ယောဟန် 4

4
ကိုယ်တော်ယေရှုနှင့် ရှမာရိ အမျိုးသမီး
1ထို့နောက် ကိုယ်တော်ယေရှုသည် ယောဟန်ထက် ပိုများသောသူတို့ကို တပည့်တော်များဖြစ်လာစေရန် ရေနှစ်မင်္ဂလာပေးခြင်းများ ပြုလုပ်ပေးနေသည်ကို ဖာရိရှဲများကြားသိနေကြောင်း ကိုယ်တော်က သိခဲ့လေသည်။ 2သို့သော်ငြားလည်း ကိုယ်တော်ယေရှုသည် သူကိုယ်တိုင်ရေနှစ်မင်္ဂလာပေးခြင်းမဟုတ်ဘဲ သူ၏ တပည့်တော်များက ပေးခြင်းဖြစ်သည်။ 3ထို့ကြောင့် ကိုယ်တော်သည် တပည့်တော်များနှင့်အတူ ယုဒပြည်မှထွက်ခွာလာပြီး ဂါလိလဲပြည်သို့ တဖန်ကြွတော်မူလေ၏။
4ထိုသို့သွားရာ၌ သူသည် ရှမာရိပြည်ကို ဖြတ်သွားရလေ၏။ 5ထို့ကြောင့် ကိုယ်တော်သည် ရှေးယခင်က ယာကုပ်မှ သူ၏သားဖြစ်သူ ယောသပ်အား ပေးခဲ့သည့် ရှမာရိပြည်၊ ရှုခါမြို့တွင်ရှိသည့် မြေကွက်၏အနီးသို့ ရောက်လာခဲ့လေသည်။ 6ထိုအရပ်၌ ယာကုပ်၏ရေတွင်း ရှိလေရာ ကိုယ်တော်သည် ခရီးပန်းသဖြင့် ထိုရေတွင်းဘေးတွင် ထိုင်တော်မူ၏။ ထိုအချိန်သည်ကား မွန်းတည့်ချိန်ဖြစ်၏။
7ထိုရေတွင်းသို့ ရှမာရိအမျိုးသမီးတစ်ဦးသည်လည်း ရေခပ်ရန် လာသောအခါ ကိုယ်တော်သည် သူမအား “အမျိုးသမီး၊ ငါသောက်ဖို့ ရေပေးပါ” ဟုဆိုလေ၏။ 8ထိုအချိန်သည် တပည့်တော်တို့ကား ကိုယ်တော်တစ်ပါးတည်းချန်ခဲ့၍ အစားအစာများဝယ်ရန် မြို့ထဲသို့ သွားရောက်နေကြသည့်အချိန်ဖြစ်လေ၏။
9ထိုအမျိုးသမီးသည်လည်း “အသင်သည် ဂျူးလူမျိုးတစ်ဦးဖြစ်လျက်နှင့် ရှမာရိအမျိုးသမီးတစ်ဦးဖြစ်သူ အကျွန်ုပ်ထံ၌ အဘယ်ကြောင့် ရေကိုတောင်းသောက်ပါသနည်း” ဟုဆိုလေ၏။ အကြောင်းမူကား ဂျူးလူမျိုးတို့သည် ရှမာရိလူမျိုးများနှင့် ပေါင်းသင်းဆက်ဆံလေ့မရှိကြသောကြောင့်ဖြစ်၏။
10ကိုယ်တော်သည် သူမအား “အကယ်၍ သင်သည် ဘုရားရှင်၏လက်ဆောင်ကိုလည်းကောင်း၊ ယခုသင့်ထံမှ ရေကိုတောင်းသောက်သူသည် မည်သူဖြစ်သည်ကို သင်သိလျှင်၊ သင်သည် ထိုသူ့ကိုတောင်းဆိုသဖြင့် သူသည်လည်း သင့်အား အသက်ကိုပေးသောရေကို ပေးလိမ့်မည်” ဟု မိန့်တော်မူ၏။
11အမျိုးသမီးကလည်း “အရှင်၊ အသင်၌ ရေခပ်မည့်ပုံးလည်းမပါ၊ ရေတွင်းသည်လည်း နက်၏။ ထို့ကြောင့် အသက်ကိုပေးမည်ဆိုသောရေကို အဘယ်သို့ရနိုင်မည်နည်း။ 12အကျွန်ုပ်တို့၏ဘိုးဘေးယာကုပ်သည် သူကိုယ်တိုင်မှစ၍ သူ၏သားသမီးများ၊ သူ၏မွေးတိရိစ္ဆာန်များပင် သောက်သုံးခဲ့ကြရသည့် ဤရေတွင်းကို ပေးခဲ့သောသူဖြစ်သော်လည်း အသင်က ယာကုပ်ထက်ပို၍ ကြီးမြတ်သည်ဟုဆိုပါသလော” ဟုမေးလေ၏။
13ထိုအခါ ကိုယ်တော်ယေရှုသည် သူမအား “ဤရေကို သောက်သောသူတို့သည် နောက်တဖန်ရေဆာကြဦးမည်။ 14သို့သော် ငါပေးမည့်ရေကို သောက်သောသူမူကား၊ မည်သည့်အခါမျှ ရေဆာတော့မည်မဟုတ်။ ထိုအစား ငါပေးသောရေသည် ထိုသူအား နိစ္စထာဝရအသက်ကို ရစေ၍ ထိုသူ့အတွင်း၌ စမ်းရေတွင်းသဖွယ် စီးဆင်းနေလိမ့်မည်” ဟု မိန့်တော်မူ၏။
15ထိုအခါ အမျိုးသမီးသည်လည်း “အရှင်၊ ဤသို့ဆိုလျှင် အကျွန်ုပ်သည် ရေဆာခြင်းလည်းမရှိ၊ နောက်တဖန် ဤနေရာသို့လာ၍ ရေခပ်ရန်လည်းမလိုအပ်တော့မည့် ထိုရေကို အကျွန်ုပ်အား ပေးပါလော့” ဟုဆိုလေ၏။
16ကိုယ်တော်သည်လည်း “သွား၍ သင်၏လင်ယောက်ျားကို ခေါ်ကာ ဤနေရာသို့ လာလော့” ဟုမိန့်ဆိုသဖြင့် 17အမျိုးသမီးသည် “အကျွန်ုပ်၌ လင်ယောကျ်ားမရှိပါ” ဟုဆိုလေ၏။
ကိုယ်တော်သည် “သင်၌ လင်ယောက်ျားမရှိပါဟု သင်ဆိုသည်မှာ မှန်ပေ၏။ 18အကြောင်းမူကား သင်၌ လင်ယောကျ်ားငါးဦးရှိခဲ့လေပြီ။ ထို့ပြင် ယခုသင်ပေါင်းသင်းနေသောသူသည်လည်း သင်၏လင်ယောက်ျားမဟုတ်သဖြင့် သင်ဆိုသောစကားသည် မှန်ပေ၏” ဟု မိန့်တော်မူ၏။
19ထိုအမျိုးသမီးကလည်း “အရှင်၊ အသင်သည် အရိယာသူတော်စင်တစ်ပါးဖြစ်သည်ကို အကျွန်ုပ်သိပါပြီ” ဟုဆိုလေ၏။ 20ထို့နောက် သူမသည် “အကျွန်ုပ်၏ဘိုးဘေးတို့သည် ဤတောင်ပေါ်၌ ဝတ်ပြုကိုးကွယ်ခဲ့ကြပါ၏။ သို့သော် အသင်ဂျူးလူမျိုးတို့ကမူ ဂျေရုဆလင်၌သာ ဝတ်ပြုကိုးကွယ်ရမည်ဟု ဆိုကြပါ၏။ အဘယ်ကြောင့်နည်း” ဟုလျှောက်တင်မေးမြန်း၏။
21ကိုယ်တော်သည် “အမျိုးသမီး၊ ငါ့စကားကို ယုံလော့။ သင်တို့သည် ဤတောင်ပေါ်၌လည်းမဟုတ်၊ ဂျေရုဆလင်၌လည်းမဟုတ်သည့်အရပ်တွင် အဖဘုရားရှင်ကို ဝတ်ပြုကိုးကွယ်မည့်အချိန်ကာလ ရောက်လာလိမ့်မည်။ 22အသင်ရှမာရိလူမျိုးတို့သည် မိမိဝတ်ပြုကိုးကွယ်သူသည် မည်သူဖြစ်သည်ကို အမှန်တကယ်မသိကြ။ သို့သော် ဂျူးလူမျိုးတို့မူကား မိမိဝတ်ပြုကိုးကွယ်သူသည် မည်သူဖြစ်သည်ကို သိကြ၏။ အကြောင်းမူကား ကယ်တင်ခြင်းသည် ဂျူးလူမျိုးတို့ထဲမှ လာသောကြောင့်ဖြစ်၏။ 23သို့သော် စစ်မှန်သောကိုးကွယ်သူတို့သည် စိတ်ဝိညာဉ်နှင့် သစ္စာတရားအားဖြင့် အဖဘုရားကို ကိုးကွယ်မည့်အချိန်သည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား အဖဘုရားသည် ထိုကဲ့သို့သော ကိုးကွယ်သူများကို အလိုရှိတော်မူ၏။ 24ဘုရားရှင်သည် ဝိညာဉ်တော်ဖြစ်တော်မူ၍ ဘုရားရှင်ကို ကိုးကွယ်သူတို့သည်လည်း စိတ်ဝိညာဉ်နှင့် သစ္စာတရားအားဖြင့် ကိုးကွယ်ရမည်” ဟု မိန့်တော်မူ၏။
25အမျိုးသမီးကလည်း “မေရှိယသည် ကြွရောက်လာမည်ကို အကျွန်ုပ်သိပါ၏။ သူကြွရောက်လာသောအချိန်၌ ဤအကြောင်းအရာအလုံးစုံကို အကျွန်ုပ်တို့အား ရှင်းပြပေးတော်မူပါလိမ့်မည်” ဟုဆိုလေ၏။
26ထိုအခါ ကိုယ်တော်ယေရှုသည် “သင်နှင့် ယခုစကားပြောဆိုနေသူသည် ထိုသူပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
27ထိုအချိန်၌ တပည့်တော်တို့သည်လည်း ပြန်လည်ရောက်ရှိလာကြ၏။ သူတို့သည် ကိုယ်တော်က အမျိုးသမီးတစ်ဦးနှင့် စကားပြောဆိုနေခြင်းကို အံ့ဩလျှက်ရှိကြ၏။ သို့သော်လည်း ထိုအမျိုးသမီးအား “အသင် မည်သည်ကိုအလိုရှိသနည်း” ဟူ၍လည်းကောင်း၊ ကိုယ်တော်အား “ကိုယ်တော် အဘယ်ကြောင့် ဤအမျိုးသမီးနှင့် ပြောဆိုနေပါသနည်း” ဟူ၍လည်းကောင်း မည်သူမျှ မေးမြန်းခြင်းမပြုခဲ့ကြပေ။ 28အမျိုးသမီးသည်လည်း သူမ၏ရေအိုးကိုထားခဲ့၍ မြို့ထဲသို့အမြန်ပြေးသွားပြီးလျှင် လူတို့အား 29“လာကြလော့၊ အကျွန်ုပ်ပြုလုပ်ခဲ့သမျှအရာမှန်သမျှကို ပြောပြနိုင်သောသူတစ်ဦးကို ကြည့်ကြပါလော့။ သူသည် မေရှိယဖြစ်လိမ့်မည်လော” ဟုပြောဆိုသဖြင့် 30လူတို့သည် မြို့ထဲမှထွက်၍ ကိုယ်တော်ထံသို့ သွားကြ၏။
31ထိုအချိန်တွင် တပည့်တော်တို့သည်လည်း ကိုယ်တော်အား အစားအစာသုံးဆောင်ရန် လျှောက်ထားနေကြလေ၏။
32သို့သော် ကိုယ်တော်သည် သူတို့အား “ငါ၌ သင်တို့မသိကြသော စားစရာများရှိ၏” ဟုမိန့်တော်မူလေရာ
33တပည့်တော်တို့သည်လည်း “တစ်စုံတစ်ဦးသည် ကိုယ်တော့်အား အစားအသောက်ကျွေးမွေးလိုက်လေသလား” ဟုသူတို့အချင်းချင်း စိတ်အထင်ဖြင့် ခန့်မှန်းပြောဆိုနေကြလေသည်။
34ကိုယ်တော်သည် သူတို့အား “ငါ့ကို စေလွှတ်သောသူ၏အလိုတော်ကို ဆောင်ရွက်ခြင်းနှင့် ထိုအမှုတော်ကို ပြီးမြောက်စေခြင်းသည်သာ ငါ၏အစားအစာဖြစ်၏။ 35သင်တို့သည် ‘ရိတ်သိမ်းချိန်ရောက်ရန် လေးလလိုသေး၏’ ဟုဆိုကြသည်မဟုတ်လော။ သင်တို့အား ငါဆိုသည်ကား လယ်ကွင်းများကို မျှော်ကြည့်ကြလော့။ ဝင်းမှည့်၍ ရိပ်သိမ်းရန်အသင့်ရှိနေကြပြီ။ 36ရိတ်သိမ်းသူတို့သည် သူတို့၏ဆုလာဘ်ကို ရရှိလျက် နိစ္စထာဝရအသက်ကို ဆောင်ယူသည့် သီးနှံတို့ကို ရိပ်သိမ်းခြင်းအားဖြင့် မျိုးကြဲသူနှင့် ရိပ်သိမ်းသူတို့သည် အတူတကွ ဝမ်းမြောက်ပျော်ရွှင်ကြရ၏။ 37ထို့ကြောင့် ‘တစ်ဦးသည် မျိုးကြဲလျက် အခြားတစ်ဦးက ရိပ်သိမ်း၏’ ဟူသောဆိုရိုးစကားသည် မှန်ကန်ပေ၏။ 38သင်တို့ လုပ်အားမစိုက်ခဲ့သောအရာကို ရိပ်သိမ်းရန် သင်တို့အား ငါစေလွှတ်၏။ အခြားသောသူတို့သည် ဤနေရာ၌ လုပ်အားစိုက်ခဲ့သော်လည်း သင်တို့သည် ထိုသူတို့၏အားစိုက်မှု၌ အကျိုးအမြတ်ကို ရရှိခံစားရကြ၏” ဟုမိန့်​တော်မူ​လေ၏။
39ထိုမြို့အတွင်းရှိ များစွာသောရှမာရိလူမျိုးတို့သည်လည်း ‘အကျွန်ုပ်ပြုခဲ့သမျှသောအရာတို့ကို သူဖော်ထုတ်ပြောဆိုနိုင်၏’ ဟု ပြောဆိုသောရှမာရိအမျိုးသမီး၏စကားကြောင့် ကိုယ်တော်ကို ယုံကြည်ကြလေ၏။ 40ထို့ကြောင့် ရှမာရိလူအများတို့က ကိုယ်တော့်ထံလာ၍ သူတို့နှင့်နေထိုင်ရန် တောင်းလျှောက်ကြသဖြင့် ကိုယ်တော်သည် ထိုအရပ်၌ နှစ်ရက်ကြာနေထိုင်ခဲ့လေ၏။ 41ထို့ပြင် ကိုယ်တော်မိန့်ဆိုသောစကားတို့အားဖြင့် ကိုယ်တော်ကို ယုံကြည်သက်ဝင်သူများ ပိုမို၍တိုးပွားခဲ့၏။
42ထို့နောက် သူ​တို့​သည် ထို​အမျိုးသမီး​အား “ယခု ငါတို့ယုံကြည်ကြခြင်းသည် သင်၏စကားကြောင့်မဟုတ်တော့ပေ။ ငါတို့ကိုယ်တိုင် ကြားနာရသဖြင့် ဤသူသည် လောက၏ကယ်တင်ရှင်အစစ်အမှန်ဖြစ်ကြောင်းကို သိကြပြီ” ဟုဆို​ကြ​၏။
အရာရှိတစ်ဦး၏သားကို ကျန်းမာစေခြင်း
43ထိုနှစ်ရက်လွန်ပြီးသောအခါ ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲပြည်သို့ ကြွတော်မူ၏။ 44အရိယာသူတော်စင်တစ်ဦးသည် မိမိ၏မွေးရပ်မြို့၌ လေးစားဂုဏ်ပြုခြင်းကို မခံရကြောင်း ကိုယ်တော်ယေရှုသည် သူကိုယ်တိုင်သက်သေခံတော်မူ၏။ 45ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ ဂါလိလဲပြည်သားတို့သည် ကိုယ်တော်အား ကြိုဆိုလက်ခံကြ၏။ အကြောင်းမူကား သူတို့သည် ပသခါပွဲတော်သို့သွားရောက်ခဲ့ကြပြီး ပွဲတော်ကာလအတွင်းတွင် ဂျေရုဆလင်မြို့၌ ကိုယ်တော်ပြုတော်မူသော အမှုအရာအားလုံးတို့ကို မြင်တွေ့ခဲ့ကြရသောကြောင့်ဖြစ်သည်။
46ထို့နောက် ကိုယ်တော်သည် ရေအား စပျစ်ရည်ဖြစ်စေတော်မူခဲ့ရာအရပ်ဖြစ်သည့် ဂါလိလဲပြည်ရှိ ကာနမြို့သို့ တဖန်ပြန်လည်ကြွတော်မူလေသည်။ ထိုအချိန်၌ ကပေရနောင်မြို့တွင် နေထိုင်သော အရာရှိတစ်ဦး၏သားသည် နာမကျန်းဖြစ်နေလေသည်။ 47သူသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ကိုယ်တော်ယေရှု ကြွရောက်တော်မူလာသည်ကို ကြားသိသောအခါ၊ ကိုယ်တော့်ထံသို့ သွားကာ ကပေရနောင်မြို့သို့ ကြွတော်မူ၍ သေလုမျောပါးဖြစ်နေသော သား၏အနာရောဂါကို ပျောက်ကင်းစေတော်မူရန် တောင်းလျှောက်လေ၏။
48ကိုယ်တော်ယေရှုသည်လည်း “အံ့ဖွယ်အမှုအရာများနှင့် နိမိတ်လက္ခဏာများကို မမြင်ရလျှင် သင်တို့ထဲမှ မည်သူမျှ ယုံကြည်ခြင်းရှိမည်မဟုတ်” ဟု မိန့်တော်မူ၏။
49ထိုအရာရှိသည်လည်း “အရှင်၊ အကျွန်ုပ်၏သား မသေဆုံးခင် အချိန်မှီကြွလာတော်မူပါ” ဟုတောင်းဆိုလေသည်။
50ကိုယ်တော်ယေရှုသည်လည်း “သွားလော့၊ သင်၏သား အသက်ချမ်းသာရာရပြီ” ဟု မိန့်တော်မူ၏။
ထိုအရာရှိသည်လည်း ကိုယ်တော်မိန့်ဆိုသည်ကို ယုံကြည်စိတ်ချ၍ သူ၏အိမ်သို့ပြန်လေ၏။ 51အိမ်ပြန်လမ်းခရီးတွင် အရာရှိသည် သူ၏အစေခံများနှင့်တွေ့သဖြင့် ထိုသူများသည် အရာရှိ၏သားသည် ကျန်းမာစွာရှိကြောင်း သတင်းပို့လေသည်။ 52ထိုအခါ သူ​သည် မိမိ​၏​သား သက်သာ​သွား​သည့်​အချိန်​ကို အစေခံ​တို့​အား မေးမြန်း​လျှင် ထိုသူ​တို့​က “မနေ့မွန်းလွဲ​တစ်​နာရီ၌ ကျန်းမာသွား​ပါ​၏” ဟုလျှောက်​ကြ​၏။
53ထိုအချိန်သည် “သင်၏သား အသက်ချမ်းသာရာရပြီ” ဟုကိုယ်တော်ယေရှုသည် သူ့အား မိန့်တော်မူသောအချိန်ဖြစ်ကြောင်းကို ဖခင်ဖြစ်သူမှ သိသဖြင့် သူကိုယ်တိုင်နှင့်တကွ သူ၏အိမ်သူအိမ်သားအပေါင်းတို့သည်လည်း ကိုယ်တော်အား ယုံကြည်ကြလေ၏။
54ဤသည်ကား ယုဒ​ပြည်မှ ဂါလိလဲပြည်​သို့ ကိုယ်တော်ယေရှု​ကြွလာ​တော်မူ​ပြီးနောက် ထပ်မံ​၍​ပြု​တော်မူ​သော ဒုတိယ​နိမိတ်​လက္ခဏာ​ဖြစ်လေ​၏။

Pati Souliye

Pataje

Kopye

None

Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte