YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာကျမ်း 12

12
ဘဝနေဝင်ချိန်
1သင်​၏​အသက်​ပျိုရွယ်​သော​နေ့ရက်​များ​၌ သင့်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​ကို အောက်မေ့​လော့​။ ဘေးဒုက္ခခံရာ​နေ့ရက်​များ​ရောက်လာ​သဖြင့် “​ငါ​၌​မည်သည့်​ပျော်ရွှင်မှု​မျှ​မ​ရှိ​”​ဟု သင်​ပြောဆို​သော​နှစ်ကာလ​များ​မ​ကျရောက်​မီ​၊ 2နေ​နှင့်​အလင်း​၊ လ​နှင့်​ကြယ်​တို့ မှောင်​မ​သွား​မီ​၊ မိုးရွာ​ပြီးနောက် တိမ်တိုက်​များ​ပြန်​မ​လာ​မီ ကိုယ်တော်​ကို​အောက်မေ့​လော့​။ 3ထို​နေ့ရက်​၌ အိမ်​ကို​စောင့်​သော​သူ​တို့​သည် တုန်လှုပ်​လျက်​၊ ခွန်အား​ရှိ​သော​သူ​တို့​သည် ညွတ်ကိုင်း​လျက်​၊ ကြိတ်ဆုံကြိတ်​သော​သူ​တို့​သည် နည်းပါး​သဖြင့် ရပ်သွား​လျက်​၊ ပြတင်းပေါက်​များ​မှ​ကြည့်​သော​သူ​တို့​သည် အမြင်မှုန်ဝါး​လျက်​ရှိ​ကြ​လိမ့်မည်​။ 4လမ်း​၌​ရှိ​သော​တံခါးရွက်​တို့​သည် ပိတ်​ထား​ခြင်း​ခံရ​လျက် ကြိတ်ဆုံကြိတ်သံ​သည် တိုးသွား​လျက်​၊ လူ​သည် ငှက်​သံ​ကြောင့်​ထ​လျက်​၊ သီချင်းဆို​သော​သမီးပျို​အပေါင်း​တို့​သည် အားပျော့​သွား​လျက်​ရှိ​ကြ​လိမ့်မည်​။ 5လူ​တို့​သည် မြင့်​သော​နေရာ​နှင့်​လမ်း​ပေါ်မှ​အန္တရာယ်​များ​ကို ကြောက်​ကြ​လိမ့်မည်​။ ဗာဒံပင်​သည် ပွင့်​လိမ့်မည်​။ နှံကောင်​သည် လေးကန်​စွာ​လျှောက်သွား​လိမ့်မည်​။ အလိုရမ္မက်​သည် ပယ်ဖျက်​ခြင်း​ခံရ​လိမ့်မည်​။ လူ​သည် ထာဝရ​အိမ်​သို့​သွား​နေ​သည်​ဖြစ်၍ မြည်တမ်း​သော​သူ​တို့​သည် လမ်း​၌ လှည့်ပတ်​သွား​ကြ​လိမ့်မည်​။ 6ငွေ​ကြိုး​သည် ဖြတ်တောက်​ခြင်း​ခံရ​လျက်​၊ ရွှေ​ဖလား​သည် ချိုးဖျက်​ခြင်း​ခံရ​လျက်​၊ ရေအိုး​သည်​စမ်းရေတွင်း​နား၌ ခွဲဖျက်​ခြင်း​ခံရ​လျက်​၊ စက်သီး​သည် ရေတွင်း​နား​၌ ချိုးဖျက်​ခြင်း​ခံရ​လျက် 7မြေမှုန့်​သည် လာ​ရင်း​မြေ​သို့​ပြန်သွား​သကဲ့သို့ အသက်​ဝိညာဉ်​သည် ၎င်း​ကို​ပေး​တော်မူ​သော​ဘုရားသခင်​ထံသို့​ပြန်သွား​မည့်​အချိန်​မ​ရောက်​မီ ကိုယ်တော်​ကို​အောက်မေ့​လော့​။ 8အချည်းနှီး​၊ အချည်းနှီး​၊ ခပ်သိမ်း​သော​အရာ​တို့​သည် အချည်းနှီး​ဖြစ်​ကြ​၏​ဟု ဒေသနာဆရာ​ဆို​၏​။
ဒေသနာဆရာ၏သုံးသပ်ချက်နှင့်နိဂုံးစကား
9ထိုမျှမက ဒေသနာဆရာ​သည် ပညာရှိ​ဖြစ်​သည့်​အလျောက် လူ​တို့​အား အသိပညာ​ကို​လည်း သင်ကြား​ပေး​၏​။ သူ​သည် ချင့်ချိန်​တွေးဆ​၍ ရှာဖွေ​စူးစမ်း​ပြီး များစွာ​သော​သုတ္တံ​စကား​တို့​ကို စီကုံးရေးသား​ခဲ့​၏​။ 10ဒေသနာဆရာ​သည် နှစ်သက်​ဖွယ်​စကား​တို့​ကို​တွေ့​အောင်​ရှာ​၍ သမ္မာတရား​နှင့်ဆိုင်သော​စကား​တို့​ကို မှန်ကန်​စွာ​ရေးသား​ခဲ့​၏​။ 11ပညာရှိ​တို့​၏​စကား​များ​သည် နှင်တံ​ကဲ့သို့​ဖြစ်​ပြီး တစ်ပါးတည်း​သော​သိုးထိန်းကြီး​ပေးအပ်​ထား​သည့် စုစည်း​ထား​သော​စကား​များ​သည် ခိုင်မြဲ​စွာ​ရိုက်​ထား​သော​သံ​ကဲ့သို့​ဖြစ်​၏​။ 12ထို့ပြင် ငါ့​သား​၊ ဤ​အချက်​တို့​ကို​လည်း သတိပြု​လော့​။ များစွာ​သော​စာအုပ်​တို့​ကို​ရေးသား​ပြုစု​ခြင်း​သည် အဆုံး​မ​ရှိ​။ များစွာ​လေ့လာ​ဆည်းပူး​ခြင်း​သည်​လည်း ကိုယ်ခန္ဓာ​ကို​ပင်ပန်း​နွမ်းနယ်​စေ​၏​။ 13အားလုံး​ကို​ကြား​ရ​ပြီးသည့်နောက် နိဂုံးချုပ်​စကား​ဟူမူကား ဘုရားသခင်​ကို​ကြောက်ရွံ့​၍ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို​စောင့်ထိန်း​လော့​။ အဘယ်ကြောင့်​ဆိုသော် ဤ​အရာ​သည် လူ​တို့​ပြု​ရ​မည့်​အရာ​အလုံးစုံ​၏​အချုပ်​ဖြစ်​၏​။ 14အကြောင်းမူကား ဘုရားသခင်​သည် ကောင်း​သော​အမှု​ဖြစ်စေ​၊ မကောင်း​သော​အမှု​ဖြစ်စေ​၊ ဝှက်ထား​သော​အမှု​အားလုံး​အပါအဝင် ခပ်သိမ်း​သော​အမှု​တို့​ကို တရားသဖြင့်​စီရင်​တော်မူ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဒေသနာကျမ်း 12: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။