ​အားလုံး​သည် ကိုယ်တော်​ကို လိုက်ရှာ​နေ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။ 38ကိုယ်တော်​က​လည်း“အနီးအနား​ရှိ အခြား​သော​မြို့​ရွာ​များ​တွင်​လည်း ငါ​ဟောပြော​နိုင်​ရန် ထို​မြို့​ရွာ​များ​သို့ ငါ​တို့​သွား​ကြ​စို့။ အကြောင်းမူကား ငါ​သည် ဤ​အတွက်​လာ​၏”​ဟု မိန့်​တော်မူ​၏။ 39ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်​တစ်ဝန်းလုံး​သို့​ကြွ​တော်မူ​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ဟောပြော​လျက် နတ်ဆိုး​များ​ကို နှင်ထုတ်​တော်မူ​၏။
အနာကြီးရောဂါသည်ကိုစင်ကြယ်စေတော်မူခြင်း
40အနာကြီး​ရောဂါသည်​တစ်​ဦး​သည် အထံ​တော်​သို့​လာ​၍ ဒူးထောက်​လျက် “ကိုယ်တော်​အလိုရှိ​လျှင် အကျွန်ုပ်​ကို စင်ကြယ်​စေ​နိုင်​ပါ​သည်”​ဟု တောင်းပန်​လျှောက်ထား​လေ​၏။ 41ကိုယ်တော်​သည် ကြင်နာ​စိတ်​ရှိ​တော်မူ​သဖြင့် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့ထိ​ကာ“ငါ​အလိုရှိ​၏။ စင်ကြယ်​ခြင်း​သို့​ရောက်​စေ”​ဟု မိန့်​တော်မူ​၏။ 42ထို​ခဏချင်း​တွင် သူ​၏​အနာကြီး​ရောဂါ​သည် ပျောက်ကင်း​သွား​၍ သူ​သည် စင်ကြယ်​ခြင်း​သို့​ရောက်​လေ​၏။ 43-44ကိုယ်တော်​က​လည်း“မည်သူ့​ကို​မ​ဆို မည်သည့်​အရာ​မျှ​မ​ပြော​ရန် သတိပြု​လော့။ ယဇ်ပုရောဟိတ်​ထံသို့​သာ​သွား​၍ သင့်ကိုယ်သင်​ပြ​ပြီးလျှင် လူ​တို့​ရှေ့​၌ သက်သေ​ဖြစ်​စေရန် မောရှေ​ပညတ်​ခဲ့​သည့်​အတိုင်း သင်​၏​စင်ကြယ်​ခြင်း​ဝတ်​အတွက် ပူဇော်သက္ကာ​ကို ဆက်သ​လော့”​ဟု တင်းကျပ်​စွာ​မှာကြား​လျက် သူ့​ကို​ချက်ချင်း​ပြန်သွား​စေ​တော်မူ​၏။ 45သို့သော် ထို​သူ​သည် ထွက်သွား​၍ ထို​သတင်း​ကို အားပါးတရ​ပြောကြား​ပြီး ပျံ့နှံ့​စေ​သဖြင့် ကိုယ်တော်​သည် မြို့​ထဲသို့ ထင်ရှား​စွာ​မ​ဝင်​နိုင်​တော့​ဘဲ မြို့​ပြင်​လူသူ​ကင်းဝေး​ရာ​အရပ်​၌ နေ​တော်မူ​၏။ ထိုအခါ အရပ်ရပ်​မှ​လူ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မာကုခရစ်ဝင် 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။