YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 16

16
နိမိတ်လက္ခဏာကိုတောင်းဆိုကြခြင်း
1ထိုအခါ ဖာရိရှဲ​နှင့် ဇဒ္ဒုကဲ​တို့​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ချဉ်းကပ်​လာ​၍ ကောင်းကင်​မှ​နိမိတ်​လက္ခဏာ​ကို ပြ​ပေး​ပါ​ရန် တောင်းဆို​ကြ​၏။ 2ကိုယ်တော်​က​လည်း“[သင်​တို့​သည် ညနေချမ်း​အချိန်​ရောက်​သောအခါ ‘မိုး​ကောင်းကင်​နီရဲ​သည်​ဖြစ်၍ ရာသီဥတု​သာယာ​လိမ့်မည်’​ဟု ဆို​တတ်​ကြ​၏။ 3နံနက်​စောစော​အချိန်​တွင်​လည်း ‘မိုး​ကောင်းကင်​အုံ့မှိုင်း​လျက်​နီရဲ​သည်​ဖြစ်၍ ယနေ့​မုန်တိုင်း​လာ​လိမ့်မည်’​ဟု ဆို​တတ်​ကြ​၏။ သင်​တို့​သည်​မိုး​ကောင်းကင်​၏​အသွင်အပြင်​ကို ပိုင်းခြား​၍​သိ​ကြ​သော်လည်း အချိန်​ကာလ​များ​၏​နိမိတ်​လက္ခဏာ​များ​ကို​မူ ပိုင်းခြား​၍​မ​သိ​နိုင်​ကြ။] 4ဆိုးညစ်​၍ ဖောက်ပြန်​သော​မျိုးဆက်​သည် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သော်လည်း ယောန​၏​နိမိတ်​လက္ခဏာ​မှတစ်ပါး မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ ပြ​လိမ့်မည်​မ​ဟုတ်”​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင် သူ​တို့​ထံမှ ထွက်ခွာ​သွား​တော်မူ​၏။
ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏တဆေး
5တပည့်​တော်​တို့​သည် တစ်ဖက်ကမ်း​သို့​လာ​ကြ​သောအခါ မုန့်​ကို​ယူဆောင်​လာ​ရန် မေ့လျော့​ကြ​၏။ 6ထိုအခါ ယေရှု​က“ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​၏​တဆေး​ကို အထူး​သတိထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ 7တပည့်​တော်​တို့​က​လည်း “ငါ​တို့​မုန့်​မ​ယူဆောင်​ခဲ့​သောကြောင့်​ဖြစ်​သည်”​ဟု အချင်းချင်း​အချေအတင်​ပြောဆို​ကြ​၏။
8ထိုသို့​ပြောဆို​ကြ​သည်​ကို ယေရှု​သိ​တော်မူ​လျှင်“ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ သင်​တို့​၌​မုန့်​မ​ပါ​ကြောင်း​ကို အဘယ်ကြောင့် အချင်းချင်း​အချေအတင်​ပြောဆို​ကြ​သနည်း။ 9သင်​တို့​နား​မ​လည်​ကြ​သေး​သလော။ မုန့်​ငါး​လုံး​ကို လူ​ငါးထောင်​စား​၍ ဘယ်နှ​တောင်း​ကောက်​သိမ်း​ခဲ့​ရ​သည်​ကို​လည်းကောင်း၊ 10မုန့်​ခုနစ်​လုံး​ကို လူ​လေးထောင်​စား​၍ ဘယ်နှ​တောင်း​ကောက်​သိမ်း​ခဲ့​ရ​သည်​ကို​လည်းကောင်း မ​မှတ်မိ​ကြ​သလော။ 11မုန့်​နှင့်​ပတ်သက်၍ သင်​တို့​အား ငါ​ပြော​သည်​မ​ဟုတ်​ကြောင်း​ကို အဘယ်ကြောင့် သင်​တို့​နား​မ​လည်​ကြ​သနည်း။ ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​၏​တဆေး​ကို​မူကား သတိထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ 12ထိုအခါ တပည့်​တော်​တို့​သည် ကိုယ်တော်​က မုန့်​၏​တဆေး​ကို​သတိထား​ရန် မိန့်​တော်မူ​သည်​မ​ဟုတ်​ဘဲ ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​၏​သွန်သင်​ချက်​တို့​ကို​သတိထား​ရန် မိန့်​တော်မူ​ကြောင်း နားလည်​ကြ​၏။
ယေရှုသည်ခရစ်တော်ဖြစ်ကြောင်း ပေတရုဝန်ခံခြင်း
13ထို့နောက် ယေရှု​သည် ဆီဇာရီးယား​ဖိလိပ္ပိ​နယ်မြေ​ဒေသ​များ​သို့ ရောက်​တော်မူ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​အား“လူ​တို့​သည် လူ့သား​ကို မည်သူ​ဖြစ်​သည်​ဟု ဆို​ကြ​သနည်း”​ဟူ၍ မေး​တော်မူ​၏။ 14တပည့်​တော်​တို့​က​လည်း “အချို့​တို့​က ဗတ္တိဇံ​ဆရာ​ယောဟန်​ဟု​ဆို​ကြ​၍ အချို့​တို့​က ဧလိယ​ဟု​ဆို​ကြ​ပါ​သည်။ အချို့​တို့​က​လည်း ယေရမိ​၊ သို့မဟုတ် ပရောဖက်​များ​ထဲမှ တစ်ပါးပါး​ဖြစ်​သည်​ဟု​ဆို​ကြ​ပါ​သည်”​ဟူ၍ လျှောက်​ကြ​၏။ 15ယေရှု​က“သင်​တို့​မူကား ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း”​ဟူ၍ မေး​တော်မူ​လျှင် 16ရှိမုန်​ပေတရု​က “ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​သား​တော်​တည်းဟူသော ခရစ်တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။ 17ထိုအခါ ယေရှု​က“ဗာယောန​ရှိမုန်၊ သင်​သည် မင်္ဂလာရှိ​၏။ အကြောင်းမူကား ဤ​အရာ​ကို အသွေး​အသား​က သင့်​အား ဖွင့်ပြ​သည်​မ​ဟုတ်​ဘဲ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​က ဖွင့်ပြ​တော်မူ​၏။ 18သင့်​အား ငါ​ဆို​သည်​ကား သင်​သည် ပေတရု​ဖြစ်​၏။ ဤ​ကျောက်​ပေါ်၌ ငါ​၏​အသင်းတော်​ကို ငါ​တည်ဆောက်​မည်။ မရဏာ​နိုင်ငံ​၏​တံခါး​တို့​သည်​လည်း ထို​အသင်းတော်​ကို အနိုင်ရ​ကြ​မည်​မ​ဟုတ်။ 19ကောင်းကင်​နိုင်ငံ​တော်​၏​သော့​များ​ကို သင့်​အား ငါ​ပေး​မည်။ မြေကြီး​ပေါ်၌ သင်​ချည်နှောင်​သမျှ​သည် ကောင်းကင်​ဘုံ​၌ ချည်နှောင်​ခြင်း​ခံရ​လျက်​ရှိ​လိမ့်မည်။ မြေကြီး​ပေါ်၌ သင်​ဖြေလွှတ်​သမျှ​သည်​လည်း ကောင်းကင်​ဘုံ​၌ ဖြေလွှတ်​ခြင်း​ခံရ​လျက်​ရှိ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ 20ထို့နောက် ကိုယ်တော်​က မိမိ​သည်​ခရစ်တော်​ဖြစ်​ကြောင်း မည်သူ့​ကို​မျှ​မ​ပြော​ရန် တပည့်​တော်​တို့​အား မိန့်မှာ​တော်မူ​၏။
မိမိအသေခံ၍ထမြောက်မည့်အကြောင်း ကြိုတင်မိန့်တော်မူခြင်း
21ထို​အချိန်​မှစ၍ ယေရှု​က မိမိ​သည် ဂျေရုဆလင်​မြို့​သို့​သွား​၍ သက်ကြီးဝါကြီး​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​၏​လက်​၌ ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​ပြီး အသေ​သတ်​ခြင်း​ခံရ​ကာ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​ရ​မည်​ဖြစ်ကြောင်း​ကို တပည့်​တော်​တို့​အား စတင်​ဖော်ပြ​တော်မူ​၏။
22ထိုအခါ ပေတရု​သည် ကိုယ်တော်​ကို ဘေးဘက်​သို့​ခေါ်​၍ ပြစ်တင်​ပြောဆို​ကာ “သခင်​ဘုရား၊ ဤ​အမှု​သည် ကိုယ်တော်​နှင့်​လွဲ​ပါစေ၊ ဖယ်​ပါစေ။ ကိုယ်တော်​၌ မည်သည့်​အခါ​မျှ ဤသို့​ဖြစ်​မည်​မ​ဟုတ်”​ဟု လျှောက်​လေ​၏။ 23သို့သော် ကိုယ်တော်​သည်​လှည့်​၍ ပေတရု​အား“အချင်း​စာတန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ့​အတွက် မှားယွင်း​စရာ​အကြောင်း​ဖြစ်​၏။ အကြောင်းမူကား သင်​သည် ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို မ​စွဲလမ်း​ဘဲ လူ​တို့​နှင့်ဆိုင်သော​အရာ​များ​ကို​သာ စွဲလမ်း​၏”​ဟု မိန့်​တော်မူ​၏။
မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်းလော့
24ထို့နောက် ယေရှု​က တပည့်​တော်​တို့​အား“မည်သူမဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိမိကိုယ်ကို​ငြင်းပယ်​ပြီး မိမိ​၏​လက်ဝါးကပ်တိုင်​ကို​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။ 25အကြောင်းမှာ မိမိ​အသက်​ကို​ကယ်တင်​လို​သော​သူ​သည် အသက်​ကို​ဆုံးရှုံး​ရ​လိမ့်မည်။ ငါ့​အတွက် မိမိ​အသက်​ကို​ဆုံးရှုံး​ရ​သော​သူ​မူကား အသက်​ကို​တွေ့ရှိ​လိမ့်မည်။ 26လူ​သည် ကမ္ဘာ​လောက​တစ်ခုလုံး​ကို​ရရှိ​သော်လည်း မိမိ​အသက်​ဝိညာဉ်​ဆုံးရှုံး​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။ တစ်နည်း​အားဖြင့် လူ​သည် မည်သည့်​အရာ​ကို​ပေး​၍ မိမိ​အသက်​ဝိညာဉ်​ကို ပြန်ရွေး​နိုင်​မည်နည်း။ 27အကြောင်းမူကား လူ့သား​သည် မိမိ​၏​ကောင်းကင်တမန်​များ​နှင့်အတူ မိမိ​ခမည်းတော်​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကြွလာ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​အား သူ​တို့​၏​လုပ်ဆောင်မှု​နှင့်အညီ အကျိုး​အပြစ်​ကို​ပေး​တော်မူ​လိမ့်မည်။#ရော 2:6၊ ၂ကော 5:10၊ ဆာ 62:12။ 28သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​နေရာ​၌​ရပ်​နေ​သော​သူ​တို့​တွင် လူ့သား​သည် မိမိ​၏​နိုင်ငံ​တော်​နှင့်​ကြွလာ​သည်​ကို​မ​မြင်​မီ သေ​ခြင်း​ကို မ​မြည်းစမ်း​ရ​သော​သူ​အချို့​ရှိ​၏”​ဟု မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲခရစ်ဝင် 16: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။