ဂလာတိ 4:1-12
ဂလာတိ 4:1-12 Judson Bible (JBMLE)
တစ်ဖန်တုံ၊ အမွေခံမည်သည်ကား၊ ဥစ္စာရှိသမျှကို ပိုင်ထိုက်သောသူ ဖြစ်သော်လည်း၊ အရွယ်မရောက်မီ ကာလပတ်လုံး အစေအပါကျွန်နှင့် တူ၏။- အဘစီရင်နှင့်သော အချိန်ကာလ မရောက်မီတိုင်အောင် အစောင့်အထိန်း အအုပ်အချုပ်တို့ လက်၌ ရှိ၏။- ထိုနည်းတူငါတို့သည် အရွယ်မရောက်မီ လောကီတရားနုလက်၌ ကျွန်ခံရကြ၏။- အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကို ခံရမည်အကြောင်း၊- ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနုတ်စေခြင်းငှာ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဖွားမြင်ရသော သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။- ထိုသို့သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏။- သို့ဖြစ်၍ သင်တို့သည် နောက်တစ်ဖန် အစေအပါကျွန် မဖြစ်၊ သားပင် ဖြစ်ကြ၏။ သားဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင်၏ အမွေခံလည်း ဖြစ်ကြ၏။ သို့သော်လည်း အထက်က သင်တို့သည် ဘုရားသခင်ကို မသိသောအခါ၊ ဇာတိအားဖြင့် ဘုရားမဟုတ်သော သူတို့၏အမှုကို ဆောင်ရွက်ကြ၏။- ယခုမူကားသင်တို့သည် ဘုရားသခင်ကို သိပြီးမှဟူ၍မဆို၊ ဘုရားသင်သည် သင်တို့ကို သိတော်မူပြီးမှ၊ အားမရှိ၊ ချမ်းသာမပေးနိုင်သော တရားနုဘက်သို့ အဘယ်ကြောင့် တစ်ဖန် ပြောင်းလဲကြသနည်း။ ထိုလောကီ တရား၌ တစ်ဖန် ကျွန်ခံခြင်းငှာ အလိုရှိကြပြီတကား။- နှစ်၊ လ၊ နေ့ရက်၊ အချိန်ကာလများကို စောင့်ကြပြီတကား။- ငါသည်သင်တို့ဆီမှာ အချည်းနှီး ကြိုးစားအားထုတ်သည်ဟု သင်တို့၏အကြောင်းကြောင့် စိုးရိမ် လျက်ရှိ၏။- ညီအစ်ကိုတို့၊ သင်တို့ကဲ့သို့ငါဖြစ်၏။ ငါကဲ့သို့ သင်တို့ဖြစ်ကြလော့ဟု ငါတောင်းပန်၏။ သင်တို့သည် ငါ့ကို အလျှင်းမပြစ်မှားကြ။
ဂလာတိ 4:1-12 Common Language Bible (BCL)
ဆက်လက်၍ဖော်ပြပါမည်။ လူတစ်ဦးတစ်ယောက် ၏သားသည်အဖ၏ဥစ္စာပစ္စည်းရှိသမျှကိုအမွေ ခံထိုက်သဖြင့် အမှန်ပင်ပိုင်ဆိုင်သူဖြစ်သော်လည်း အရွယ်မရောက်မီကာလအတွင်း၌ကျွန်တစ် ယောက်ကဲ့သို့နေရ၏။- သူသည်ဖခင်သတ်မှတ်ပေးသည့်အချိန်ကာလမ ရောက်မီ အုပ်ထိန်းသူများနှင့်မိမိ၏အမှုကိစ္စ အဝဝကိုစီမံအုပ်ချုပ်သူများ၏လက်အောက် တွင်နေရ၏။- ထိုနည်းတူစွာငါတို့သည်လည်းဝိညာဉ်ရေးမ ရင့်ကျက်မီအခါက လောကစကြဝဠာကို အုပ်စိုးသောဝိညာဉ်များ၏ကျွန်ဖြစ်ကြ၏။- သို့ရာတွင်နောက်ဆုံး၌အချိန်တန်သောအခါ ဘုရားသခင်သည်မိမိ၏သားတော်ကိုစေလွှတ် တော်မူ၏။ ငါတို့သည်ဘုရားသခင်၏သားများ ဖြစ်လာစိမ့်သောငှာထိုသားတော်သည်လူတို့ အား ပညတ်တရား၏လက်အောက်မှရွေးနုတ် ကယ်တင်နိုင်ရန် လူမိခင်မှပညတ်တရား အောက်ဖွားမြင်ခြင်းကိုခံတော်မူ၏။ သင်တို့သည်ကိုယ်တော်၏သားများဖြစ်ကြောင်း သက်သေပြရန်``အဗ္ဗ၊ အဘ'' ဟုကြွေးကြော်သော သားတော်၏ဝိညာဉ်တော်ကိုငါတို့စိတ်နှလုံး ထဲသို့ဘုရားသခင်စေလွှတ်တော်မူ၏။- သို့ဖြစ်၍သင်သည်ကျွန်မဟုတ်တော့ဘဲသား ဖြစ်လေပြီ။ သားဖြစ်သဖြင့်သားများခံစား ထိုက်သည်များကိုဘုရားသခင်သည်သင့် အားပေးတော်မူလတ္တံ့။ အခါတစ်ပါးကသင်တို့သည်ဘုရားသခင်ကို မသိကြသဖြင့် မစစ်မမှန်သောဘုရားတို့၏ ကျွန်ဖြစ်ခဲ့ကြ၏။- ယခုမှာမူသင်တို့သည်ဘုရားသခင်ကိုသိရှိ လာကြလေပြီ။ သင်တို့အားဘုရားသခင်သိရှိ တော်မူလေပြီဟုငါဆိုသင့်၏။ သို့ဖြစ်၍သင်တို့ သည်အားနည်း၍သနားစရာကောင်းသည့်ဝိညာဉ် များထံသို့အဘယ်ကြောင့်ပြန်လည်သွားလိုကြ သနည်း။ အဘယ်ကြောင့်သူတို့၏ကျွန်ပြန်၍ ဖြစ်လိုကြသနည်း။- သင်တို့သည်အချို့သောနေ့၊ လ၊ ရာသီနှင့်နှစ်များ ကိုအထူးဂရုစိုက်အရေးပေးနေကြသည်။- ငါသည်သင်တို့အတွက်စိုးရိမ်မိ၏။ သင်တို့ အတွက် ငါလုပ်ဆောင်ခဲ့သမျှသောအရာတို့ သည်အချည်းနှီးဖြစ်ရလေတော့မည်လော။ ညီအစ်ကိုတို့၊ သင်တို့သည်ငါကဲ့သို့ဖြစ်ကြရန် ငါတောင်းပန်၏။ ငါသည်သင်တို့ကဲ့သို့ပင်ဖြစ်၏။ သင်တို့သည်ငါ့အားအဘယ်သို့မျှမပြစ်မှား ခဲ့ကြ။
ဂလာတိ 4:1-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါဆိုလိုသည်ကား အမွေခံသည် အမွေပစ္စည်းရှိသမျှကို ပိုင်ဆိုင်သူဖြစ်သော်လည်း ကလေးသူငယ်ဖြစ်နေသေးသရွေ့ ကျွန်နှင့်ခြားနားခြင်းမရှိဘဲ ဖခင်သတ်မှတ်သောအချိန်မရောက်မချင်း အိမ်မှုကိစ္စစီမံကွပ်ကဲသူနှင့်ဘဏ္ဍာစိုးတို့၏လက်အောက်၌ နေရ၏။ ထိုနည်းတူ ငါတို့သည်လည်း ကလေးသူငယ်ဖြစ်ကြစဉ် လောက၏အခြေခံတရားအောက်၌ ကျွန်ခံခဲ့ကြ၏။ သို့သော် အချိန်ကာလပြည့်စုံခြင်းသို့ရောက်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကိုစေလွှတ်တော်မူ၍ ထိုသားတော်သည် မိန်းမတစ်ဦးမှမွေးဖွားလျက် ပညတ်တရားအောက်၌ ပေါ်ထွန်းတော်မူ၏။ ဤသည်ကား ပညတ်တရားအောက်၌ရှိသောသူတို့ကို ရွေးနုတ်တော်မူသဖြင့် ငါတို့သည် သားသမီးအရာကိုရရှိကြရန်ဖြစ်၏။ ထိုသို့ သင်တို့သည် သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်သည် “အဗ္ဗ၊ အဖ”ဟု ခေါ်တတ်သော မိမိသားတော်၏ဝိညာဉ်တော်ကို ငါတို့၏စိတ်နှလုံးထဲသို့ စေလွှတ်တော်မူ၏။ သို့ဖြစ်၍ သင်သည် ကျွန်မဟုတ်တော့ဘဲ သားဖြစ်၏။ သားဖြစ်လျှင် ဘုရားသခင်အားဖြင့် အမွေခံလည်းဖြစ်၏။ သို့သော် ဘုရားသခင်ကိုမသိခဲ့စဉ်က သင်တို့သည် ပင်ကိုအားဖြင့် ဘုရားမဟုတ်သောအရာများထံ ကျွန်ခံခဲ့ကြ၏။ ယခုမူကား သင်တို့သည် ဘုရားသခင်ကိုသိကြ၏။ တစ်နည်းဆိုရလျှင် ဘုရားသခင်သည် သင်တို့ကိုသိတော်မူ၏။ သို့ဖြစ်လျှင် အားနည်း၍ ချမ်းသာမပေးနိုင်သောအခြေခံတရားဘက်သို့ အဘယ်ကြောင့် ပြန်လှည့်၍ ထိုအခြေခံတရားထံ အသစ်တစ်ဖန် ပြန်၍ကျွန်ခံလိုကြသနည်း။ သင်တို့သည် နေ့ရက်များ၊ လများ၊ အချိန်အခါများနှင့် နှစ်များကို စောင့်ထိန်းကြပြီတကား။ သင်တို့အတွက် ငါကြိုးစားလုပ်ဆောင်ခဲ့သောအရာသည် အကြောင်းတစ်စုံတစ်ခုကြောင့် အချည်းနှီးဖြစ်ပြီလောဟု သင်တို့အတွက် ငါစိုးရိမ်၏။ ညီအစ်ကိုတို့၊ ငါကဲ့သို့ဖြစ်ကြပါဟု သင်တို့အား ငါတောင်းပန်၏။ အဘယ်ကြောင့်ဆိုသော် ငါသည်လည်း သင်တို့ကဲ့သို့ဖြစ်ခဲ့၏။ သင်တို့သည် ငါ့အပေါ် မည်သည့်မတရားမှုကိုမျှ မပြုခဲ့ကြပေ။