YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 16

16
1 သင်​တို့​စိတ်​မ​ပျက်​စေရန် ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​ထား​၏။ 2လူ​တို့​သည် သင်​တို့​ကို ဝတ်ပြု​စည်းဝေး​ကျောင်း​မှ ထုတ်ပယ်​ကြ​လိမ့်မည်။ ထိုမျှမက သင်​တို့​ကို​သတ်​သော​သူ​တိုင်း မိမိ​တို့​သည် ဘုရား​ဝတ်​ကို​ပြု​နေ​သည်​ဟု ထင်မှတ်​သော​အချိန်​ကာလ​ရောက်လာ​တော့မည်။ 3သူ​တို့​သည် ခမည်းတော်​ကို​လည်းကောင်း၊ ငါ့​ကို​လည်းကောင်း မ​သိ​သောကြောင့် ထိုသို့​ပြု​ကြ​လိမ့်မည်။ 4ထို​အချိန်​ကာလ​ရောက်လာ​သောအခါ ငါ​သည် ဤသို့​ပြော​ခဲ့​ကြောင်း သင်​တို့​သတိရ​စေရန် ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အား ပြော​ထား​၏။ ငါ​သည် သင်​တို့​နှင့်အတူ​ရှိ​နေ​သောကြောင့် ဤ​အကြောင်းအရာ​များ​ကို အစအဦး​၌ သင်​တို့​အား မ​ပြော​ခဲ့​ပေ။
သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်
5 ယခု​မူကား ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ထံသို့ ငါ​သွား​တော့မည်။ သို့သော် သင်​တို့​ထဲမှ မည်သူ​က​မျှ ‘ကိုယ်တော်​သည် မည်သည့်​အရပ်​သို့ သွား​မည်နည်း’​ဟု ငါ့​အား မ​မေး​ကြ။ 6ထို့ပြင် ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အား ငါ​ပြော​သောကြောင့် သင်​တို့​စိတ်နှလုံး​သည် ဝမ်းနည်း​ခြင်း​နှင့် ပြည့်​လျက်​ရှိ​၏။ 7သို့သော် ငါ​သည် သင်​တို့​အား ဟုတ်မှန်ရာ​ကို​ပြော​မည်။ ငါ​သွား​ရ​ခြင်း​သည် သင်​တို့​အတွက်​အကျိုး​ရှိ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​မ​သွား​လျှင် ကူညီ​မစ​သူ​သည် သင်​တို့​ထံသို့​လာ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူကား ထို​အရှင်​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​မည်။ 8ထို​အရှင်​ရောက်လာ​သောအခါ လောကီသား​တို့​အား အပြစ်​အကြောင်း၊ ဖြောင့်မတ်​ခြင်း​အကြောင်း​နှင့် တရား​စီရင်​ခြင်း​အကြောင်း​တို့​ကို ဖော်ပြ​မည်။ 9သူ​တို့​သည် ငါ့​ကို​မ​ယုံကြည်​ကြ​သောကြောင့် အပြစ်​အကြောင်း​ကို​လည်းကောင်း၊ 10ငါ​သည် ခမည်းတော်​ထံသို့​သွား​၍ သင်​တို့​သည် ငါ့​ကို​တွေ့မြင်​ရ​တော့မည်​မ​ဟုတ်​သောကြောင့် ဖြောင့်မတ်​ခြင်း​အကြောင်း​ကို​လည်းကောင်း၊ 11ဤ​လောက​ကို​အုပ်ချုပ်​သူ​သည် တရား​စီရင်​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် တရား​စီရင်​ခြင်း​အကြောင်း​ကို​လည်းကောင်း ဖော်ပြ​မည်။
12 သင်​တို့​အား ငါ​ပြော​စရာ​များစွာ​ရှိ​သေး​သော်လည်း သင်​တို့​သည် ယခု​မ​ခံယူ​နိုင်​ကြ။ 13သို့ရာတွင် သမ္မာတရား​၏​ဝိညာဉ်​တော်​ရောက်လာ​သောအခါ သမ္မာတရား​အလုံးစုံ​ထဲသို့ သင်​တို့​ကို လမ်းပြ​ပို့ဆောင်​တော်မူ​လိမ့်မည်။ အကြောင်းမူကား ထို​ဝိညာဉ်​တော်​သည် မိမိ​ဆန္ဒ​အလျောက် မြွက်ဆို​တော်​မ​မူ​ဘဲ ကြား​ရ​သမျှ​တို့​ကို မြွက်ဆို​တော်မူ​၍ နောင်​ဖြစ်လာ​မည့်​အရာ​တို့​ကို သင်​တို့​အား ဖော်ပြ​တော်မူ​လိမ့်မည်။ 14ထို​အရှင်​သည် ငါ​နှင့်ဆိုင်သော​အရာ​ကို​ယူ​၍ သင်​တို့​အား ဖော်ပြ​မည်​ဖြစ်​သောကြောင့် ငါ့​ဘုန်း​ကို​ထင်ရှား​စေ​မည်။ 15ခမည်းတော်​၌​ရှိ​သော​အရာ​အားလုံး​တို့​သည် ငါ​နှင့်ဆိုင်သော​အရာ​ဖြစ်​၏။ ထို့ကြောင့် ဝိညာဉ်​တော်​သည် ငါ​နှင့်ဆိုင်သော​အရာ​ကို​ယူ​၍ သင်​တို့​အား​ဖော်ပြ​မည်​ဟု ငါ​ဆို​ခဲ့​၏။
ဝမ်းနည်းခြင်းမှဝမ်းမြောက်ခြင်းသို့
16 ခဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ရ​ကြ​တော့မည်​မ​ဟုတ်။ သို့ရာတွင် နောက်ထပ် ခဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့မြင်​ရ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ 17ထိုအခါ တပည့်​တော်​အချို့​တို့​သည် “‘ခဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ရ​ကြ​မည်​မ​ဟုတ်။ သို့ရာတွင် နောက်ထပ် ခဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့မြင်​ရ​ကြ​လိမ့်မည်’​ဟူ၍​လည်းကောင်း၊‘ငါ​သည် ခမည်းတော်​ထံသို့ သွား​တော့မည်’​ဟူ၍​လည်းကောင်း ငါ​တို့​အား မိန့်​တော်မူ​သော​ဤ​စကား​မှာ မည်သို့​နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ 18တစ်ဖန် သူ​တို့​က “‘ခဏ​ကြာ​လျှင်’​ဟူ၍ မိန့်​တော်မူ​သော​ဤ​စကား​မှာ မည်သို့​နည်း။ ကိုယ်တော်​မိန့်​တော်မူ​သော​အရာ​ကို ငါ​တို့​နား​မ​လည်​ကြ”​ဟု ပြောဆို​ကြ​၏။ 19ယေရှု​သည် မိမိ​အား တပည့်​တော်​တို့​မေးလျှောက်​လို​ကြ​သည်​ကို သိမြင်​တော်မူ​လျှင်“ ‘ခဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ရ​ကြ​မည်​မ​ဟုတ်။ သို့ရာတွင် နောက်ထပ် ခဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့မြင်​ရ​ကြ​လိမ့်မည်’​ဟု ငါ​ပြော​သော​စကား​နှင့်​ပတ်သက်၍ အချင်းချင်း​မေးမြန်း​ပြောဆို​နေ​ကြ​သလော။ 20သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​သည် ငိုကြွေး​လျက်​မြည်တမ်း​ကြ​လိမ့်မည်။ ဤ​လောက​မူကား ဝမ်းမြောက်​လိမ့်မည်။ သင်​တို့​သည် ဝမ်းနည်း​ကြ​သော်လည်း သင်​တို့​၏​ဝမ်းနည်း​ခြင်း​သည် ဝမ်းမြောက်​ခြင်း​ဖြစ်​သွား​လိမ့်မည်။ 21အမျိုးသမီး​တစ်​ဦး​သည် သားဖွား​သောအခါ မွေးဖွား​ချိန်​ရောက်လာ​သောကြောင့် ပူဆွေး​ခြင်း​ရှိ​တတ်​၏။ သို့ရာတွင် ကလေး​မွေးဖွား​ပြီး​သောအခါ ဤ​လောက​တွင် လူ​တစ်​ယောက်​မွေးဖွား​သည့်​အတွက် ဝမ်းမြောက်​ခြင်း​ရှိ​သဖြင့် ခံစား​ခဲ့​ရ​သော​ဒုက္ခ​ဝေဒနာ​ကို သတိ​မ​ရ​တော့​ပေ။ 22ထို့အတူ သင်​တို့​သည် ယခု​ဝမ်းနည်း​ခြင်း​ရှိ​ကြ​သော်လည်း ငါ​သည် သင်​တို့​နှင့် တစ်ဖန် ပြန်​တွေ့​မည်​ဖြစ်​သောကြောင့် သင်​တို့​၏​စိတ်နှလုံး​သည် ဝမ်းမြောက်​ခြင်း​ဖြင့် ပြည့်စုံ​ကြ​လိမ့်မည်။ ထို​ဝမ်းမြောက်​ခြင်း​ကို မည်သူမျှ သင်​တို့​ထံမှ မ​နုတ်ယူ​နိုင်​ရာ။ 23ထို​နေ့​၌ သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ ငါ့​အား​မေးမြန်း​ကြ​လိမ့်မည်​မ​ဟုတ်။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​သည် တစ်စုံတစ်ခု​ကို ငါ​၏​နာမ​၌ ခမည်းတော်​ထံ တောင်းလျှောက်​ကြ​လျှင် ခမည်းတော်​သည်​ပေး​တော်မူ​မည်။ 24သင်​တို့​သည် ယခု​တိုင်အောင် ငါ့​နာမ​၌ မည်သည့်​အရာ​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​ပြည့်ဝ​စုံလင်​စေရန် တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​ကြ​လိမ့်မည်။
လောကကိုအောင်တော်မူခြင်း
25 ဤ​အရာ​များ​ကို ပုံ​ဥပမာ​အားဖြင့် သင်​တို့​အား ငါ​ဟောပြော​ခဲ့​သော်လည်း ပုံ​ဥပမာ​အားဖြင့် မ​ဟောပြော​တော့​ဘဲ ခမည်းတော်​၏​အကြောင်း​ကို သင်​တို့​အား အတိအလင်း​ငါ​ဖော်ပြ​မည့်​အချိန်​ကာလ​ရောက်လာ​တော့မည်။ 26ထို​နေ့​တွင် သင်​တို့​သည် ငါ့​နာမ​၌ တောင်းလျှောက်​ကြ​လိမ့်မည်။ သင်​တို့​အတွက် ခမည်းတော်​ထံ ငါ​တောင်း​ပေး​မည်​ဟု ငါ​မ​ဆို​ပေ။ 27အကြောင်းမူကား သင်​တို့​သည် ငါ့​ကို​ချစ်​၍ ငါ​သည် ဘုရားသခင်​ထံမှ​ကြွလာ​သည်​ကို ယုံကြည်​ကြ​သောကြောင့် ခမည်းတော်​ကိုယ်တော်​တိုင် သင်​တို့​ကို​ချစ်​တော်မူ​၏။ 28ငါ​သည် ခမည်းတော်​ထံမှ ကြွလာ​၍ ဤ​လောက​သို့ ရောက်​ခဲ့​၏။ တစ်ဖန် ဤ​လောက​မှ ထွက်ခွာ​၍ ခမည်းတော်​ထံသို့ သွား​တော့​မည်”​ဟု မိန့်​တော်မူ​၏။ 29တပည့်​တော်​တို့​က “ယခု ကိုယ်တော်​သည် ပုံ​ဥပမာ​ကို​မ​ဆောင်​တော့​ဘဲ အတိအလင်း​မြွက်ဆို​တော်မူ​၏။ 30ကိုယ်တော်​သည် အလုံးစုံ​တို့​ကို သိမြင်​တော်မူ​၍ မည်သူမျှ ကိုယ်တော်​ကို မေးလျှောက်​စရာ​မ​လို​ကြောင်း ယခု အကျွန်ုပ်​တို့​သိ​ကြ​ပါ​ပြီ။ ဤ​အကြောင်း​ကို​ထောက်၍ ကိုယ်တော်​သည် ဘုရားသခင်​ထံမှ​ကြွလာ​တော်မူ​သည်​ကို အကျွန်ုပ်​တို့​ယုံကြည်​ကြ​ပါ​၏”​ဟု လျှောက်​ကြ​၏။ 31ယေရှု​က​လည်း“ယခု သင်​တို့​ယုံကြည်​ကြ​သလော။ 32ကြည့်ရှု​လော့။ သင်​တို့​သည် တစ်ကွဲတစ်ပြား​စီ​ဖြစ်​လျက် မိမိ​တို့​အိမ်​သို့ အသီးသီး​ပြန်သွား​ကြ​ကာ ငါ့​ကို တစ်ကိုယ်တည်း​ပစ်ထား​မည့်​အချိန်​ရောက်လာ​မည်​ဖြစ်​ရာ ယခု​ပင်​ရောက်လာ​လေ​ပြီ။ သို့ရာတွင် ခမည်းတော်​သည် ငါ​နှင့်အတူ​ရှိ​တော်မူ​သောကြောင့် ငါ​သည် တစ်ကိုယ်တည်း​မ​ဟုတ်။ 33သင်​တို့​သည် ငါ့​အားဖြင့် ငြိမ်သက်​ခြင်း​ရှိ​ကြ​စေရန် ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ဟောပြော​ပြီ။ သင်​တို့​သည် ဤ​လောက​၌ ဆင်းရဲ​ဒုက္ခ​နှင့်​ကြုံတွေ့​ရ​ကြ​လိမ့်မည်။ သို့သော် မစိုးရိမ်​ကြ​နှင့်။ ငါ​သည် ဤ​လောက​ကို​အောင်နိုင်​ပြီ”​ဟု ပြန်​၍​မိန့်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်ယောဟန်ခရစ်ဝင် 16: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။