35
1အို ဘုရားရှင်၊ အကျွန်ုပ်အား ဆန့်ကျင်ဘက်ပြုသောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်အား တိုက်ခိုက်ကြသောသူတို့ကို တိုက်ခိုက်တော်မူပါ။ 2ဒိုင်းလွှား၊ ဒိုင်းကာကို ကိုင်ဆောင်၍ အကျွန်ုပ်အား ကူညီမစရန် ထတော်မူပါ။ 3လှံတံနှင့် ရဲဒင်းတော်ကိုလည်းဆွဲယူ၍ အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲကြသူတို့အား ရင်ဆိုင်တော်မူပါ။ "ငါသည် သင့်ကိုကယ်တင်သောသူဖြစ်သည်" ဟု အကျွန်ုပ်အား မိန့်တော်မူပါ။ 4အကျွန်ုပ်၏အသက်အား ရန်ရှာသောသူတို့သည် အရှက်ကွဲ၍ အသရေပျက်ကြရပါစေ။ အကျွန်ုပ်အား ဒုက္ခရောက်ရန် ကြံစည်ကြသောသူတို့သည် နောက်သို့ပြန်ဆုတ်၍ မျက်နှာပျက်ကြရပါစေ။ 5ဘုရားရှင်၏ နတ်ဒေဝါများသည် သူတို့အားမောင်းထုတ်၍ သူတို့သည် လေထဲသို့လွင့်ပါသွားသော ဖွဲများကဲ့သို့ဖြစ်ကြပါစေ။ 6ဘုရားရှင်၏ နတ်ဒေဝါများသည် သူတို့အားလိုက်လံတိုက်ခိုက်ကြစဉ် သူတို့ထွက်ပြေးရာလမ်းသည် မှောင်မိုက်၍ ခြေချော်ကြကြပါစေ။ 7အကြောင်းမူကား သူတို့သည် အကြောင်းမဲ့ အကျွန်ုပ်အတွက် ပိုက်ကွန်ကိုလျှို့ဝှက်စွာထောင်ထားကြပါ၏။ အကျွန်ုပ်အားဖမ်းမိရန်အတွက်လည်း တွင်းကိုနက်စွာ တူးထားကြပါ၏။ 8ပျက်စီးဆုံးရှုံးခြင်းသည် ထိုသို့သောသူအပေါ်သို့ အမှတ်မထင် ကျရောက်ပါစေ။ သူလျှို့ဝှက်စွာထောင်ထားသော ပိုက်ကွန်၌ သူကိုယ်တိုင်ပြန်မိ၍ ထိုပျက်စီးဆုံးရှုံးခြင်းထဲသို့ ကျရောက်ပါစေ။ 9ထို့နောက် ကျွန်ုပ်၏စိတ်ဝိညာဉ်သည် ဘုရားရှင်ထံတော်တွင် ရွှင်လန်း၍ ကိုယ်တော်၏ကယ်တင်ခြင်း၌ ဝမ်းမြောက်ရပါလိမ့်မည်။ 10"မည်သူသည် ကိုယ်တော်နှင့်တူပါသနည်း။ မည်သူသည် ကိုယ်တော်ကဲ့သို့ ခွန်အားနည်းသူအား ခွန်အားကြီးသူ၏ ဘေးအန္တရာယ်မှလည်းကောင်း၊ ဆင်းရဲနွမ်းပါးသူအား ဖိစီးနှိပ်စက်တတ်သူ၏ ဘေးအန္တရာယ်မှလည်းကောင်း ကာကွယ်စောင့်ရှောက်ပါသနည်း" ဟု ဘုရားရှင်အား စိတ်နှလုံးအပြည့်အဝဖြင့် အကျွန်ုပ်သည် လျှောက်ထားမည်။ 11ယုတ်မာကောက်ကျစ်သူတို့သည် အကျွန်ုပ်မည်သည့်အခါကမျှ ကျူးလွန်ခဲ့ခြင်းမရှိသည့် ပြစ်မှုများနှင့် အကျွန်ုပ်အား စွပ်စွဲကြ၏။ သူတို့သည် အကျွန်ုပ်မသိသော အရာများအား အကျွန်ုပ်ကို မေးမြန်းကြ၏။ 12သူတို့သည် အကျွန်ုပ်ပြုခဲ့သည့်ကောင်းမှုများအား အဆိုးဖြင့်တုံ့ပြန်၍ အကျွန်ုပ်၏စိတ်နှလုံးကို အထီးကျန်ညှိုးငယ်စေကြ၏။ 13အကျွန်ုပ်မူကား သူတို့ဖျားနာသောအခါ လျှော်တေအဝတ်ကိုဝတ်ကာ အစာရှောင်လျက် မိမိကိုယ်မိမိ နှိမ့်ချခဲ့၏။ ကျွန်ုပ်၏ဆုတောင်းချက်များသည် ကျွန်ုပ်ထံသို့ ပြန်လှည့်လာသောအခါ 14အကျွန်ုပ်သည် အကျွန်ုပ်၏မိတ်ဆွေ၊ အကျွန်ုပ်၏ညီအစ်ကိုအတွက်ကြောင့်ကဲ့သို့ ကြေကွဲလျက်သော်လည်းကောင်း၊ မိခင်အတွက်ကြောင့် ငိုကြွေးမြည်တမ်းသကဲ့သို့ လည်းကောင်း ခေါင်းကိုငိုက်စိုက်ချ၍ ဝမ်းနည်းပူဆွေးခဲ့၏။ 15သို့သော် အကျွန်ုပ်လဲကျသောအခါ အကျွန်ုပ် သိရှိခြင်းမရှိကြသူတို့သည် ဝမ်းမြောက်လျက် စုဝေးကြ၏။ ရန်ပြုရိုက်ပုတ်သောသူတို့သည် အကျွန်ုပ်၏တစ်ဖက်၌ စုဝေးကြ၏။ 16ပွဲ၌လှောင်ပြောင်ကဲ့ရဲ့တတ်ကြသော ဘုရားတရားမဲ့သူများကဲ့သို့ သူတို့သည် အကျွန်ုပ်ကိုကြည့်လျက် အံကိုကြိတ်ကြ၏။ 17အို ဘုရားရှင်၊ ကိုယ်တော်သည် မည်မျှကြာအောင်ကြည့်လျက် နေတော်မူမည်နည်း။ အကျွန်ုပ်၏အသက်အား သူတို့၏ဖျက်စီးခြင်းဘေးမှလည်းကောင်း၊ အကျွန်ုပ်၏ တစ်ခုတည်းသောအသက်ကို ခြင်္သေ့တို့၏ဘေးမှလည်းကောင်း ကယ်တင်တော်မူပါ။ 18ထိုအခါ အကျွန်ုပ်သည် လူအစုအဝေးကြီး၏အလယ်တွင် ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါမည်။ လူထုပရိသတ်တို့၏အလယ်၌ ကိုယ်တော်အား ချီးမွမ်းပါမည်။ 19လှည့်ဖြားတတ်သော အကျွန်ုပ်၏ရန်သူတို့သည် ကျွန်ုပ်၏အကြောင်းကြောင့် ဝမ်းမြောက်ရသောအခွင့်ကို မရကြပါစေနှင့်။ အကျွန်ုပ်အား အကြောင်းမဲ့ မုန်းတီးကြသူတို့သည် အကျွန်ုပ်၏ ဝမ်းနည်းမှုကိုအကြောင်းပြု၍ လှောင်ပြောင်ခွင့်ကို ပေးတော်မမူပါနှင့်။ 20အကြောင်းမူကား သူတို့သည် ငြိမ်းချမ်းရေးစကားကိုမပြောဘဲ တိုင်းပြည်တွင်ငြိမ်းချမ်းစွာနေထိုင်ကြသူတို့၏တစ်ဖက်၌ လိမ်လည်လှည့်ဖြားသော စကားတို့ကို လုပ်ကြံပြောဆိုကြပါ၏။ 21သူတို့သည် အကျွန်ုပ်ကိုကြည့်လျက် သူတို့၏ပါးစပ်ကို ကျယ်လောင်စွာဖွင့်ကာ "ဟားဟား၊ သင်ပြုသောအမှုကို ငါတို့၏မျက်စိနှင့် မြင်ခဲ့ရပြီ" ဟု စွပ်စွဲပြောဆိုကြပါ၏။ 22အို ဘုရားရှင်၊ ကိုယ်တော်သည် မြင်တော်မူပါ၏။ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အို ဘုရားရှင်၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ 23အကျွန်ုပ်၏အရှင်ဖြစ်တော်မူသော အကျွန်ုပ်၏ဘုရားရှင်၊ တရားမျှတမှုအား အကျွန်ုပ်ရရှိရန်နှင့် အကျွန်ုပ်၏အမှုအတွက် နိုးထတော်မူပါ။ 24အို အကျွန်ုပ်၏အရှင်ဖြစ်တော်မူသော အကျွန်ုပ်၏ဘုရားရှင်၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့်အညီ အကျွန်ုပ်၌ အပြစ်မရှိကြောင်း စီရင်တော်မူပါ။ 25သူတို့သည် သူတို့၏စိတ်နှလုံးထဲ၌ "ငါတို့၏အလို ပြည့်စုံပြီ" ဟု အောက်မေ့ခွင့် မရကြပါစေနှင့်။ "သူ့အား ငါတို့ဝါးမြိုပြီ" ဟု ပြောဆိုခွင့် မရကြပါစေနှင့်။ 26အကျွန်ုပ်ဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူတို့သည် အတူတကွအရှက်ကွဲကြ၍ မျက်နှာပျက်ကြရပါစေ။ အကျွန်ုပ်နှင့်ယှဉ်၍ မိမိကိုယ်မိမိ ချီးမြှောက်ကြသော သူတို့သည် အရှက်ကွဲ၍မျက်နှာပျက်ကြရပါစေ။ 27အကျွန်ုပ်အား လွတ်ငြိမ်းချမ်းသာခွင့် ရစေလိုသောသူတို့သည် ရွှင်လန်းဝမ်းမြောက်စွာဖြင့် "မိမိ၏အစေအပါးဖြစ်သူ ကောင်းစားသည်ကို နှစ်သက်တော်မူသော ဘုရားရှင်သည် ကြီးမြတ်တော်မူ၏" ဟု သူတို့သည် အစဉ်မပြတ် မြွက်ဆိုကြပါစေ။ 28ထိုအခါ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို တစ်နေ့လုံးမြွက်ဆိုပါမည်။