YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 14

14
လမ်း၊ သမ္မာတရားနှင့် အသက်
1 သင်​တို့​စိတ်​ပူပန်​ခြင်း​မ​ရှိ​ကြ​နှင့်။ ဘုရားသခင်​ကို​ယုံကြည်​ကြ​လော့။ ငါ့​ကို​လည်း​ယုံကြည်​ကြ​လော့။ 2ငါ့​ခမည်းတော်​၏​အိမ်​တော်​၌ နေ​စရာ​များစွာ​ရှိ​၏။ မ​ရှိ​ပါက မ​ရှိ​ကြောင်း သင်​တို့​အား ငါ​ပြော​ခဲ့​ပေ​လိမ့်မည်။ သင်​တို့​အတွက် နေရာ​ပြင်ဆင်​ရန် ငါ​သွား​မည်။ 3ထိုသို့​သွား​၍ သင်​တို့​အတွက်​နေရာ​ပြင်ဆင်​ပြီးလျှင် ငါ​ရှိ​ရာ​အရပ်​၌ သင်​တို့​လည်း​ရှိ​စေရန် တစ်ဖန်​ပြန်လာ​၍ သင်​တို့​ကို ငါ့​ထံသို့ ခေါ်ယူ​သိမ်းဆည်း​မည်။ 4ငါ​သွား​ရာ​အရပ်​သို့​ရောက်​သော​လမ်း​ကို သင်​တို့​သိ​ကြ​၏”​ဟု မိန့်​တော်မူ​၏။
5သောမ​က “သခင်​ဘုရား၊ ကိုယ်တော်​သည် မည်သည့်​အရပ်​သို့ ကြွ​တော်မူ​မည်​ကို အကျွန်ုပ်​တို့​မ​သိ​သည်​ဖြစ်၍ ထို​လမ်း​ကို မည်သို့​သိ​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​လျှင်
6ယေရှု​က“ငါ​သည် လမ်း၊ သမ္မာတရား​နှင့် အသက်​ဖြစ်​၏။ ငါ့​ကို​အမှီ​မ​ပြု​လျှင် မည်သူမျှ ခမည်းတော်​ထံသို့​မ​ရောက်​နိုင်​ရာ။
ခမည်းတော်ကိုဖော်ပြခြင်း
7 သင်​တို့​သည် ငါ့​ကို​သိ​ခဲ့​လျှင် ငါ့​ခမည်းတော်​ကို​လည်း သိ​ခဲ့​ကြ​ပေ​လိမ့်မည်။ ယခု​မှစ၍ သင်​တို့​သည် ခမည်းတော်​ကို​သိ​လျက် မြင်​ရ​ကြ​လေ​ပြီ”​ဟု မိန့်​တော်မူ​၏။
8ဖိလိပ္ပု​က “သခင်​ဘုရား၊ ခမည်းတော်​ကို အကျွန်ုပ်​တို့​အား​ပြ​တော်မူ​ပါ။ ထိုသို့​ပြ​တော်မူ​လျှင် အကျွန်ုပ်​တို့​အတွက် လုံလောက်​ပါ​ပြီ”​ဟု လျှောက်​လေ​၏။
9ယေရှု​က“ဖိလိပ္ပု၊ ငါ​သည် သင်​တို့​နှင့်အတူ ဤမျှလောက်​ကြာမြင့်​စွာ​ရှိ​လျက်​နှင့်​ပင် သင်​သည် ငါ့​ကို​မ​သိ​ခဲ့​သလော။ ငါ့​ကို​မြင်​သော​သူ​သည် ခမည်းတော်​ကို​မြင်​လေ​ပြီ။ သို့ဖြစ်လျှင် ‘ခမည်းတော်​ကို အကျွန်ုပ်​တို့​အား​ပြ​တော်မူ​ပါ’​ဟု သင်​မည်သို့​ဆို​နိုင်​သနည်း။ 10ငါ​သည် ခမည်းတော်​၌​ရှိ​၍ ခမည်းတော်​သည် ငါ​၌​ရှိ​တော်မူ​သည်​ကို သင်​မ​ယုံ​သလော။ သင်​တို့​အား ငါ​ပြောဆို​သော​စကား​တို့​ကို ငါ့​ဆန္ဒ​အလျောက်​ငါ​ပြောဆို​သည်​မ​ဟုတ်။ ငါ​၌​တည်​နေ​တော်မူ​သော​ခမည်းတော်​သည် သူ​၏​အမှု​တော်​များ​ကို​ပြု​တော်မူ​ခြင်း​သာ​ဖြစ်​၏။ 11ငါ​သည် ခမည်းတော်​၌​ရှိ​၍ ခမည်းတော်​သည် ငါ​၌​ရှိ​ကြောင်း​ကို ယုံ​ကြ​လော့။ မ​ယုံ​နိုင်​လျှင် ငါ​ပြု​သော​အမှု​များ​ကို​ထောက်၍ ယုံ​ကြ​လော့။
ယေရှု၏နာမတော်၌တောင်းလျှောက်ခြင်း
12 သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ့​ကို​ယုံကြည်​သော​သူ​သည် ငါ​ပြု​သော​အမှု​တို့​ကို​ပြု​လိမ့်မည်။ ထို​ထက် ပို၍​ကြီးမြတ်​သော​အမှု​တို့​ကို​လည်း ပြု​လိမ့်မည်။ အကြောင်းမူကား ငါ​သည် ခမည်းတော်​ထံသို့​သွား​မည်​ဖြစ်​၏။ 13ခမည်းတော်​သည် သား​တော်​အားဖြင့် ဘုန်း​တော်​ထင်ရှား​မည့်​အကြောင်း ငါ​၏​နာမ​၌ သင်​တို့​တောင်းလျှောက်​သမျှ​ကို ငါ​ပြု​မည်။ 14သင်​တို့​သည် ငါ​၏​နာမ​၌ တစ်စုံတစ်ခု​ကို​တောင်းလျှောက်​လျှင် ငါ​သည် ထို​အရာ​ကို​ပြု​မည်။
သန့်ရှင်းသောဝိညာဉ်တော်ကိုပေးမည်ဟူသောကတိတော်
15 သင်​တို့​သည် ငါ့​ကို​ချစ်​လျှင် ငါ​၏​ပညတ်​ချက်​များ​ကို စောင့်ထိန်း​ကြ​လိမ့်မည်။ 16ငါ​သည်​လည်း ခမည်းတော်​ကို​တောင်းလျှောက်​သဖြင့် ခမည်းတော်​သည် အခြား​သော​ကူညီ​မစ​သူ​တစ်​ပါး​ကို သင်​တို့​နှင့်အတူ ကာလ​အစဉ်အဆက်​ရှိ​စေရန် သင်​တို့​အား​ပေး​တော်မူ​မည်။ 17ထို​အရှင်​မှာ သမ္မာတရား​၏​ဝိညာဉ်​တော်​ဖြစ်​၏။ ဤ​လောက​သည် ထို​အရှင်​ကို မြင်​လည်း​မ​မြင်၊ သိ​လည်း​မ​သိ​သောကြောင့် ထို​အရှင်​ကို​မ​ခံယူ​မ​ရရှိ​နိုင်။ သို့သော် ထို​အရှင်​သည် သင်​တို့​နှင့်အတူ​တည်​နေ​၍ သင်​တို့​၌​ရှိ​နေ​မည်​ဖြစ်​သောကြောင့် သင်​တို့​သည် ထို​အရှင်​ကို​သိ​ကြ​၏။ 18ငါ​သည် သင်​တို့​ကို မိဘမဲ့​အဖြစ် ပစ်ထား​မည်​မ​ဟုတ်။ သင်​တို့​ထံသို့ ငါ​ပြန်လာ​ဦး​မည်။
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်
19 နောက်ထပ် ခဏ​ကြာ​လျှင် ဤ​လောက​သည် ငါ့​ကို​မြင်​ရ​တော့မည်​မ​ဟုတ်။ သင်​တို့​မူကား ငါ့​ကို​မြင်​ရ​ကြ​လိမ့်မည်။ ငါ​သည်​အသက်ရှင်​သောကြောင့် သင်​တို့​သည်​လည်း အသက်ရှင်​ရ​ကြ​လိမ့်မည်။ 20ထို​နေ့​တွင် ငါ့​ခမည်းတော်​၌ ငါ​ရှိ​သည်​ကို​လည်းကောင်း၊ သင်​တို့​သည် ငါ​၌​ရှိ​၍ ငါ​သည် သင်​တို့​၌​ရှိ​သည်​ကို​လည်းကောင်း သင်​တို့​သိ​ကြ​လိမ့်မည်။ 21ငါ​၏​ပညတ်​ချက်​များ​ကို​ရရှိ​၍ ၎င်း​တို့​ကို​စောင့်ထိန်း​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်​၏။ ငါ့​ကို​ချစ်​သော​သူ​အား ငါ့​ခမည်းတော်​သည် ချစ်​တော်မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်​၍ သူ့​ထံ၌ မိမိကိုယ်ကို​ထင်ရှား​စေ​မည်”​ဟု မိန့်​တော်မူ​၏။
22ယုဒ​ဣရှကာရုတ်​မ​ဟုတ်​သော​ယုဒ​က “သခင်​ဘုရား၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထံ မိမိကိုယ်ကို​ထင်ရှား​စေရန်​ကြံရွယ်​တော်မူ​သော်လည်း လောကီသား​တို့​ထံ မ​ထင်ရှား​စေ​သည်​မှာ မည်သို့​နည်း”​ဟု မေးလျှောက်​၏။
23ယေရှု​က​လည်း“မည်သူမဆို ငါ့​ကို​ချစ်​လျှင် ငါ့​စကား​ကို လိုက်နာ​စောင့်ထိန်း​လိမ့်မည်။ ငါ့​ခမည်းတော်​သည်​လည်း ထို​သူ​ကို​ချစ်​တော်မူ​သဖြင့် ငါ​တို့​သည် သူ့​ထံသို့​လာ​၍ သူ​နှင့်အတူ​နေထိုင်​မည်။ 24ငါ့​ကို​မ​ချစ်​သော​သူ​သည် ငါ့​စကား​ကို​လိုက်နာ​စောင့်ထိန်း​ခြင်း​မ​ရှိ။ သင်​တို့​ကြား​ရ​သော​စကား​သည် ငါ​၏​စကား​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော ခမည်းတော်​၏​စကား​ဖြစ်​၏။ 25သင်​တို့​နှင့်အတူ​ရှိ​နေ​စဉ် ဤ​အရာ​များ​ကို ငါ​ဟောပြော​ခဲ့​ပြီ။ 26သို့သော် ငါ့​နာမ​၌ ခမည်းတော်​စေလွှတ်​တော်မူ​မည့် ကူညီ​မစ​သူ​တည်းဟူသော သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား​သွန်သင်​တော်မူ​၍ ငါ​ပြောဆို​ခဲ့​သမျှ​သော​အရာ​တို့​ကို သင်​တို့​အား ပြန်လည်​သတိရ​စေ​တော်မူ​လိမ့်မည်။
ငြိမ်သက်ခြင်းကိုပေးတော်မူခြင်း
27 ငါ​သည် ငြိမ်သက်​ခြင်း​ကို သင်​တို့​၌​ထားခဲ့​၏။ ငါ​၏​ငြိမ်သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး​၏။ ဤ​လောက​ပေး​သည့်​အတိုင်း သင်​တို့​အား ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့​စိတ်​ပူပန်​ခြင်း​မ​ရှိ​ကြ​နှင့်။ ကြောက်ရွံ့​ခြင်း​လည်း​မ​ရှိ​ကြ​နှင့်။ 28ငါ​သည် သွား​သော်လည်း သင်​တို့​ထံသို့​ပြန်လာ​ဦး​မည်​ဟု ငါ​ပြော​ခဲ့​သည်​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လျှင် ခမည်းတော်​ထံသို့ ငါ​သွား​သည့်​အတွက် ဝမ်းမြောက်​ကြ​လိမ့်မည်။ အကြောင်းမူကား ခမည်းတော်​သည် ငါ့​ထက် ကြီးမြတ်​တော်မူ​၏။ 29ထို​အခြင်းအရာ​ဖြစ်ပျက်​လာ​သောအခါ သင်​တို့​ယုံကြည်​ကြ​စေရန် မ​ဖြစ်ပျက်​မီ​က​ပင် သင်​တို့​ကို ယခု ငါ​ပြော​ထား​၏။ 30ငါ​သည် သင်​တို့​နှင့် များစွာ​ပြော​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ဤ​လောက​ကို​အုပ်ချုပ်​သူ​သည် ရောက်လာ​တော့မည်။ သူ​သည် ငါ့​အပေါ်၌ မည်သည့်​အခွင့်​အာဏာ​မျှ​မ​ရှိ။ 31သို့ရာတွင် ငါ​သည် ခမည်းတော်​ကို​ချစ်​ကြောင်း ဤ​လောက​အား​သိ​စေရန် ငါ့​ကို ခမည်းတော်​မိန့်မှာ​တော်မူ​သည့်​အတိုင်း ငါ​ပြု​၏။ ထ​ကြ​လော့။ ဤ​အရပ်​မှ​သွား​ကြ​ကုန်စို့။

လက်ရှိရွေးချယ်ထားမှု

ရှင်ယောဟန်ခရစ်ဝင် 14: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။