YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 1

1
ယေရှုခရစ်တော်၏ဆွေစဉ်မျိုးဆက်စာရင်း
1အာဗြဟံ​၏​သား၊ ဒါဝိဒ်​၏​သား​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက်​စာရင်း​ဟူမူကား
2အာဗြဟံ​သည် သား​ဣဇက်​ကို​ရ​၏။ ဣဇက်​သည် သား​ယာကုပ်​ကို​ရ​၏။ ယာကုပ်​သည် သား​ယုဒ​နှင့်​သူ​၏​ညီအစ်ကို​များ​ကို​ရ​၏။
3ယုဒ​သည် တာမာ​အားဖြင့် သား​ဖာရက်​နှင့်​ဇာရ​ကို​ရ​၏။ ဖာရက်​သည် သား​ဟေဇရုံ​ကို​ရ​၏။ ဟေဇရုံ​သည် သား​အာရံ​ကို​ရ​၏။
4အာရံ​သည် သား​အမိနဒပ်​ကို​ရ​၏။ အမိနဒပ်​သည် သား​နာရှုန်​ကို​ရ​၏။ နာရှုန်​သည် သား​စာလမုန်​ကို​ရ​၏။
5စာလမုန်​သည် ရာခပ်​အားဖြင့် သား​ဗောဇ​ကို​ရ​၏။ ဗောဇ​သည် ရုသ​အားဖြင့် သား​ဩဗက်​ကို​ရ​၏။ ဩဗက်​သည် သား​ယေရှဲ​ကို​ရ​၏။
6ယေရှဲ​သည် သား​ဒါဝိဒ်​မင်းကြီး​ကို​ရ​၏။
ဒါဝိဒ်​သည် ဥရိယ​၏​မယား​အားဖြင့် သား​ရှောလမုန်​ကို​ရ​၏။
7ရှောလမုန်​သည် သား​ရောဗောင်​ကို​ရ​၏။ ရောဗောင်​သည် သား​အဘိယ​ကို​ရ​၏။ အဘိယ​သည် သား​အာသ​ကို​ရ​၏။
8အာသ​သည် သား​ယောရှဖတ်​ကို​ရ​၏။ ယောရှဖတ်​သည် သား​ယောရံ​ကို​ရ​၏။ ယောရံ​သည် သား​ဩဇိ​ကို​ရ​၏။
9ဩဇိ​သည် သား​ယောသံ​ကို​ရ​၏။ ယောသံ​သည် သား​အာခတ်​ကို​ရ​၏။ အာခတ်​သည် သား​ဟေဇကိ​ကို​ရ​၏။
10ဟေဇကိ​သည် သား​မနာရှေ​ကို​ရ​၏။ မနာရှေ​သည် သား​အာမုန်​ကို​ရ​၏။ အာမုန်​သည် သား​ယောရှိ​ကို​ရ​၏။
11ဘေဘီလုံ​သို့​ရွှေ့ပြောင်း​ခြင်း​ခံရ​ချိန်​တွင် ယောရှိ​သည် သား​ယေခေါနိ​နှင့် သူ​၏​ညီအစ်ကို​များ​ကို​ရ​၏။
12ဘေဘီလုံ​သို့ ရွှေ့ပြောင်း​ခြင်း​ခံရ​ပြီးနောက် ယေခေါနိ​သည် သား​ရှာလသေလ​ကို​ရ​၏။ ရှာလသေလ​သည် သား​ဇေရုဗဗေလ​ကို​ရ​၏။
13ဇေရုဗဗေလ​သည် သား​အဗျုဒ်​ကို​ရ​၏။ အဗျုဒ်​သည် သား​ဧလျာကိမ်​ကို​ရ​၏။ ဧလျာကိမ်​သည် သား​အာဇော်​ကို​ရ​၏။
14အာဇော်​သည် သား​ဇာဒုတ်​ကို​ရ​၏။ ဇာဒုတ်​သည် သား​အာခိမ်​ကို​ရ​၏။ အာခိမ်​သည် သား​ဧလုဒ်​ကို​ရ​၏။
15ဧလုဒ်​သည် သား​ဧလာဇာ​ကို​ရ​၏။ ဧလာဇာ​သည် သား​မဿန်​ကို​ရ​၏။ မဿန်​သည် သား​ယာကုပ်​ကို​ရ​၏။
16ယာကုပ်​သည် မာရိ​၏​ခင်ပွန်း​ဖြစ်​သူ သား​ယောသပ်​ကို​ရ​၍ ခရစ်တော်​ဟု​ခေါ်​သော​ယေရှု​သည် ထို​မာရိ​မှ​မွေးဖွား​တော်မူ​၏။
17သို့ဖြစ်၍ ဆွေမျိုး​အစဉ်အဆက်​စုစုပေါင်း​ကား အာဗြဟံ​မှ ဒါဝိဒ်​အထိ တစ်ဆယ့်လေး​ဆက်၊ ဒါဝိဒ်​မှ ဘေဘီလုံ​သို့​ရွှေ့ပြောင်း​ခြင်း​ခံရ​သည့်​အချိန်​အထိ တစ်ဆယ့်လေး​ဆက်၊ ဘေဘီလုံ​သို့​ရွှေ့ပြောင်း​ခြင်း​ခံရ​သည့်​အချိန်​မှ ခရစ်တော်​အထိ တစ်ဆယ့်လေး​ဆက်​ဖြစ်​၏။
ယေရှုဖွားမြင်တော်မူခြင်း
18ယေရှု​ခရစ်တော်​၏​ဖွားမြင်​တော်မူ​ခြင်း​မှာ ဤသို့​ဖြစ်​၏။ ကိုယ်တော်​၏​မယ်တော်​မာရိ​သည် ယောသပ်​နှင့်​စေ့စပ်​ထား​၍ ပေါင်းဖက်​နေထိုင်​ခြင်း​မ​ပြု​မီ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် သန္ဓေတည်​သည်​ကို တွေ့​ရ​၏။ 19သူ​၏​ခင်ပွန်း​ယောသပ်​သည် ဖြောင့်မတ်​သော​သူ​ဖြစ်​သည်​နှင့်အညီ မာရိ​ကို အရှက်​မ​ကွဲ​စေ​လို​သဖြင့် သူ့​ကို​တိတ်တဆိတ်​ကွာရှင်း​ရန် ရည်ရွယ်​လေ​၏။
20သို့သော် ဤ​အကြောင်း​ကို စဉ်းစား​ဆင်ခြင်​နေ​စဉ် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ယောသပ်​အား အိပ်မက်​ထဲတွင်​ထင်ရှား​၍ “ဒါဝိဒ်​၏​သား​ယောသပ်၊ မာရိ​အား သင်​၏​ဇနီး​အဖြစ်​ယူ​ရ​မည်​ကို မ​စိုးရိမ်​နှင့်။ အကြောင်းမူကား သူ​၌​တည်​နေ​သော​သန္ဓေ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ဖြစ်​၏။ 21သူ​သည် သား​ယောက်ျား​ကို ဖွားမြင်​လိမ့်မည်။ ထို​သား​သည် မိမိ​၏​လူမျိုး​တော်​ကို သူ​တို့​၏​အပြစ်​များ​မှ ကယ်တင်​မည်​ဖြစ်​သောကြောင့် သူ​၏​အမည်​ကို ယေရှု​ဟူ၍​မှည့်​ခေါ်​ရ​မည်”​ဟု မြွက်ဆို​လေ​၏။
22ဤ​အရာ​အားလုံး​ဖြစ်ပျက်​သည်မှာ ထာဝရ​ဘုရား​က 23“ကြည့်ရှု​လော့။ အပျို​ကညာ​သည် သန္ဓေတည်​၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ ထို​သား​၏​အမည်​ကို ဧမာနွေလ​ဟု ခေါ်​ကြ​လိမ့်မည်”#ဟေရှာ 7:14။​ဟု ပရောဖက်​အားဖြင့် မိန့်​တော်မူ​သည့်​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ (ဧမာနွေလ​၏​အဓိပ္ပာယ်​မှာ “ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​သော​ဘုရားသခင်”​ဟူ၍ ဖြစ်​၏။)
24ယောသပ်​သည် အိပ်ပျော်​ရာ​မှ နိုး​လာ​သောအခါ သူ့​အား ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​မိန့်မှာ​သည့်​အတိုင်း​ပြု​၍ မာရိ​ကို မိမိ​၏​ဇနီး​အဖြစ်​ယူ​လေ​၏။ 25သို့သော် သား​ယောက်ျား​မ​မွေးဖွား​မီ​တိုင်အောင် မာရိ​နှင့်​မ​ဆက်ဆံ​ဘဲ​နေ​၏။ ထို​သား​၏​အမည်​ကို​လည်း ယေရှု​ဟု​မှည့်​ခေါ်​လေ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲခရစ်ဝင် 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။