YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီးမှတ်စာ 1

1
ခါနာန်လူမျိုးတို့ကိုတိုက်ခိုက်ရာ၌ ယုဒလူမျိုးဦးဆောင်ခြင်း
1ယောရှု​သေဆုံး​ပြီးနောက် အစ္စရေး​အမျိုးသား​တို့​က ထာဝရဘုရား​အား “​ခါနာန်​လူမျိုး​တို့​ကို မည်သူ ဦးစွာ​သွား​၍​တိုက်ခိုက်​ရ​မည်နည်း​”​ဟု မေးလျှောက်​ကြ​လျှင်
2ထာဝရဘုရား​က “​ယုဒ​အမျိုး ချီတက်​ရ​မည်​။ ကြည့်ရှု​လော့​။ ဤ​ပြည်​ကို သူ​တို့​လက်​သို့ ငါ​အပ်​ပြီ​”​ဟု မိန့်​တော်မူ​၏​။
3ထိုအခါ ယုဒ​အမျိုး​တို့​က မိမိ​တို့​အစ်ကို​ရှိမောင်​အမျိုး​တို့​အား “​ခါနာန်​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် ငါ​တို့​အမွေမြေ​သို့ ငါ​တို့​နှင့်အတူ ချီတက်​ပါ​လော့​။ ငါ​တို့​သည်​လည်း သင်​တို့​အမွေမြေ​သို့ သင်​တို့​နှင့်အတူ ချီတက်​မည်​”​ဟု ဆို​သဖြင့် ရှိမောင်​အမျိုး​တို့​လည်း သူ​တို့​နှင့်အတူ ချီတက်​လေ​၏​။
4ယုဒ​အမျိုး​ချီတက်​သွား​သောအခါ ထာဝရဘုရား​သည် ခါနာန်​လူမျိုး​နှင့် ဖေရဇိ​လူမျိုး​တို့​ကို သူ​တို့​လက်​သို့​အပ်​တော်မူ​သဖြင့် သူ​တို့​သည် ဗေဇက်​မြို့​၌ လူ​တစ်သောင်း​ကို သတ်​လေ​၏​။ 5ဗေဇက်​မြို့​တွင် အဒေါနိဗေဇက်​မင်းကြီး​နှင့် ရင်ဆိုင်​တိုက်ခိုက်​ကြ​၏​။ ခါနာန်​လူမျိုး​၊ ဖေရဇိ​လူမျိုး​တို့​ကို​လည်း အနိုင်ရ​၏​။
6အဒေါနိဗေဇက်​မင်းကြီး ထွက်ပြေး​သဖြင့် သူ့​ကို​လိုက်လံ​ဖမ်းဆီး​ပြီး သူ​၏​ခြေမ​၊ လက်မ​တို့​ကို​ဖြတ်ပစ်​လေ​၏​။ 7ထိုအခါ အဒေါနိဗေဇက်​မင်းကြီး​က “​ငါ​သည် ဘုရင်​အပါး​ခုနစ်ဆယ်​တို့​၏​ခြေမ​၊ လက်မ​ကို​ဖြတ်​၍ ငါ့​စားပွဲ​အောက်​၌​စားနုပ်စားပေါက်​တို့​ကို​ကောက်စား​စေ​ခဲ့​၏​။ ဘုရားသခင်​သည် ငါ​ပြု​ခဲ့​သည့်​အတိုင်း ငါ့​အား​ပြန်ပြု​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။ သူ​တို့​သည် အဒေါနိဗေဇက်​မင်းကြီး​ကို ဂျေရုဆလင်​မြို့​သို့​ခေါ်ဆောင်​သွား​ပြီး ထို​မြို့​၌ပင် သူ​သေ​လေ​၏​။
8ယုဒ​အမျိုးသား​တို့​သည် ဂျေရုဆလင်​မြို့​ကို တိုက်ခိုက်​သိမ်းပိုက်​ကြ​၏​။ မြို့သား​တို့​ကို ဓား​ဖြင့် လုပ်ကြံ​၍ မြို့​ကို မီးရှို့​ပစ်​ကြ​၏​။ 9ထို့နောက် ယုဒ​အမျိုးသား​တို့​သည် တောင်ပေါ်ဒေသ​၊ နေဂေ့​အရပ်​၊ မြေနိမ့်ဒေသ စသည်​တို့​၌ နေထိုင်​သော ခါနာန်​လူမျိုး​တို့​ကို သွား​၍​တိုက်ခိုက်​ကြ​၏​။ 10တစ်ဖန် ယုဒ​အမျိုးသား​တို့​သည် ယခင်က ကိရယအာဘ​ဟု​ခေါ်​သော ဟေဗြုန်​မြို့​ရှိ ခါနာန်​လူမျိုး​တို့​ထံသို့ ချီတက်​သွား​၍ ရှေရှဲ​၊ အဟိမန်​၊ တာလမဲ​တို့​ကို သတ်ပစ်​၏​။ 11တစ်ဖန် ထို​မြို့​မှ ဒေဗိရ​မြို့​သို့ ချီတက်​သွား​၏​။ ဒေဗိရ​မြို့​ကို ယခင်က ကိရယဿေဖာ​မြို့ ဟု​ခေါ်​၏​။
12ကာလက်​က “​ကိရယဿေဖာ​မြို့​ကို တိုက်ခိုက်​သိမ်းပိုက်​နိုင်​သော​သူ​အား ငါ့​သမီး​အာခသ​နှင့် ပေးစား​မည်​”​ဟု ဆို​၏​။ 13ကာလက်​၏​ညီ ကေနတ်​၏​သား ဩသံယေလ​က ထို​မြို့​ကို​သိမ်းပိုက်​နိုင်​သဖြင့် ကာလက်​သည် သူ့​အား သမီး​အာခသ​နှင့် ပေးစား​လေ​၏​။
14အာခသ​သည် ခင်ပွန်း​နှင့်​လိုက်သွား​စဉ် မိမိ​ဖခင်​ထံမှ​လယ်​တစ်​ကွက် တောင်း​ကြ​မည်​ဟု ခင်ပွန်းသည်​အား​ဆို​လျက် မြည်း​ပေါ်​က​ဆင်း​သောအခါ ကာလက်​က “​ဘာ​အလိုရှိ​သနည်း​”​ဟု မေး​၏​။ 15သူ​က​လည်း “​လက်ဖွဲ့​တစ်​ခု တောင်း​ပါရစေ​။ ကျွန်မ​အား နေဂေ့​အရပ်​မှ​မြေ​ကို အဖေ​ပေး​ပြီ​။ စမ်းရေတွင်း​ကို​လည်း ပေး​ပါဦးလော့​”​ဟု ဆို​၏​။ ထို့ကြောင့် ကာလက်​သည် သူ​၏​သမီး​အား အထက်​စမ်းရေတွင်း​နှင့် အောက်​စမ်းရေတွင်း​တို့​ကို ပေး​လေ​၏​။
16မောရှေ​ယောက္ခမ​၏​သားမြေး ကေနိ​အမျိုးသား​တို့​သည် ယုဒ​အမျိုးသား​တို့​နှင့်အတူ စွန်ပလွံ​မြို့​မှ အာရဒ်​နေဂေ့​အရပ်​ရှိ ယုဒ​တောကန္တာရ​သို့ လိုက်သွား​၍ ထို​အရပ်သား​တို့​နှင့်အတူ နေထိုင်​ကြ​၏​။
17တစ်ဖန် ယုဒ​အမျိုး​တို့​သည် မိမိ​တို့​အစ်ကို​ရှိမောင်​အမျိုး​တို့​နှင့်အတူ ဇေဖတ်​မြို့သား ခါနာန်​လူမျိုး​တို့​ကို သွားရောက်​တိုက်ခိုက်​ကာ မြို့​ကို အကုန်အစင်​ဖျက်ဆီး​ပစ်​ပြီးလျှင် ထို​မြို့​ကို ဟောမာ#1:17 “အကုန်အစင်ဖျက်ဆီး”ဟူသောအဓိပ္ပာယ်ရှိ၏။​မြို့​ဟု ခေါ်​လေ​၏​။ 18ယုဒ​အမျိုး​တို့​သည် ဂါဇ​မြို့​နှင့်​ထို​မြို့​၏​နယ်မြေ​၊ အာရှကေလုန်​မြို့​နှင့် ထို​မြို့​၏​နယ်မြေ​၊ ဧကြုန်​မြို့​နှင့် ထို​မြို့​၏​နယ်မြေ စသည်​တို့​ကို သိမ်းပိုက်​လေ​၏​။ 19ထာဝရဘုရား​သည် ယုဒ​အမျိုး​တို့​နှင့်အတူ ပါရှိ​တော်မူ​သဖြင့် သူ​တို့​သည် တောင်ပေါ်ဒေသ​တို့​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။ ချိုင့်ဝှမ်းဒေသ​၌​နေထိုင်​သော​သူ​တို့​မူကား သံ​စစ်ရထား​များ​ပိုင်ဆိုင်​သောကြောင့် ထို​သူ​တို့​ကို မ​နှင်ထုတ်​နိုင်​ခဲ့​ပေ​။
20မောရှေ မှာကြား​ခဲ့​သည့်​အတိုင်း ကာလက်​အား ဟေဗြုန်​မြို့​ကို ပေး​၏​။ ကာလက်​သည် အာနက​၏​သား​သုံး​ယောက်​ကို နှင်ထုတ်​၏​။
ဗင်္ယာမိန်အမျိုးသားတို့၏ရှုံးနိမ့်မှု
21ဗင်္ယာမိန်​အမျိုးသား​တို့​သည် ဂျေရုဆလင်​မြို့သား ယေဗုသိ​လူမျိုး​တို့​ကို မ​နှင်ထုတ်​ခဲ့​သဖြင့် ယေဗုသိ​လူမျိုး​တို့​သည် ဗင်္ယာမိန်​အမျိုးသား​တို့​နှင့်အတူ ယနေ့​တိုင်အောင် ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​လေ​၏​။
ယောသပ်အမျိုးအနွယ်တို့၏အောင်မြင်မှု
22ယောသပ်​အမျိုးအနွယ်​တို့​သည်​လည်း ဗေသလ​မြို့​ကို သွားရောက်​တိုက်ခိုက်​ကြ​၏​။ ထာဝရဘုရား​သည် သူ​တို့​နှင့်အတူ ရှိ​တော်မူ​၏​။ 23ယောသပ်​အမျိုးအနွယ်​တို့​သည် ဗေသလ​မြို့​ကို စူးစမ်း​ရန် သူလျှို​တို့​ကို​စေလွှတ်​၏​။ ဗေသလ​မြို့​ကို ယခင်က လုဇ​မြို့ ဟု​ခေါ်​၏​။ 24သူလျှို​တို့​သည် မြို့​ထဲမှ​လူ​တစ်​ယောက်​ထွက်လာ​သည်​ကို မြင်​လျှင် “​မြို့ဝင်လမ်း​ကို ပြ​ပေး​ပါ​။ သင့်​ကို အသက်ချမ်းသာ​ပေး​ပါ​မည်​”​ဟု သူ့​အား ပြော​သဖြင့် 25သူ​သည် မြို့ဝင်လမ်း​ကို ပြ​ပေး​၏​။ သူ​တို့​သည်​လည်း မြို့​ကို ဓား​နှင့်​တိုက်ခိုက်​ကြ​ပြီး လမ်းပြပေးသူ​၏​မိသားစု​များ​ကို​မူ လွတ်မြောက်​ခွင့်​ပေး​လေ​၏​။ 26ထို​သူ​သည် ဟိတ္တိ​ပြည်​သို့​သွား​၍ မြို့​ကို​တည်​ကာ ထို​မြို့​၏​အမည်​ကို လုဇ ဟု​မှည့်ခေါ်​၏​။ ထို​မြို့​ကို ယနေ့​တိုင်အောင် ထိုသို့​ခေါ်ဆို​လေ​၏​။
အခြားအမျိုးအနွယ်တို့၏ရှုံးနိမ့်မှု
27မနာရှေ​အမျိုးအနွယ်​သည် ဗက်ရှန်​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ တာနက်​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ ဒေါရ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ ဣဗလံ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ မေဂိဒ္ဒေါ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ စသည်​တို့​၌​နေထိုင်​သော​သူ​တို့​ကို မ​နှင်ထုတ်​နိုင်​ကြ​။ ခါနာန်​လူမျိုး​တို့​သည် ထို​ပြည်​၌ အတင်း​နေထိုင်​ကြ​၏​။ 28အစ္စရေး​လူမျိုး​တို့ အင်အားကြီး​လာ​သောအခါ​တွင်​လည်း ခါနာန်​လူမျိုး​တို့​ကို မ​နှင်ထုတ်​ဘဲ အခွန်​ဆက်​စေ​ကြ​၏​။
29ဧဖရိမ်​အမျိုးသား​တို့​သည် ဂေဇာ​မြို့သား ခါနာန်​လူမျိုး​တို့​ကို မ​နှင်ထုတ်​ခဲ့​ပေ​။ ထို့ကြောင့် ခါနာန်​လူမျိုး​တို့​သည် သူ​တို့​နှင့်အတူ ဂေဇာ​မြို့​၌ နေထိုင်​ကြ​၏​။
30ဇာဗုလုန်​အမျိုးအနွယ်​သည်​လည်း ကိတရုန်​မြို့သား​၊ နဟာလောလ​မြို့သား တို့​ကို မ​နှင်ထုတ်​သောကြောင့် ခါနာန်​လူမျိုး​တို့​သည် သူ​တို့​နှင့်အတူ​နေထိုင်​၍ အခွန်​ဆက်သ​ကြ​၏​။
31အာရှာ​အမျိုးအနွယ်​သည်​လည်း အက္ခော​မြို့သား​၊ ဆီဒုန်​မြို့သား​၊ အာလပ်​မြို့သား​၊ အာခဇိပ်​မြို့သား​၊ ဟေလဗ​မြို့သား​၊ အာဖိတ်​မြို့သား​၊ ရဟောဘ​မြို့သား​တို့​ကို​မ​နှင်ထုတ်​ခဲ့​ပေ​။ 32ထိုသို့ အာရှာ​အမျိုးသား​တို့​သည် ထို​ပြည်သား ခါနာန်​လူမျိုး​တို့​ကို မ​နှင်ထုတ်​ဘဲ သူ​တို့​နှင့်အတူ​နေထိုင်​လေ​၏​။
33နဿလိ​အမျိုးသား​တို့​သည်​လည်း ဗက်ရှေမက်​မြို့သား​၊ ဗက်အာနတ်​မြို့သား​တို့​ကို မ​နှင်ထုတ်​ဘဲ ထို​ပြည်သား​ခါနာန်​လူမျိုး​တို့​နှင့်အတူ​နေထိုင်​၍ ဗက်ရှေမက်​မြို့သား​၊ ဗက်အာနတ်​မြို့သား​တို့​ကို အခွန်ဆက်​စေ​ကြ​၏​။
34အာမောရိ​လူမျိုး​တို့​သည် ဒန်​သားမြေး​တို့​ကို ချိုင့်ဝှမ်းဒေသ​တွင်​နေထိုင်​ခွင့်​မ​ပေး​၊ တောင်ပေါ်ဒေသ​သို့ နှင်ထုတ်​ကြ​၏​။ 35အာမောရိ​လူမျိုး​တို့​သည် အာယလုန်​မြို့​၊ ရှာလဗိမ်​မြို့​နှင့် ဟေရက်​တောင်​ပေါ်​တို့​တွင် အတင်း​နေထိုင်​ကြ​၏​။ ယောသပ်​အမျိုးအနွယ် အင်အား​ကြီး​လာ​သောအခါ အာမောရိ​လူမျိုး​တို့​ကို အခွန်ဆက်​စေ​ကြ​၏​။ 36အာမောရိ​နယ်နိမိတ်​သည် အကရဗ္ဗိမ်​တောင်ကုန်း​မှစ၍ သေလ​မြို့​အပေါ်ဘက်​အထိ ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

တရားသူကြီးမှတ်စာ 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။