တရားဟောရာကျမ်း 1:20-40
တရားဟောရာကျမ်း 1:20-40 MSBU
ထိုအခါ ငါက သင်တို့အား ‘ငါတို့ဘုရားသခင်ထာဝရဘုရားပေးတော်မူသော အာမောရိတောင်ပေါ်ဒေသသို့ သင်တို့ရောက်ကြပြီ။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုပြည်ကို သင်တို့ထံ အပ်တော်မူပြီ။ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သွား၍သိမ်းပိုက်လော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်’ဟု ဆို၏။ ထိုအခါ သင်တို့အားလုံး ငါ့ထံသို့ချဉ်းကပ်၍ ‘အကျွန်ုပ်တို့အလျင် လူကိုစေလွှတ်၍ ထိုပြည်ကို စူးစမ်းစေပါ။ သို့မှသာ ထိုသူတို့သည် အကျွန်ုပ်တို့သွားရမည့်လမ်း၊ ရောက်ရမည့်မြို့အကြောင်းကို အကျွန်ုပ်တို့အား ပြန်ပြောပြနိုင်ပါမည်’ဟု သင်တို့ ဆိုကြ၏။ ငါသည် ထိုစကားကိုနှစ်သက်သဘောကျသဖြင့် သင်တို့ထဲမှ မျိုးနွယ်တစ်နွယ်လျှင် တစ်ယောက်ကျ လူတစ်ဆယ့်နှစ်ယောက်ကို ရွေးယူ၏။ ထိုသူတို့သည် တောင်ပေါ်ဒေသသို့ တက်သွားပြီး ဧရှကောလချိုင့်ဝှမ်းသို့ရောက်၍ ထိုပြည်ကို စူးစမ်းကြ၏။ သူတို့သည် ထိုပြည်မှယူလာသောအသီးအချို့ကို ငါတို့ထံသို့ ယူဆောင်လာပြီးလျှင် ‘အကျွန်ုပ်တို့အား အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သည် သာယာဝပြောသောပြည်ဖြစ်ပါ၏’ဟု အစီရင်ခံကြ၏။ သို့သော် သင်တို့သည် မသွားလိုသဖြင့် သင်တို့ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကို ဖီဆန်ကြ၏။ သင်တို့သည် မိမိတို့၏တဲများ၌ ညည်းတွားကြလျက် ‘ထာဝရဘုရားသည် ငါတို့ကိုမုန်းတီးသောကြောင့် အာမောရိလူမျိုးတို့၏လက်သို့အပ်ခြင်းဖြင့် ငါတို့ကို ဖျက်ဆီးဖို့ အီဂျစ်ပြည်မှထုတ်ဆောင်တော်မူပါသည်တကား။ ငါတို့သည် မည်သည့်အရပ်သို့သွားနေကြသနည်း။ ညီအစ်ကိုတို့က “ထိုပြည်သားတို့သည် အကျွန်ုပ်တို့ထက်ကိုယ်ခန္ဓာကြီးမား၍အရပ်မြင့်ကြ၏။ မြို့များသည်လည်း ကြီးမား၍ မြို့ရိုးတို့သည် မိုးထိမြင့်၏။ ထိုမျှမက အာနကအမျိုးတို့ကိုလည်း ထိုနေရာ၌ အကျွန်ုပ်တို့တွေ့မြင်ရပါ၏”ဟု ဆိုလျက် ငါတို့ကို စိတ်ပျက်အားလျော့စေပြီ’ဟု ဆိုကြ၏။ ငါသည် သင်တို့အား ‘မထိတ်လန့်ကြနှင့်။ ထိုသူတို့ကို မကြောက်ကြနှင့်။ သင်တို့ရှေ့မှကြွတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် သင်တို့အဖို့ပြုပေးသကဲ့သို့၊ ဤအရပ်သို့ သင်တို့ရောက်သည့်တိုင်အောင် သင်တို့သွားသည့်လမ်းခရီးတစ်လျှောက်တွင် ဖခင်သည် သားကိုချီပိုးသကဲ့သို့ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို မည်ကဲ့သို့ချီပိုးတော်မူခဲ့ကြောင်းကို တောကန္တာရ၌သင်တို့တွေ့မြင်ခဲ့ရသကဲ့သို့ ထာဝရဘုရားသည် သင်တို့အဖို့ စစ်တိုက်တော်မူလိမ့်မည်’ဟု ဆို၏။ ထိုသို့ဆိုသော်လည်း သင်တို့၏ဘုရားသခင်ထာဝရဘုရားကို သင်တို့မယုံကြည်ကြ။ ဘုရားသခင်သည် လမ်းခရီး၌ သင်တို့ရှေ့မှကြွလျက် သင်တို့စခန်းချဖို့နေရာကို စူးစမ်းတော်မူ၍ သင်တို့သွားရမည့်လမ်းကို ညအချိန်၌ မီးအားဖြင့်၊ နေ့အချိန်၌ မိုးတိမ်အားဖြင့် ပြပေးတော်မူခဲ့၏။ သင်တို့၏စကားသံကို ထာဝရဘုရားကြားသောအခါ အမျက်ထွက်တော်မူ၍ ‘ထိုပြည်ကို သင်တို့ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း ထိုသာယာဝပြောသောပြည်ကို ဆိုးညစ်သောမျိုးဆက်ဖြစ်သည့် ဤလူတို့တစ်ယောက်မျှမြင်ရလိမ့်မည်မဟုတ်။ သို့သော် ယေဖုန္နာ၏သား ကာလက်သည် ထာဝရဘုရားနောက်သို့လုံးလုံးလိုက်သောကြောင့် ထိုပြည်ကို သူမြင်ရမည်။ သူခြေချသောမြေကို သူနှင့်သူ၏သားမြေးတို့အား ငါပေးမည်’ဟု ကျိန်ဆိုတော်မူ၏။ သင်တို့ကြောင့် ထာဝရဘုရားသည် ငါ့ကိုလည်း အမျက်ထွက်တော်မူ၍ ‘သင်သည်လည်း ထိုပြည်သို့ ဝင်ရမည်မဟုတ်။ သင့်ရှေ့၌ရပ်နေသော နုန်၏သား ယောရှုမူကား ထိုပြည်သို့ဝင်ရလိမ့်မည်။ သူ့အားဖြင့် အစ္စရေးလူမျိုးတို့ ထိုပြည်ကို အမွေဆက်ခံရမည်ဖြစ်၍ သူ့ကို အားပေးလော့။ လုယူဖျက်ဆီးခြင်းခံရကြလိမ့်မည်ဟု သင်တို့ဆိုခဲ့သော သင်တို့၏ကလေးများ၊ ယခုအချိန်တွင် အကောင်းအဆိုးကိုမသိသေးသော သင်တို့၏သားသမီးများသည် ထိုပြည်သို့ ဝင်ရလိမ့်မည်။ ငါသည် ထိုပြည်ကို သူတို့အားပေး၍ သူတို့သည် ထိုပြည်ကို ပိုင်ဆိုင်ရလိမ့်မည်။ သင်တို့မူကား ပြန်လှည့်ပြီး ပင်လယ်နီလမ်းဖြင့် တောကန္တာရသို့ ခရီးပြုကြလော့’ဟု မိန့်တော်မူ၏။

