YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိဩဝါဒစာ 4:1-12

ဂလာတိဩဝါဒစာ 4:1-12 MSBU

ငါ​ဆိုလို​သည်​ကား အမွေခံ​သည် အမွေ​ပစ္စည်း​ရှိသမျှ​ကို ပိုင်ဆိုင်​သူ​ဖြစ်​သော်လည်း ကလေး​သူငယ်​ဖြစ်​နေ​သေး​သရွေ့ ကျွန်​နှင့်​ခြားနား​ခြင်း​မ​ရှိ​ဘဲ ဖခင်​သတ်မှတ်​သော​အချိန်​မ​ရောက်​မချင်း အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ​နှင့်​ဘဏ္ဍာစိုး​တို့​၏​လက်အောက်​၌ နေ​ရ​၏။ ထိုနည်းတူ ငါ​တို့​သည်​လည်း ကလေး​သူငယ်​ဖြစ်​ကြ​စဉ် လောက​၏​အခြေခံ​တရား​အောက်၌ ကျွန်ခံ​ခဲ့​ကြ​၏။ သို့သော် အချိန်​ကာလ​ပြည့်စုံ​ခြင်း​သို့​ရောက်​သောအခါ ဘုရားသခင်​သည် မိမိ​၏​သား​တော်​ကို​စေလွှတ်​တော်မူ​၍ ထို​သား​တော်​သည် မိန်းမ​တစ်​ဦး​မှ​မွေးဖွား​လျက် ပညတ်​တရား​အောက်၌ ပေါ်ထွန်း​တော်မူ​၏။ ဤသည်ကား ပညတ်​တရား​အောက်၌​ရှိ​သော​သူ​တို့​ကို ရွေးနုတ်​တော်မူ​သဖြင့် ငါ​တို့​သည် သားသမီး​အရာ​ကို​ရရှိ​ကြ​ရန်​ဖြစ်​၏။ ထိုသို့ သင်​တို့​သည် သား​သမီး​များ​ဖြစ်​ကြ​သောကြောင့် ဘုရားသခင်​သည် “အဗ္ဗ၊ အဖ”​ဟု ခေါ်​တတ်​သော မိမိ​သား​တော်​၏​ဝိညာဉ်​တော်​ကို ငါ​တို့​၏​စိတ်နှလုံး​ထဲသို့ စေလွှတ်​တော်မူ​၏။ သို့ဖြစ်၍ သင်​သည် ကျွန်​မ​ဟုတ်​တော့​ဘဲ သား​ဖြစ်​၏။ သား​ဖြစ်​လျှင် ဘုရားသခင်​အားဖြင့် အမွေခံ​လည်း​ဖြစ်​၏။ သို့သော် ဘုရားသခင်​ကို​မ​သိ​ခဲ့​စဉ်​က သင်​တို့​သည် ပင်ကို​အားဖြင့် ဘုရား​မ​ဟုတ်​သော​အရာ​များ​ထံ ကျွန်ခံ​ခဲ့​ကြ​၏။ ယခု​မူကား သင်​တို့​သည် ဘုရားသခင်​ကို​သိ​ကြ​၏။ တစ်နည်းဆိုရလျှင် ဘုရားသခင်​သည် သင်​တို့​ကို​သိ​တော်မူ​၏။ သို့ဖြစ်လျှင် အားနည်း​၍ ချမ်းသာ​မ​ပေး​နိုင်​သော​အခြေခံ​တရား​ဘက်​သို့ အဘယ်ကြောင့် ပြန်လှည့်​၍ ထို​အခြေခံ​တရား​ထံ အသစ်တစ်ဖန် ပြန်၍​ကျွန်ခံ​လို​ကြ​သနည်း။ သင်​တို့​သည် နေ့ရက်​များ၊ လ​များ၊ အချိန်အခါ​များ​နှင့် နှစ်​များ​ကို စောင့်ထိန်း​ကြ​ပြီ​တကား။ သင်​တို့​အတွက် ငါ​ကြိုးစား​လုပ်ဆောင်​ခဲ့​သော​အရာ​သည် အကြောင်း​တစ်စုံတစ်ခု​ကြောင့် အချည်းနှီး​ဖြစ်​ပြီ​လော​ဟု သင်​တို့​အတွက် ငါ​စိုးရိမ်​၏။ ညီအစ်ကို​တို့၊ ငါ​ကဲ့သို့​ဖြစ်​ကြ​ပါ​ဟု သင်​တို့​အား ငါ​တောင်းပန်​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​သည်​လည်း သင်​တို့​ကဲ့သို့​ဖြစ်​ခဲ့​၏။ သင်​တို့​သည် ငါ့​အပေါ် မည်သည့်​မတရား​မှု​ကို​မျှ မ​ပြု​ခဲ့​ကြ​ပေ။