Acts 15
15
1ယုဒပြည်မှ လူတစ်ချို့သည် အန္တိအုတ်မြို့သို့လာ၍ "မောရှေ၏ ပညတ်ကျမ်းအရ အရေဖျားလှီးခြင်း မင်္ဂလာကို ခံယူခြင်းမပြုလျှင် သင်တို့သည် ကယ်တင်ခြင်းကိုခံရမည်မဟုတ်ပေ" ဟုယုံကြည်သူများအား သွန်သင်ကြလေ၏။ 2ပေါလုနှင့် ဗာနဗတို့သည် ထိုအကြောင်းအရာနှင့်ပတ်သက်၍ ထိုသူတို့နှင့် အပြင်းအထန် ငြင်းခုံကြသဖြင့် ပေါလု၊ ဗာနဗနှင့် အန္တိအုတ်မြို့မှအခြားသူအချို့တို့သည် ဂျေရုဆလင်မြို့သို့ သွား၍ ထိုပြဿနာနှင့်ပတ်သက်ပြီး သာဝကများနှင့် အသင်းတော်ခေါင်းဆောင်များကို တွေ့ဆုံရန် ဆုံးဖြတ်ကြလေ၏။ 3သူတို့သည် အသင်းတော်၏ ပို့ဆောင်စေလွှတ်မှုဖြင့် ဖိုနီးရှားနယ်နှင့် ရှမာရိမြို့အား ဖြတ်သွားလျက် တိုင်းတပါးသားတို့သည် ပြောင်းလဲ၍ ဘုရားရှင်ဘက်သို့ ပြန်လှည့်လာကြကြောင်းကို ပြောပြကြသဖြင့် ယုံကြည်သူအပေါင်းတို့သည်လည်း အလွန်ပင် ဝမ်းမြောက်ကြလေ၏။ 4ဂျေရုဆလင်မြို့သို့ ရောက်ကြသောအခါ အသင်းတော်မှစ၍ သာဝကများနှင့် အသင်းတော်ခေါင်းဆောင်များက သူတို့ကို ကြိုဆိုလက်ခံကြ၏။ သူတို့ကလည်း မိမိတို့အားဖြင့် ဘုရားရှင်ဆောင်ရွက်တော်မူသောအမှုတော်တို့ကို ပြောကြားကြ၏။ 5သို့သော် ဖာရိရှဲတို့၏ အဖွဲ့ထဲမှ ယုံကြည်သူအချို့တို့သည် ထ၍ "ဂျူးလူမျိုးမဟုတ်သည့်သူများအား အရေဖျားလှီးခြင်းမင်္ဂလာ ခံယူကြရန်နှင့် မောရှေ၏ပညတ်တရားအား စောင့်ထိန်းကြရန် ညွှန်ကြားရမည်" ဟုပြောဆိုကြလေ၏။ 6ထိုအခါ သာဝကများနှင့် အသင်းတော်ခေါင်းဆောင်များသည် ဤအကြောင်းအရာအား ဆင်ခြင်သုံးသပ်ရန် စုဝေးကြလေ၏။ 7အချိန်ကြာမြင့်စွာ ဆွေးနွေးငြင်းခုန်ကြပြီးနောက် ပေတရုသည် ထ၍ "ညီအစ်ကိုတို့၊ သင်တို့သိကြတဲ့အတိုင်း ဟိုယခင်က ဘုရားရှင်က တိုင်းတပါးသားများသည် မင်္ဂလာသတင်းကောင်းကို ကြားကြရပြီး ယုံကြည်ခြင်းရရှိကြစေရန်် သင်တို့ထဲမှ ငါ့အား ရွေးချယ်ပြီး သူတို့ထံတွင် ဟောပြောစေ၏။ 8လူတို့၏ စိတ်နှလုံးကို သိတော်မူသည့် ဘုရားရှင်သည် ငါတို့အတွက် ဉာဏ်အလင်းတော်ကို ပေးသနားတော်မူသကဲ့သို့ တိုင်းတပါးသားများကိုလည်း ပေးသနားတော်မူပြီး သူတို့ကို အသိအမှတ်ပြုသည့်အကြောင်းအား ပြသတော်မူ၏။ 9ဘုရားရှင်သည် သူတို့နှင့် ငါတို့အား တန်းတူညီမျှ သဘောထားတော်မူ၏။ သူတို့၏ ယုံကြည်ခြင်းကြောင့်ပင် သူတို့၏အပြစ်ဒုစရိုက်များအား ခွင့်လွှတ်ပေးတော်မူ၏။ 10ဤသို့ဆိုလျှင် ယခု သင်တို့က အဘယ်ကြောင့် ငါတို့နှင့် ငါတို့၏ဘိုးဘေးများပင် မထမ်းနိုင်သည့် ဤဝန်ထုတ်ဝန်ပိုးကို ယုံကြည်သူတို့၏ကျောပေါ်တွင် ထမ်းစေပြီး ဘုရားရှင်အား စမ်းသပ်ချင်နေကြသနည်း။ 11ငါတို့သည်လည်း သူတို့ကဲ့သို့ပင ကိုယ်တော်ယေရှုအား ယုံကြည်ကြသည့်အတွက် ကိုယ်တော်၏ မဟာကရုဏာမေတ္တာတော်နှင့် ကယ်တင်တော်မူခြင်းကို ရကြသည့်သူများပင်ဖြစ်၏" ဟုပြောဆိုလေ၏။ 12ထိုအခါ လူထုပရိတ်သတ်ကြီးသည်လည်း တိတ်ဆိတ်သွားကြပြီး ဗာနဗနှင့်ပေါလုတို့မှ မိမိတို့အားဖြင့် ဂျူးလူမျိုးမဟုတ်သောသူများကို ဘုရားရှင်ပြုလုပ်တော်မူခဲ့သော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများအကြောင်းအား ပြောပြနေသည်ကို နားထောင်နေကြလေသည်။ 13သူတို့ပြောဆိုပြီးကြသောအခါ ယာကုပ်က "ညီအစ်ကိုတို့၊ နားထောင်ကြလော့။ 14ဘုရားရှင်သည် တိုင်းတပါးသားများထဲမှ သူ၏လူမျိုးတော်အဖြစ် ရွေးကောက်ခဲ့ပြီး ဘုရားရှင်က သူတို့အား ကရုဏာထားတော်မူသည့်အကြောင်းကို ပြသခဲ့သည်ဟု ရှိမုန်က ရှင်းပြခဲ့ခြင်းဖြစ်၏။ 15ဤအကြောင်းအရာဟာသည် အရိယာသူတော်စင်များ ရေးသားထားခဲ့သည့် အတိုင်းပင်ဖြစ်၏။ ကျမ်းစာတွင် 16'ဤအရာများ၏နောက်တွင် ငါသည် ပြန်လာပြီး ပြိုလဲနေသော ဒါဝိဒ်၏တိုင်းပြည်ကို ပြန်လည်တည်ထောင်မည်။ ငါသည် ထိုတိုင်းပြည်၏ အပျက်အဆီးများကို ပြန်လည်တည်ဆောက်မည်ဖြစ်ပြီး ထိုတိုင်းပြည်အား ပြန်လည်၍ ခိုင်မာအောင် ပြုလုပ်မည်ဖြစ်၏။ 17သို့ဖြစ်၍ ငါပိုင်ဆိုင်သော လူမျိုးများဖြစ်စေရန်အတွက် ငါခေါ်ထားသော တိုင်းတပါးသားအပေါင်းတို့သည် ငါ့ထံသို့လာကြလိမ့်မည်' ဟု 18ရှေးယခင်ကာလကပင် ဘုရားရှင်က ဤသို့ဗျာဒိတ်တော်ထားခဲ့၏' ဟုရေးသားထားခဲ့၏။ 19ထို့ကြောင့် တိုင်းတပါးသားများထဲမှ ဘုရားရှင်ဘက်သို့ လှည့်လာကြသောသူတို့အား ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့်အစား 20ငါတို့သည် သူတို့ထံသို့ စာရေးပြီး ရုပ်တုများအား ပူဇော်ထားသည့် မည်သည့်အစားအစာကိုမဆို်စားသုံးရန်မသင့်ကြောင်း၊ မတရားသော မေထုန်မှီဝဲခြင်းကို ရှောင်ကြဉ်ရမည့်အကြောင်းနှင့် အသွေးမှန်သမျှတို့အား ရှောင်ကြဉ်ပြီး လည်ညှစ်သတ်ထားသည့် တိရိစ္ဆာန်၏အသားကို စားသုံးခြင်းမပြုရမည့်အကြောင်းများအား ပြောပြသင့်သည်ဟု ငါသည်ယူဆ၏။ 21အဘယ်ကြောင့်ဆိုသော် မောရှေ၏ပညတ်ကျမ်းသည် မြို့တိုင်းမြို့တိုင်းရှိ ဓမ္မာရုံတိုင်းတွင် ဥပုသ်နေ့တိုင်း၌ နှစ်ပေါင်းများစွာ ဟောကြားခဲ့ကြပြီးဖြစ်၏" ဟုပြောဆိုလေ၏။ 22ထိုအခါ သာဝကများနှင့် အသင်းတော်ခေါင်းဆောင်များမှစ၍ အသင်းတော်တစ်ခုလုံးသည် မိမိတို့ထဲမှ လူအချို့ကို ရွေးချယ်၍ ပေါလု၊ ဗာနဗတို့နှင့်အတူ အန္တိအုတ်မြို့သို့ စေလွှတ်ရန် ဆုံးဖြတ်လိုက်ကြ၏။ ထို့ကြောင့် သူတို့သည် ယုံကြည်သူအများအပြားက ရိုသေလေးစားခြင်းကိုခံရသော ဗာရှဗဟုခေါ်သော ယုဒနှင့် သိလတို့ကို ရွေးချယ်ကာ 23အောက်ပါပေးစာကိုလည်း သူတို့နှင့်အတူ ထည့်ပေးလိုက်ကြ၏။ ထိုစာမှာ "သာဝကများ၊ အသင်းတော်ခေါင်းဆောင်များနှင့် ညီအစ်ကိုများဖြစ်ကြသည့် ကျွန်ုပ်တို့သည် အန္တိအုတ်မြို့၊ ဆီးရီးယားပြည်နဲ့ ဆီလီဆီးယားပြည်တွင်ရှိသည့် တိုင်းတပါးသားများထဲမှ ယုံကြည်သူညီအစ်ကိုများအား နှုတ်ခွန်းဆက်သလိုက်ပါ၏။ 24ကျွန်ုပ်တို့၏အဖွဲ့ထဲမှ လူအချို့သည် ကျွန်ုပ်တို့ စေလွှတ်ခြင်းမရှိဘဲ သင်တို့ထံသို့လာပြီး သင်တို့အား သူတို့၏အပြောအဆိုများနှင့် စိတ်ပူပန်စေခဲ့သည်ဆိုသည်ကို ကျွန်ုပ်တို့ ကြားသိရပါ၏။ 25ထို့ကြောင့် ကျွန်ုပ်တို့ အတူတကွ တွေ့ဆုံဆွေးနွေးကြပြီး လူတစ်ချို့အားရွေးချယ်၍ ကျွန်ုပ်တို့၏မိတ်ဆွေများဖြစ်ကြသည့် ဗာနဗ၊ ပေါလုတို့နှင့်အတူ သင်တို့ထံသို့စေလွှတ်ရန် သဘောတူဆုံးဖြတ်လိုက်ကြပါ၏။ 26ဗာနဗနှင့်ပေါလုတို့သည် ယေရှုခရစ်တော်အမှုတော်ကို ထမ်းရွက်ရန်အတွက် သူတို့၏ အသက်များကိုပင် ဆက်ကပ်ထားကြသည့်သူမျာဖြစ်ကြ၏။ 27ကျွန်ုပ်တို့၏ စာထဲတွင်ရေးထားသည့် ဤအကြောင်းအရာတို့အား နှုတ်ဖြင့်ကိုယ်တိုင်ပြောပြနိုင်ရန်အတွက်လည်း ယုဒနှင့် သိလတို့ကိုလည်း အတစေလွှတ်လိုက်ပါ၏။ 28ကျွန်ုပ်တို့သည် သင်တို့အပေါ်တွင် အပိုဝန်ထုတ်ဝန်ပိုးများ မပေးသင့်သည့် အကြောင်းကိုလည်း ဉာဏ်အလင်းတော်သည် ကျွန်ုပ်တို့အား ပြသခဲ့ပြီးဖြစ်ပါ၏။ 29သို့သော် သင်တို့သည် ရုပ်တုများအား ပူဇော်ထားသည့် မည်သည့်အရာကိုမျှ မစားသင့်ကြပေ။ အသွေးကျန်ရှိနေသည့် အသားကိုလည်းကောင်း၊ လည်ညှစ်သတ်ထားသည့် တိရိစ္ဆာန်၏အသားကိုလည်းကောင်း စားသုံးရန်မသင့်ပေ။ တရားနှင့်မညီသည့် မေထုန်ပြုခြင်းကိုလည်း မပြုသင့်ပေ။ ဤအရာများအား လိုက်နာစောင့်ထိန်းသင့်ပါ၏။ ကျန်းမာကြပါစေဟု ဆုမွန်ကောင်းတောင်းပေးပါသည်" ဟူ၍ဖြစ်၏။ 30ထို့နောက် စေလွှတ်လိုက်သောသူတို့သည် အန္တိအုတ်မြို့သို့ ရောက်ရှိလာကြကာ ယုံကြည်သူတစ်ဖွဲ့လုံးကို စုဝေးစေပြီးလျှင် စာကိုပေးအပ်ကြ၏။ 31လူတို့သည် ထိုစာကို ဖတ်ကြပြီးနောက် စိတ်အားတက်ကြွကာ ဝမ်းမြောက်ပျော်ရွှင်ကြလေ၏။ 32ယုဒနှင့်သိလတို့ကိုယ်တိုင်သည်လည်း အရိယာသူတော်စင်များ ဖြစ်ကြသောကြောင့် အားပေးစကားများစွာပြောဆိုပြီး ယုံကြည်သူတို့ကို စိတ်အားတက်စေကြ၏။ 33ထိုနေရာတွင် အချိန်အတန်ကြာနေပြီးနောက် ယုံကြည်သူများသည် သူတို့အား ငြိမ်းချမ်းစွာ ပြန်လည်စေလွှတ်လိုက်သဖြင့် သူတို့သည်လည်း မိမိတို့ကို စေလွှတ်လိုက်သောသူများထံသို့ ပြန်လာခဲ့ကြလေ၏။ 34သို့သော် သိလသည် ထိုနေရာ၌နေခဲ့ရန် ဆုံးဖြတ်ခဲ့ပြီး ယုဒတစ်ဦးတည်းသာ ဂျေရုဆလင်မြို့သို့ ပြန်ခဲ့လေ၏။ 35ပေါလုနှင့်ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌ အချိန်အတော်ကြာနေထိုင်ပြီးနောက် အခြားသောသူများစွာတို့နှင့်အတူ ဘုရားရှင်၏နှုတ်ကပတ်တော်တရားကို ဟောပြောသွန်သင်ကြ၏။ 36အချိန်အတော်အတန်ကြာပြီးသောအခါ ပေါလုသည် ဗာနဗအား "ငါတို့ ဘုရားရှင်၏နှုတ်ကပတ်တော်တရားကို ဟောပြောခဲ့ကြသည် မြို့ရွာများရှိ ယုံကြည်သူများထံသွားပြီး သူတို့၏ အခြေအနေကို ကြည့်ကြစို့" ဟု ပြောဆိုလေ၏။ 37ထိုအခါ ဗာနဗသည် မာကုဟုခေါ်သော ယောဟန်ကိုလည်း သူတို့နှင့်အတူ ခေါ်ဆောင်သွားလို၏။ 38သို့သော် ပေါလုကမူ လက်မခံခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မာကုသည် ပံဖုလိပြည်တွင် သူတို့နှင့်အတူ အမှုတော်ကို ပြီးဆုံးသည်အထိ နေထိုင်ဆောင်ရွက်ခြင်းမရှိဘဲ သူတို့အားထားခဲ့ကာ ပြန်သွားခဲ့ဖူးသောကြောင့်ဖြစ်သည်။ 39ပေါလုနှင့် ဗာနဗတို့သည် အချေအတင်ငြင်းခုံခဲ့ကြပြီးနောက် လမ်းခွဲခဲ့ကြလေ၏။ ဗာနဗသည် မာကုကိုခေါ်၍ ဆိုက်ပရပ်ကျွန်းသို့ ရွက်လွှင့်သွားကြလေ၏။ 40ယုံကြည်သူတို့၏ ဘုရားရှင်မှ သူတို့ကို စောင့်ရှောက်ပါမည့်အကြောင်း ဆုတောင်းပေးကြပြီးနောက် ပေါလုသည် သိလကိုရွေးချယ်၍ ထွက်ခွာသွားပြီးနောက် 41ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်တို့တွင် လှည့်လည်၍ အသင်းတော်များအား ပိုမိုခိုင်မြဲစေရန် ဆောင်ရွက်ကြလေ၏။
Chwazi Kounye ya:
Acts 15: TPV-RV
Pati Souliye
Pataje
Kopye
Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.