YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက်ဩဝါဒစာ 5

5
1ထို့ကြောင့် ချစ်​တော်မူ​သော​သားသမီး​များ​အဖြစ် ဘုရားသခင်​ကို အတုယူ​သူ​များ​ဖြစ်​ကြ​လော့။ 2ခရစ်တော်​သည် ငါ​တို့​ကို​ချစ်​တော်မူ​၍ ငါ​တို့​အတွက် မိမိကိုယ်ကို ပူဇော်သက္ကာ​နှင့်​ယဇ်​တည်းဟူသော မွှေးကြိုင်​သည့်​ရနံ့​အဖြစ် ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ​တော်မူ​သည့်​နည်းတူ ချစ်​ခြင်း​မေတ္တာ​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။
3တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ အမျိုးမျိုး​သော​ညစ်ညူး​ခြင်း​နှင့် လောဘ​လွန်ကျူး​ခြင်း​တို့​ကို သန့်ရှင်း​သူ​များ​ရှောင်​သင့်​သည့်​အတိုင်း သင်​တို့​ထဲတွင် စကား​ဖြင့်​ပင် မ​ပြော​ကြ​နှင့်။ 4မဖွယ်မရာ​ပြုမူ​ခြင်း၊ မိုက်မဲ​စွာ​ပြောဆို​ခြင်း​နှင့် ညစ်ညမ်း​သော​ပြက်လုံး​ထုတ်​ခြင်း​တို့​သည်​လည်း မ​သင့်လျော်​သဖြင့် ရှောင်ရှား​၍ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​သာ ပြု​ကြ​လော့။ 5တရားနှင့်မညီ​မေထုန်ပြု​သူ၊ ညစ်ညူး​သော​သူ၊ ရုပ်တု​ကိုးကွယ်​သူ​ဖြစ်​သော လောဘ​လွန်ကျူး​သူ​တစ်စုံတစ်ဦး​မျှ ခရစ်တော်​နှင့်​ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်​ခံရ​မည်​မ​ဟုတ်​ကြောင်း ကောင်းစွာ​သိမှတ်​ကြ​လော့။
အလင်းနှင့်အမှောင်
6အချည်းနှီး​သော​စကား​တို့​ဖြင့် မည်သူမျှ သင်​တို့​ကို မ​လှည့်ဖြား​စေ​နှင့်။ အကြောင်းမူကား ဤ​အမှု​များ​ကြောင့် ဘုရားသခင်​၏​အမျက်​တော်​သည် နာခံ​မှု​မ​ရှိ​သော​သူ​တို့​အပေါ်သို့ သက်ရောက်​လာ​၏။ 7ထို့ကြောင့် သူ​တို့​နှင့်အတူ ပေါင်းဖော်​ခြင်း​မ​ပြု​ကြ​နှင့်။
8အဘယ်ကြောင့်​ဆိုသော် တစ်ချိန်က သင်​တို့​သည် အမှောင်​ဖြစ်​ခဲ့​သော်လည်း ယခု​အခါ သခင်​ဘုရား​၌ အလင်း​ဖြစ်​ကြ​၏။ အလင်း​၏​သားသမီး​များ​ကဲ့သို့ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ 9အကြောင်းမူကား အလင်း​၏​အသီးအပွင့်​သည် အလုံးစုံ​သော​ကောင်းမြတ်​ခြင်း၊ ဖြောင့်မတ်​ခြင်း​နှင့် မှန်ကန်​ခြင်း​တို့​ဖြစ်​ကြ​၏။ 10သခင်​ဘုရား​နှစ်သက်​တော်မူ​သော​အရာ​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ပိုင်းခြား​သိရှိ​ကြ​လော့။ 11အကျိုးမဲ့​သော​မှောင်မိုက်​ခြင်း​၏​အမှု​တို့​၌ မ​ပါဝင်​ကြ​သည်​သာမက ထို​အမှု​တို့​၏​အပြစ်​ကို ဖော်ပြ​ကြ​လော့။ 12အကြောင်းမူကား ဆိတ်ကွယ်​ရာ​၌ သူ​တို့​ပြု​နေ​သော​အရာ​များ​ကို ပြောဆို​ရန်​ပင် ရှက်ဖွယ်​ကောင်း​၏။ 13သို့သော် အလင်း​အားဖြင့် အပြစ်​ဖော်ပြ​ခြင်း​ခံရ​သော​အရာ​အားလုံး​သည် ထင်ရှား​လာ​၏။ 14အကြောင်းမူကား ထင်ရှား​လာ​သော​အရာ​ရှိသမျှ​သည် အလင်း​ဖြစ်​၏။ သို့ဖြစ်၍ “အိပ်ပျော်​နေ​သော​သူ၊ နိုး​လော့။ သေ​သော​သူ​တို့​ထဲမှ ထမြောက်​လော့။ ထိုအခါ ခရစ်တော်​သည် သင့်​အား အလင်း​ကို​ပေး​တော်မူ​လိမ့်မည်”​ဟု ဆို​ထား​၏။
ခရစ်ယာန်အသက်တာ၌ ခိုင်ခံ့မြဲမြံခြင်း
15ထို့ကြောင့် သင်​တို့​သည် မည်သို့​အသက်ရှင်​လျှောက်လှမ်း​သည်​ကို သေချာ​စွာ​ဆင်ခြင်​ကြ​လော့။ ပညာမဲ့​ကဲ့သို့​မ​ဟုတ်​ဘဲ ပညာရှိ​ကဲ့သို့ လျှောက်လှမ်း​၍ 16နေ့ရက်​ကာလ​တို့​သည် ဆိုးညစ်​သောကြောင့် အချိန်အခါ​ကို ကောင်းစွာ​အသုံးချ​ကြ​လော့။ 17သို့ဖြစ်၍ မိုက်မဲ​သော​သူ​များ​မ​ဖြစ်​ကြ​ဘဲ သခင်​ဘုရား​၏​အလို​တော်​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို နားလည်​ကြ​လော့။ 18အပျော်ကြူး​ခြင်း​ကို​ဖြစ်​စေ​သည့် စပျစ်​ဝိုင်​ယစ်မူး​ခြင်း​မ​ရှိ​ဘဲ ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​ကြ​လော့။ 19ဆာလံ​သီချင်း​များ၊ ဓမ္မ​သီချင်း​များ​နှင့် ဝိညာဉ်ရေး​ဆိုင်ရာ​သီချင်း​များ​ကို အချင်းချင်း​မြွက်ဆို​လျက် သခင်​ဘုရား​ထံသို့ သင်​တို့​၏​စိတ်နှလုံး​ထဲမှ သီဆို​ကျူးဧ​ကြ​လော့။ 20အရာ​ခပ်သိမ်း​တို့​အတွက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ခမည်းတော်​ဖြစ်​တော်မူ​သော​ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်​ကြ​လော့။
21ခရစ်တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​စိတ်​ဖြင့် အချင်းချင်း​နာခံ​ကြ​လော့။
ဇနီးသည်များနှင့်ခင်ပွန်းသည်များ
22ဇနီးသည်​တို့၊ သခင်​ဘုရား​ကို​နာခံ​သကဲ့သို့ မိမိ​၏​ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။ 23အကြောင်းမူကား ခရစ်တော်​သည် အသင်းတော်​တည်းဟူသော​ကိုယ်ခန္ဓာ​တော်​၏​ကယ်တင်ရှင်​ဖြစ်​တော်မူ​ပြီး ထို​အသင်းတော်​၏​ဦးခေါင်း​ဖြစ်​တော်မူ​သကဲ့သို့ ခင်ပွန်းသည်​သည်​လည်း ဇနီးသည်​၏​ဦးခေါင်း​ဖြစ်​၏။ 24အသင်းတော်​သည် ခရစ်တော်​ကို​နာခံ​သကဲ့သို့ ဇနီးသည်​တို့​သည်​လည်း အရာရာ​၌ ခင်ပွန်းသည်​ကို​နာခံ​ကြ​ရ​မည်။
25ခင်ပွန်းသည်​တို့၊ ခရစ်တော်​သည် အသင်းတော်​ကို​ချစ်​၍ အသင်းတော်​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​သည့်​နည်းတူ ဇနီးသည်​ကို ချစ်​ကြ​လော့။ 26ခရစ်တော်​သည် ထိုသို့​ပြု​ခြင်း​မှာ ရေ​နှင့်ဆိုင်သော​ဆေးကြော​ခြင်း​အားဖြင့် နှုတ်ကပတ်တော်​၌ အသင်းတော်​ကို သန့်ရှင်း​စင်ကြယ်​စေ​ရန်​နှင့် 27အစွန်းအထင်း၊ အတွန့်အရှုံ့​မှစ၍ ထိုသို့သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ဘဲ သန့်ရှင်း​၍ အပြစ်​အနာအဆာ​ကင်း​သည့် ဂုဏ်သရေ​ရှိ​သော​အသင်းတော်​ကို မိမိ​အား​ဆက်သ​နိုင်​ရန်​အတွက်​ဖြစ်​၏။ 28ထိုနည်းတူ ခင်ပွန်းသည်​တို့​သည်​လည်း မိမိ​တို့​၏​ဇနီးသည်​ကို မိမိ​တို့​ကိုယ်ခန္ဓာ​ကဲ့သို့ ချစ်​ကြ​ရ​မည်။ မိမိ​၏​ဇနီးသည်​ကို ချစ်​သော​သူ​သည် မိမိကိုယ်ကို​ချစ်​သော​သူ​ဖြစ်​၏။ 29အကြောင်းမူကား မိမိ​ကိုယ်ခန္ဓာ​ကို​မုန်း​သော​သူ​ဟူ၍ တစ်ယောက်​မျှ​မ​ရှိ​ဖူး​ချေ။ ခရစ်တော်​သည် အသင်းတော်​အား​ပြု​တော်မူ​သကဲ့သို့ လူတိုင်း မိမိ​ကိုယ်ခန္ဓာ​ကို​ပြုစု​ပျိုးထောင်​၍ ယုယ​မြတ်နိုး​တတ်​၏။ 30အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ခရစ်တော်​၏​ကိုယ်ခန္ဓာ​ဆိုင်ရာ အင်္ဂါ​အစိတ်အပိုင်း​များ​ဖြစ်​ကြ​၏။ 31ထို​အကြောင်း​ကြောင့် ယောက်ျား​သည် မိခင်​နှင့်​ဖခင်​တို့​ကို​စွန့်ခွာ​၍ မိမိ​မယား​နှင့်​ပေါင်းဖက်​သဖြင့် ထို​သူ​နှစ်​ဦး​တို့​သည် တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​လိမ့်မည်။#မ 19:5၊ မာ 10:7-8၊ က 2:24။ 32ဤ​အရာ​သည် အလွန်​လျှို့ဝှက်​နက်နဲ​သော​အရာ​ဖြစ်​၏။ ထိုသို့ဆိုသော် ခရစ်တော်​နှင့်​အသင်းတော်​ကို​ရည်ညွှန်း​၍ ငါ​ဆို​၏။ 33မည်သို့ပင်ဖြစ်စေ သင်​တို့​တစ်ဦးစီ​သည်​လည်း မိမိကိုယ်ကို​ချစ်​သကဲ့သို့ မိမိ​ဇနီးသည်​ကို ချစ်​ကြ​လော့။ ဇနီးသည်​တို့​သည်​လည်း မိမိ​ခင်ပွန်းသည်​ကို ရိုသေ​ကြ​လော့။

လက်ရှိရွေးချယ်ထားမှု

ဧဖက်ဩဝါဒစာ 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။