YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 12

12
သူတော်ကောင်းယောင်ဆောင်မှုကို သတိပေးခြင်း
1ထိုအခါ ထောင်ပေါင်း​များစွာ​သော​လူထု​ပရိသတ်​တို့​သည် စုဝေး​လာ​ကြ​၍ အချင်းချင်း​ပင်​နင်းမိမတတ်​ဖြစ်​ကြ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​အား ဦးစွာ​မြွက်ဆို​တော်မူ​သည်​မှာ“ဖာရိရှဲ​တို့​၏​တဆေး​ဖြစ်​သည့် သူတော်ကောင်း​ယောင်ဆောင်​မှု​ကို သတိထား​ကြ​လော့။ 2ဖုံးအုပ်​ထား​သည့်​အရာ​များ​တွင် ဖွင့်ပြ​ခြင်း​မ​ခံရ​မည့်​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ ကွယ်ဝှက်​ထား​သော​အရာ​များ​တွင် ဖော်ပြ​ခြင်း​မ​ခံရ​မည့်​အရာ​လည်း တစ်စုံတစ်ခု​မျှ​မ​ရှိ။ 3သို့ဖြစ်၍ မှောင်မိုက်​၌ သင်​တို့​ပြောဆို​သော​အရာ​တို့​ကို အလင်း​၌​ကြား​ကြ​လိမ့်မည်။ အိမ်​အတွင်း​ခန်း​ထဲ၌ နား​အပါး​ကပ်​၍ သင်​တို့​ပြောဆို​သော​အရာ​များ​ကို လေသာဆောင်​ပေါ်မှ ကြေညာ​ကြ​လိမ့်မည်။
ဘုရားသခင်ကိုကြောက်ရွံ့ခြင်း
4 ငါ​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​သော​သင်​တို့​အား ငါ​ဆို​မည်။ ကိုယ်ခန္ဓာ​ကို​သတ်​ပြီး​သည့်​နောက်​တွင် အခြား​မည်သည့်​အရာ​ကို​မျှ ထပ်၍​မ​ပြု​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ 5သင်​တို့​ကြောက်​ရ​မည့်​သူ​ကို သင်​တို့​အား ငါ​ပြောပြ​မည်။ ကိုယ်ခန္ဓာ​ကို​သတ်​ပြီးနောက် ငရဲ​ထဲသို့​ပစ်ချ​ပိုင်ခွင့်​ရှိ​သော​သူ​ကို ကြောက်​ကြ​လော့။ မှန်​ပေ​၏။ ထို​သူ​ကို​ကြောက်​ကြ​လော့​ဟု သင်​တို့​အား ငါ​ဆို​၏။ 6စာကလေး​ငါး​ကောင်​ကို အဿရိ​နှစ်​ပြား​နှင့်​ရောင်း​သည်​မ​ဟုတ်​လော။ သို့ရာတွင် ထို​စာကလေး​တစ်​ကောင်​ကို​မျှ ဘုရားသခင်​မေ့လျော့​တော်​မ​မူ။ 7သင်​တို့​ဦးခေါင်း​မှ​ဆံပင်​ရှိသမျှ​ကို​ပင် ရေတွက်​ထား​တော်မူ​၏။ မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာကလေး​များစွာ​တို့​ထက်​အဖိုးထိုက်​ကြ​၏။
ခရစ်တော်ကိုဝန်ခံခြင်း
8 သင်​တို့​အား ငါ​ဆို​သည်​ကား မည်သူမဆို လူ​တို့​ရှေ့၌ ငါ့​ကို​ဝန်ခံ​လျှင် လူ့သား​သည်​လည်း ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​ရှေ့၌ ထို​သူ​ကို ဝန်ခံ​မည်။ 9သို့သော် လူ​တို့​ရှေ့​၌ ငါ့​ကို​ငြင်းပယ်​သော​သူ​သည် ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​ရှေ့​၌ ငြင်းပယ်​ခြင်း​ခံရ​လိမ့်မည်။ 10လူ့သား​အပေါ်​ဆန့်ကျင်​သည့်​စကား​ကို ပြောဆို​သော​သူ​အားလုံး ခွင့်လွှတ်​ခြင်း​ခံရ​မည်​ဖြစ်​သော်လည်း သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို စော်ကား​ပြောဆို​သော​သူ​သည် ခွင့်လွှတ်​ခြင်း​ခံရ​မည်​မ​ဟုတ်။
11 လူ​တို့​သည် သင်​တို့​ကို ဝတ်ပြု​စည်းဝေး​ကျောင်း​များ​သို့​လည်းကောင်း၊ အုပ်ချုပ်​သူ​များ​နှင့် အာဏာပိုင်​များ​ရှေ့သို့​လည်းကောင်း ခေါ်ဆောင်​သွား​ကြ​သောအခါ မည်သည့်​အရာ​ကို မည်ကဲ့သို့​ချေပ​ရ​မည်နည်း၊ သို့မဟုတ် မည်သည့်​အရာ​ကို ပြောဆို​ရ​မည်နည်း​ဟူ၍ မ​စိုးရိမ်​ကြ​နှင့်။ 12အကြောင်းမူကား သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် ပြောဆို​ရ​မည့်​အရာ​တို့​ကို ထို​အချိန်​နာရီ​၌​ပင် သင်​တို့​အား​သွန်သင်​ပေး​တော်မူ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
မိုက်မဲသောသူဌေး၏ပုံဥပမာ
13ထိုအခါ လူထု​ပရိသတ်​ထဲမှ တစ်စုံတစ်ဦး​က ကိုယ်တော်​အား “ဆရာ၊ အကျွန်ုပ်​ကို​အမွေ​ခွဲဝေ​ပေး​ရန် အကျွန်ုပ်​၏​အစ်ကို​အား အမိန့်​ရှိ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ 14သို့သော် ကိုယ်တော်​က“အချင်း​လူ၊ မည်သူ​သည် ငါ့​ကို သင်​တို့​၏​တရားသူကြီး​၊သို့မဟုတ် ခုံလူကြီး​အဖြစ် ခန့်ထား​သနည်း”​ဟု သူ့​အား​မိန့်​တော်မူ​၏။ 15ထို့နောက် လူ​တို့​အား“လောဘ​လွန်ကျူး​ခြင်း​အမျိုးမျိုး​ကို သတိပြု​၍​ရှောင်ကြဉ်​ကြ​လော့။ အကြောင်းမူကား လူ​၏​အသက်​သည် သူ​၏​ဥစ္စာ​ပစ္စည်း​ကြွယ်ဝ​မှု​အပေါ်၌​တည်​သည်​မ​ဟုတ်”​ဟု မိန့်​တော်မူ၏။ 16တစ်ဖန် သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ“သူဌေး​တစ်​ဦး​သည် မိမိ​လယ်ကွင်း​မှ​အသီးအနှံ​ကောင်းစွာ​ထွက်​သဖြင့် 17‘ငါ​၏​အသီးအနှံ​များ​ကို​သို​ထား​ရန် နေရာ​မ​ရှိ။ ငါ​သည် မည်သို့​ပြု​ရ​မည်နည်း’​ဟု မိမိ​စိတ်​ထဲ၌​တွေးတော​ဆင်ခြင်​လေ​၏။ 18ထို့နောက် သူ​က ‘ငါ​ဤသို့​ပြု​မည်။ ငါ့​ကျီ​များ​ကို​ဖျက်​၍ ပိုမို​ကြီးမား​သော​ကျီ​များ​ကို​ဆောက်​ပြီးလျှင် ငါ​၏​ဂျုံဆန်​နှင့်​ကောင်း​သော​အရာ​ရှိသမျှ​တို့​ကို ထို​နေရာ​တွင် စုသိမ်း​ထား​မည်။ 19ငါ​၏​ဝိညာဉ်​ကို​လည်း အချင်း​ဝိညာဉ်၊ ကောင်း​သော​အရာ​အမြောက်အမြား​တို့​ကို နှစ်​ပေါင်း​များစွာ​အတွက် သိုမှီး​ထား​လျက်​ရှိ​ပြီ။ အနားယူ​လော့။ စား​သောက်​ပျော်မွေ့​လော့​ဟူ၍ ငါ​ပြော​မည်’​ဟု ဆို​လေ​၏။ 20သို့သော် ဘုရားသခင်​သည် ထို​သူ​အား ‘အချင်း​လူမိုက်၊ ဤ​ည​၌​ပင် သင့်​ဝိညာဉ်​ကို သင့်​ထံမှ​ရုပ်သိမ်း​ကြ​လိမ့်မည်။ သို့ဖြစ်လျှင် သင်​ပြင်ဆင်​ထား​သော​အရာ​များ​သည် မည်သူ့​ဥစ္စာ​ဖြစ်​လိမ့်မည်​နည်း’​ဟု မိန့်​တော်မူ​၏။ 21မိမိ​အတွက် ဥစ္စာ​များ​ကို​သိုမှီး​ထား​သော်လည်း ဘုရားသခင်​၏​ရှေ့​တော်​၌ ကြွယ်ဝ​ခြင်း​မ​ရှိ​သော​သူ​သည် ဤ​သူဌေး​နှင့်​တူ​၏”​ဟု မိန့်​တော်မူ​၏။
မစိုးရိမ်နှင့်
22ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​မည်။ အသက်ရှင်​ရေး​အတွက် မည်သည့်​အရာ​ကို​စား​ရ​မည်နည်း​ဟူ၍​လည်းကောင်း၊ ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ကို​ဝတ်​ရ​မည်နည်း​ဟူ၍​လည်းကောင်း မ​စိုးရိမ်​ကြ​နှင့်။ 23အကြောင်းမူကား အသက်​သည် အစာ​ထက် အရေးကြီး​၏။ ကိုယ်ခန္ဓာ​သည်​လည်း အဝတ်​ထက် အရေးကြီး​၏။ 24ကျီးကန်း​များ​ကို​ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုးကြဲ​ခြင်း​မ​ရှိ။ ရိတ်သိမ်း​ခြင်း​လည်း​မ​ရှိ။ သိုလှောင်​ရုံ​များ​နှင့် ကျီ​များ​လည်း​မ​ရှိ။ သို့သော် ဘုရားသခင်​သည် ၎င်း​တို့​ကို​ကျွေးမွေး​တော်မူ​၏။ သင်​တို့​သည် ငှက်​တို့​ထက် များစွာ​အဖိုးထိုက်​ကြ​၏။ 25သင်​တို့​တွင် မည်သူ​သည် စိုးရိမ်​သော​အားဖြင့် မိမိ​၏​အသက်​ကို တစ်​တောင်​ခန့်မျှ ပို၍​ရှည်​စေ​နိုင်​သနည်း။ 26ထိုသို့ သေးငယ်​သော​အမှု​ကို​ပင် မ​တတ်နိုင်​ကြ​လျှင် အဘယ်ကြောင့် အခြား​သော​အမှု​များ​အတွက် စိုးရိမ်​ကြ​သနည်း။
27 နှင်းပန်း​များ မည်ကဲ့သို့​ကြီးထွား​ကြ​သည်​ကို ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် အလုပ်​လည်း​မ​လုပ်။ ဗိုင်း​လည်း​မ​ငင်​ကြ​ချေ။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ မိမိ​၏​ဘုန်း​အသရေ​ဖြင့်​ပြည့်ဝ​လျက်​ရှိ​သော ရှောလမုန်​ပင်လျှင် ဤ​နှင်းပန်း​တစ်​ပွင့်​ကဲ့သို့ မ​ဆင်မြန်း​ခဲ့​ရ​ပေ။ 28ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ ယနေ့​ရှင်သန်​လျက်​ရှိ​သော်လည်း မနက်ဖြန်​မီးဖို​ထဲသို့​ပစ်ချ​ခံရ​မည့် တော​မြက်​ပင်​ကို​ပင် ဘုရားသခင်​သည် ဤမျှလောက်​ဆင်ယင်​ပေး​တော်မူ​လျှင် သင်​တို့​ကို မည်မျှ​ပို၍​ဆင်ယင်​ပေး​တော်မူ​လိမ့်မည်နည်း။ 29ထို့ကြောင့် သင်​တို့​သည် မည်သည့်​အရာ​ကို​စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို​သောက်​ရ​မည်နည်း​ဟု မ​ရှာကြံ​ကြ​နှင့်။ စိုးရိမ်​ပူပန်​ခြင်း​လည်း​မ​ရှိ​ကြ​နှင့်။ 30အကြောင်းမူကား ဤ​လောက​ရှိ လူမျိုးခြား​အပေါင်း​တို့​သည် ဤ​အရာ​များ​ကို ကြိုးစား​ရှာဖွေ​တတ်​ကြ​၏။ သို့သော် သင်​တို့​အဖ​သည် ဤ​အရာ​များ​ကို သင်​တို့​လိုအပ်​ကြောင်း သိ​တော်မူ​၏။ 31သို့ဖြစ်၍ ဘုရားသခင်​၏​နိုင်ငံ​တော်​ကို​ရှာ​ကြ​လော့။ ထိုအခါ ဤ​အရာ​များ​ကို သင်​တို့​အား ထပ်လောင်း​၍​ပေး​တော်မူ​လိမ့်မည်။
32 သိုးစု​ငယ်၊ မ​ကြောက်​နှင့်။ အကြောင်းမူကား သင်​တို့​အဖ​သည် သင်​တို့​အား နိုင်ငံ​တော်​ပေး​ရ​သည်​ကို နှစ်သက်​တော်မူ​၏။ 33သင်​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​၍ ပေးကမ်း​စွန့်ကြဲ​ကြ​လော့။ မိမိ​တို့​အတွက် မ​ဟောင်းနွမ်း​နိုင်​သော ပိုက်ဆံ​အိတ်​များ​ကို​ပြုလုပ်​ကြ​၍ သူခိုး​မ​ကပ်၊ ပိုးမွှား​လည်း​မ​ဖျက်ဆီး​ရာ ကောင်းကင်​ဘုံ​၌ မ​ကုန်ခန်း​နိုင်​သော​ဥစ္စာ​ဘဏ္ဍာ​ကို သိုမှီး​ကြ​လော့။ 34အကြောင်းမူကား သင်​တို့​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သော​နေရာ​၌ သင်​တို့​၏​စိတ်နှလုံး​လည်း​ရောက်​တတ်​၏။
သခင်ပြန်လာမည့်အချိန်အတွက် အသင့်ဖြစ်ခြင်း
35 သင်​တို့​သည် ခါး​ကို​စည်း​လျက် ဆီမီး​တို့​ကို​ထွန်း​ထား​ကြ​လော့။ 36မိမိ​တို့​၏​သခင်​သည် မင်္ဂလာဆောင်​ပွဲ​မှ​ပြန်လာ​၍ တံခါး​ခေါက်​သောအခါ သူ့​အတွက် ချက်ချင်း​တံခါး​ဖွင့်​ပေး​နိုင်​ရန် သခင်​ကို​စောင့်​နေ​သူ​များ​ကဲ့သို့​ဖြစ်​ကြ​လော့။ 37သခင်​ပြန်လာ​သောအခါ သတိ​နှင့်​စောင့်​နေ​ကြ​သည်​ကို သခင်​တွေ့​ရ​သော​အစေအပါး​တို့​သည် မင်္ဂလာရှိ​ကြ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သခင်​သည် မိမိ​ခါး​ကို​စည်း​လျက် သူ​တို့​ကို​ထိုင်​စေ​ပြီးလျှင် အနား​သို့​လာ​၍ သူ​တို့​ကို​လုပ်ကျွေး​ပြုစု​လိမ့်မည်။ 38သခင်​သည် ညဥ့်နက်​အချိန်​၌​ဖြစ်စေ၊ သန်းခေါင်​ကျော်​အချိန်​၌​ဖြစ်စေ ပြန်လာ​၍ ထိုသို့​စောင့်​နေ​ကြ​သည်​ကို​တွေ့မြင်​လျှင် သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ 39အိမ်ရှင်​သည် သူခိုး​လာ​မည့်​အချိန်​ကို​သိ​ထား​လျှင် မိမိ​အိမ်​ကို ဖောက်ထွင်း​ခွင့်ပြု​မည်​မ​ဟုတ်​ကြောင်း သိမှတ်​ကြ​လော့။ 40လူ့သား​သည် သင်​တို့​မ​ထင်မှတ်​သော​အချိန်​၌ ကြွလာ​မည်​ဖြစ်၍ သင်​တို့​သည်​လည်း အသင့်​ရှိ​နေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။
သစ္စာနှင့်ပညာသတိရှိသောအစေအပါး
41ထိုအခါ ပေတရု​က “သခင်​ဘုရား၊ ဤ​ပုံ​ဥပမာ​ကို အကျွန်ုပ်​တို့​အတွက်​မိန့်​တော်မူ​သလော​၊ သို့မဟုတ် လူ​အပေါင်း​တို့​အတွက်​ပါ မိန့်​တော်မူ​သလော”​ဟု မေးလျှောက်​၏။ 42သခင်​ဘုရား​က​လည်း“မိမိ​အိမ်သူအိမ်သား​များ​အား အချိန်​တန်​သောအခါ အစားအစာ​များ​စီစဉ်​ပေး​ရန် သူ​တို့​အပေါ်​သခင်​ခန့်ထား​သည့် သစ္စာ​နှင့်​ပညာ​သတိ​ရှိ​သော​အစေအပါး​ခေါင်းဆောင်​ကား မည်သူ​နည်း။ 43မိမိ​သခင်​ပြန်လာ​သောအခါ ထိုသို့​ဆောင်ရွက်​နေ​သည်​ကို သခင်​တွေ့​ရ​သော​အစေအပါး​သည် မင်္ဂလာရှိ​၏။ 44သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သခင်​သည် မိမိ​၏​ဥစ္စာ​ပစ္စည်း​ရှိသမျှ​ကို သူ့​အား​ကြီးကြပ်​စောင့်ရှောက်​စေ​လိမ့်မည်။ 45သို့သော် ထို​အစေအပါး​သည် မိမိ​စိတ်​ထဲ၌ ‘ငါ့​သခင်​ပြန်လာ​ရန် ကြန့်ကြာ​နေ​၏’​ဟု ဆို​လျက် အစေခံ​ယောက်ျား​နှင့်​အစေခံ​မိန်းမ​များ​ကို ရိုက်နှက်​ကာ စား​သောက်​ယစ်မူး​လျက်​နေ​လျှင် 46ထို​အစေအပါး​၏​သခင်​သည် သူ​မျှော်လင့်​မ​ထား​သော​နေ့၊ သူ​မ​သိ​သော​အချိန်​တွင် ရောက်လာ​၍ သူ့​ကို ပြင်းစွာ​ပြစ်ဒဏ်​ပေး​ကာ မ​ယုံကြည်​သူ​တို့​နှင့်အတူ နေရာ​ချ​ထား​လိမ့်မည်။
47 မိမိ​သခင်​၏​အလို​ကို​သိ​လျက်​ပင် ပြင်ဆင်​ထား​ခြင်း​မ​ရှိ​၊ သို့မဟုတ် သခင်​၏​အလို​အတိုင်း​လုပ်ဆောင်​ခြင်း​မ​ရှိ​သော အစေအပါး​သည် များစွာ​ရိုက်နှက်​ခြင်း​ခံရ​လိမ့်မည်။ 48သို့သော် သခင်​၏​အလို​ကို​မ​သိ​ဘဲ ရိုက်နှက်​ခြင်း​ဒဏ်​နှင့်​ထိုက်​သော​အမှု​ကို ပြု​မိ​သော​သူ​သည် အနည်းငယ်​သာ ရိုက်နှက်​ခြင်း​ခံရ​မည်။ များစွာ​ရရှိ​ထား​သော​သူ​အားလုံး​ထံမှ များစွာ​တောင်းဆို​လိမ့်မည်။ များစွာ​အပ်နှံ​ထား​သော​သူ​ထံမှ ပို၍​များစွာ​တောင်း​ကြ​လိမ့်မည်။
ငြိမ်သက်ခြင်းအတွက်မဟုတ်ဘဲ ကွဲပြားခြင်းအတွက် လာခြင်း
49 မြေကြီး​ပေါ်သို့ မီး​ကို​ပစ်ချ​ရန် ငါ​လာ​၏။ မီးစွဲ​လောင်​ပြီး​သား​ဖြစ်​ရန်​ပင် ငါ​အလွန်​အလိုရှိ​၏။ 50သို့သော် ငါ​ခံ​မည့်​ဗတ္တိဇံ​တစ်​ပါး​ရှိ​၏။ ထို​အမှု​မ​ပြီးဆုံး​မီ​တိုင်အောင် ငါ​သည် ဖိစီး​မှု​ကို မည်မျှ​ခံစား​ရ​ပါ​မည်နည်း။ 51မြေကြီး​ပေါ်၌ ငြိမ်သက်​ခြင်း​ကို​ပေး​ရန် ငါ​လာ​သည်​ဟု ထင်မှတ်​ကြ​သလော။ ထိုသို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား ကွဲပြား​စေရန် ငါ​လာ​၏။ 52အကြောင်းမူကား ယခု​မှစ၍ လူ​ငါး​ယောက်​ရှိ​သည့်​အိမ်​တစ်​အိမ်​တွင် သုံး​ယောက်​သည် နှစ်​ယောက်​ကို​လည်းကောင်း၊ နှစ်​ယောက်​သည် သုံး​ယောက်​ကို​လည်းကောင်း ဆန့်ကျင်​လျက် ကွဲပြား​ကြ​လိမ့်မည်။ 53ဖခင်​သည် သား​ကို​လည်းကောင်း၊ သား​သည် ဖခင်​ကို​လည်းကောင်း၊ မိခင်​သည် သမီး​ကို​လည်းကောင်း၊ သမီး​သည် မိခင်​ကို​လည်းကောင်း၊ ယောက္ခမ​သည် ချွေးမ​ကို​လည်းကောင်း၊ ချွေးမ​သည် ယောက္ခမ​ကို​လည်းကောင်း ဆန့်ကျင်​လျက် ကွဲပြား​ကြ​လိမ့်မည်”#မ 10:35၊ မိ 7:6။​ဟု မိန့်​တော်မူ​၏။
အချိန်အခါကိုနားလည်သိရှိခြင်း
54ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“သင်​တို့​သည် အနောက်​အရပ်​တွင် မိုးတိမ်​တက်လာ​သည်​ကို​မြင်​လျှင် မိုးသက်မုန်တိုင်း​လာ​နေ​ပြီ​ဟု ချက်ချင်း​ပြော​တတ်​ကြ​၏။ ထိုအတိုင်း​လည်း​ဖြစ်​တတ်​၏။ 55တောင်​လေ​တိုက်​လာ​သောအခါ​၌​လည်း ပူအိုက်​လိမ့်မည်​ဟု​ပြော​တတ်​ကြ​၏။ ထိုအတိုင်း​လည်း​ဖြစ်​တတ်​၏။ 56သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ သင်​တို့​သည် မြေကြီး​နှင့်​ကောင်းကင်​တို့​၏​အသွင်အပြင်​ကို ပိုင်းခြား​၍​သိ​နိုင်​ကြ​သော်လည်း ဤ​အချိန်​ကာလ​ကို အဘယ်ကြောင့် ပိုင်းခြား​၍​မ​သိ​နိုင်​ကြ​သနည်း။ 57ထိုမှတစ်ပါး မှန်ကန်​သည့်​အရာ​ကို အဘယ်ကြောင့် မိမိ​တို့​ကိုယ်တိုင်​မ​ဆင်ခြင်​မ​သုံးသပ်​ကြ​သနည်း။
ကျေအေးခြင်း
58 သင့်​ကို​တရားစွဲဆို​သူ​နှင့်အတူ အကြီးအကဲ​ထံသို့​သွား​ကြ​သောအခါ လမ်း​၌ သူ​နှင့်​ကျေအေး​အောင်​ကြိုးစား​လော့။ သို့မဟုတ်​ပါက သူ​သည် သင့်​ကို တရားသူကြီး​ထံသို့​ဆွဲခေါ်သွား​၍ တရားသူကြီး​သည် သင့်​ကို မင်းမှုထမ်း​လက်​သို့​အပ်​သဖြင့် မင်းမှုထမ်း​သည် သင့်​ကို ထောင်​ထဲ၌ ထည့်​ထား​လိမ့်မည်။ 59သင့်​အား ငါ​ဆို​မည်။ နောက်ဆုံး​လတ္တာ​တစ်​ပြား​ကို သင်​ပြန်၍​မ​ဆပ်​မချင်း ထို​နေရာ​မှ လုံးဝ​ထွက်​ရ​မည်​မ​ဟုတ်”​ဟု​မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်လုကာခရစ်ဝင် 12: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။