Logo de YouVersion
Icono de búsqueda

Psalms 18

18
1အို ဘုရားရှင်၊ အကျွန်ုပ်၏ စွမ်းအားဖြစ်တော်မူသော ကိုယ်တော်အား အလွန်ပင်ချစ်မြတ်နိုးပါ။ 2ဘုရားရှင်သည် ကျွန်ုပ်၏ကျောက်၊ ကျွန်ုပ်၏ရဲတိုက်၊ ကျွန်ုပ်ကို ကယ်တင်တော်မူသောအရှင်၊ ကျွန်ုပ်၏ဘုရား၊ ကျွန်ုပ် ခိုလုံရာကျောက်ဆောင်၊ ကျွန်ုပ်၏ဒိုင်းလွှား၊ ကျွန်ုပ်၏ ကယ်တင်ခြင်းဦးချိုနှင့် ကျွန်ုပ်၏ခိုကိုးရာ ဖြစ်တော်မူ၏။ 3ကျွန်ုပ်သည် ဘုရားရှင်အား တောင်းလျှောက်သောအခါ ကိုယ်တော်သည် ကျွန်ုပ်အား ရန်သူတို့၏လက်မှ ကယ်တင်တော်မူ၏။ ဘုရားရှင်အား ချီးမွမ်းကြလော့။ 4သေခြင်း၏ကြိုးတို့ သည် ကျွန်ုပ်ကို ရစ်ပတ်ထားပြီး ဖျက်ဆီးခြင်း ရေအဟုန်တို့သည် ကျွန်ုပ်အား ခြောက်လှန့်နေပါ၏။ 5သေမင်း၏ နှောင်ကြိုးများသည် ကျွန်ုပ်အား ရစ်ပတ်လျက်ရှိပါ၏။ သေမင်၏ ထောင်ချောက်များသည်လည်း ကျွန်ုပ်အား ဆီးကြိုနေပါ၏။ 6ကျွန်ုပ်သည် ဆင်းရဲဒုက္ခရောက်ချိန်၌ ဘုရားရှင်အား တောင်းလျှောက်ပါ၏။ ကူညီမစတော်မူရန် ကျွန်ုပ်၏ ဘုရားရှင်အား လျှောက်ထားပါ၏။ ကိုယ်တော်သည် ကျွန်ုပ်၏အသံကို ဗိမာန်တော်ထဲမှ ကြားတော်မူပါ၏။ ကျွန်ုပ်၏ အော်ဟစ်တောင်းလျှောက်သံသည်လည်း ကိုယ်တော်၏ရှေ့တော်၊ ကိုယ်တော်၏နားတော်သို့ ရောက်ပါ၏။ 7ထိုအခါ ဘုရားရှင်၏ အမျက်တော်ကြောင့် ကမ္ဘာပေါ်တွင် မြေငလျင်သည် သိမ့်သိမ့်တုန်အောင် လှုပ်လေ၏။ တောင်တို့သည်လည်း အောက်ခြေမှ တုန်လှုပ်ကြကုန်၏။ 8ကိုယ်တော်၏ နှာခေါင်းတော်ထဲမှ မီးခိုးထွက်၍ ခံတွင်းတော်ထဲမှ မီးတောက်မီးလျှံများ ထွက်လာ၏။ ထိုမီးတောက်မီးလျှံတို့ကြောင့် မီးခဲတို့သည် တောက်လောင်ကြ၏။ 9ကိုယ်တော်သည် မိုးကောင်ကင်ကိုဖွင့်ဟလျက် ဆင်းသက်၍ ကြွလာတော်မူ၏။ မဲမှောင်သော မိုးတိမ်များသည် ကိုယ်တော်၏ ခြေတော်အောက်၌ရှိ၏။ 10ကိုယ်တော်သည် ခေရုဗိမ်ကိုစီးလျက် လေ၏အဟုန်ဖြင့် လျင်မြန်စွာ ကြွလာတော်မူ၏။ 11ကိုယ်တော်သည် အမှောင်ထုအား မိမိ၏လျှို့ဝှက်သောနေရာ ဖြစ်စေတော်မူ၏။ မိုးရေများစုဖွဲ့ထားသည် တိမ်တိုက်ကြီး အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိသော အခြံအရံဖြစ်၏။ 12ကိုယ်တော်၏ ရှေ့တော်ရှိ ထွန်းလင်းနေသည့် ရောင်ခြည်တော်ကြောင့် မိုးသီးနှင့်တောက်လောင်သော မီးခဲများသည် ကိုယ်တော်၏ တိမ်တိုက်များကိုဖြတ်ကျော်၍ ထွက်လာကြ၏။ 13ဘုရားရှင်သည် ကောင်းကင်၌ မိုးခြိမ်းသံကို ပေးတော်မူ၏။ အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်၏ အသံတော်သည် ထွက်ပေါ်လာ၏။ 14ကိုယ်တော်သည် မြားတို့ကိုပစ်လွှတ်၍ ရန်သူတို့ကို ကွဲလွင့်စေတော်မူ၏။ လျှပ်စီးကိုလက်စေ၍ သူတို့အား ကစဉ့်ကလျားဖြစ်စေတော်မူ၏။ 15အို ဘုရားရှင်၊ ကိုယ်တော်၏ဆုံးမခြင်းနှင့် နှာခေါင်းတော်ထဲမှ ရှူထုတ်သောလေကြောင့် ပင်လယ်ကြမ်းပြင်များသည် ပေါ်လာ၍ ကမ္ဘာကြီး၏ အောက်ခြေတို့သည် ဟင်းလင်းပြင်ဖြစ်လေ၏။ 16ကိုယ်တော်သည် ရွှေမြို့တော်မှလှမ်း၍ ကျွန်ုပ်အား ဆွဲကိုင်တော်မူ၏။ ရေနက်ထဲမှ ကျွန်ုပ်အား ဆယ်ယူတော်မူ၏။ 17ကျွန်ုပ်ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့် ခွန်အားကြီးမားသော ကျွန်ုပ်၏ရန်သူများလက်မှလည်းကောင်း၊ ကျွန်ုပ်အား မုန်းတီးသောသူတို့၏လက်မှလည်းကောင်း၊ ကျွန်ုပ်အား ကယ်တင်တော်မူ၏။ 18ကျွန်ုပ်ဘေးဒုက္ခရောက်ချိန်တွင် သူတို့သည် ကျွန်ုပ်အား တိုက်ခိုက်ကြသော်လည်း ဘုရားရှင်သည် ကျွန်ုပ်အား ကူညီမစတော်မူ၏ 19ကိုယ်တော်သည် ကျွန်ုပ်အား ကျယ်ဝန်းသောအရပ်သို့ ပို့ဆောင်တော်မူ၏။ ကျွန်ုပ်အား နှစ်သက်တော်မူသောကြောင့် ကျွန်ုပ်ကို ကယ်တင်တော်မူ၏။ 20ဘုရားရှင်သည် ကျွန်ုပ်ဖြောင့်မတ်သည်နှင့်အညီ ကျွန်ုပ်အား ကျေးဇူးပြုတော်မူ၏။ ကျွန်ုပ်၏လက်သည် သန့်ရှင်းသည်နှင့်အညီ ကျွန်ုပ်အား ချီးမြှောက်မူ၏။ 21အကြောင်းမူကား ကျွန်ုပ်သည် ဘုရားရှင်၏ ပညတ်တရားလမ်းအတိုင်း လိုက်လျှောက်ကာ စောင့်ထိန်း၏။ မကောင်းမှုဒုစရိုက်အား မပြုပေ။ ကျွန်ုပ်၏ ဘုရားရှင်ထံမှ ရှောင်ခွာ၍ မသွားခဲ့ပေ။ 22ကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်အားလုံးတို့အား စောင့်ထိန်းခဲ့ပါ၏။ ကိုယ်တော်၏ ပြဌာန်းချက်များမှ ကျွန်ုပ်သည် ရှောင်လွှဲမသွားခဲ့ပေ။ 23ကျွန်ုပ်သည် ကိုယ်တော်၏ရှေ့၌ အပြစ်တင်စရာမရှိအောင်နေ၍ ဒုစရိုက်မပြုမိအောင် မိမိကိုယ်မိမိ စောင့်ထိန်းပါ၏။ 24ထို့ကြောင့် ဘုရားရှင်သည် ကျွန်ုပ်ဖြောင့်မတ်သည်နှင့်အညီ၊ ကိုယ်တော်၏မျက်မှောက်တော်၌ ကျွန်ုပ်၏လက်သည် သန့်ရှင်းသည်နှင့်အညီ ကျွန်ုပ်အား ချီးမြှောက်တော်မူ၏။ 25ကိုယ်တော်သည် မေတ္တာကရုဏာရှိသောသူအား မိမိမေတ္တာကရုဏာရှိကြောင်းကို ပြသတော်မူ၏။ အပြစ်ကင်းသောသူအား မိမိအပြစ်ကင်းကြောင်းကို ပြသတော်မူ၏။ 26စိတ်နှလုံးဖြူစင်သူတို့အား မိမိစိတ်နှလုံးဖြူစင်ကြောင်းကို ပြတော်မူ၏။ ကောက်ကျစ်သောသူအား မိမိဉာဏ်များကြောင်းကို ပြတော်မူ၏။ 27အကြောင်းမူကား ကိုယ်တော်သည် စိတ်နှလုံးနှိမ့်ချသူတို့အား ကယ်တင်တော်မူပါ၏။ သို့သော် မာန်မာနထောင်လွှားသူတို့ကိုမူ နိမ့်ကျစေတော်မူပါ၏။ 28ကိုယ်တော်သည် ကျွန်ုပ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။ ကျွန်ုပ်၏အရှင်ဖြစ်တော်မူသော ဘုရားရှင်သည် ကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။ 29အမှန်စင်စစ် အကျွန်ုပ်သည် ကိုယ်တော်အားဖြင့် တပ်တစ်တပ်လုံးအား ဝင်ရောက်စီးနင်းနိုင်ပါ၏။ အကျွန်ုပ်၏ ဘုရားရှင်အားဖြင့် တံတိုင်းကိုလည်း ကျော်လွှားနိုင်ပါ၏။ 30ဘုရားရှင်၏လမ်းသည် ပြည့်ဝစုံလင်သကဲ့သို့ ဘုရားရှင်၏ မိန့်တော်မူချက်သည် ခိုင်လုံမှန်ကန်ပါ၏။ ကိုယ်တော်သည် အထံတော်၌ ခိုလှုံသူအားလုံးတို့၏ ဒိုင်းလွှားသဖွယ် အကာအကွယ်ဖြစ်တော်မူ၏။ 31အကြောင်းမူကား ဘုရားရှင်မှတစ်ပါး မည်သူသည် ဘုရားရှင်ဖြစ်မည်နည်း။ ကျွန်ုပ်တို့၏ ဘုရားရှင်မှတစ်ပါး မည်သူသည် ကျောက်ဆောင်ဖြစ်သနည်း။ 32ကိုယ်တော်သည် ကျွန်ုပ်အား သန်စွမ်းစေ‌သောဘုရား၊ ကျွန်ုပ်လိုက်လျှောက်ရာ ခရီးလမ်းကို ဘေးကင်းလုံခြုံစေတော်မူသော ဘုရားဖြစ်တော်မူ၏။ 33ကိုယ်တော်သည် ကျွန်ုပ်၏ခြေထောက်အာ သမင်၏ခြေထောက်ကဲ့သို့ မြဲမြံစေတော်မူ၍ မြင့်သောနေရာတို့၌ ငါ့အားရပ်စေတော်မူ၏။ 34ငါ၏လက်အား စစ်ရေး၌လေ့ကျင့်စေတော်မူသဖြင့် ငါ၏လက်ရုံးသည် ကြေးဝါဖြင့်ပြုလုပ်ထားသော လေးအား တင်နိုင်၏။ 35ကိုယ်တော်သည် ကယ်တင်ခြင်းဒိုင်းလွှားကို အကျွန်ုပ်အားပေးတော်မူ၏။ ကိုယ်တော်၏ လက်ယာလက်တော်သည် အကျွန်ုပ်အားဖေးမ၍ ကိုယ်တော်၏ ကူညီမစမှုကြောင့် အကျွန်ုပ်သည် ကြီးမြတ်သူဖြစလာရပါ၏။ 36ကိုယ်တော်သည် အကျွန်ုပ်ခြေလှမ်းစရာလမ်းကို ကျယ်ပြန့်စေတော်မူသောကြောင့် အကျွန်ုပ်သည် ခြေမချော်ခဲ့ပေ။ 37အကျွန်ုပ်သည် အကျွန်ုပ်၏ရန်သူများကို လိုက်၍မီပြီး သူတို့အား အပြီးသတ်သုတ်သင်ပြီးသည့် အချိန်မတိုင်မီထိ နောက်ပြန်မလှည့်ခဲ့ပေ။ 38အကျွန်ုပ်သည် သူတို့ပြန်၍မထနိုင်အောင် ချေမှုန်းခဲ့ပါ၏။ သူတို့သည် အကျွန်ုပ်၏ခြေထောက်အောက်တွင် လဲကျခဲ့ပါ၏။ 39ကိုယ်တော်သည် အကျွန်ုပ်အား စစ်ပွဲဝင်နိုင်ရန် ခွန်အားကိုပေးတော်မူ၏။ အကျွန်ုပ်အား ဆန့်ကြင်သောသူတို့အား အကျွန်ုပ်၏အောက်တွင် နိမ့်ကျစေတော်မူပါ၏။ 40ကိုယ်တော်သည် အကျွန်ုပ်ထံမှရန်သူများကို ထွက်ပြေးစေတော်မူပါ၏။ အကျွန်ုပ်သည်လည်း မိမိကိုမုန်းတီးသူတို့အား ချေမှုန်းသုတ်သင်ပစ်ပါ၏။ 41သူတို့သည် "ကယ်တော်မူပါ" ဟု အော်ဟစ်ကြသော်လည်း သူတို့အား ကယ်တင်မည့်သူမရှိ။ သူတို့သည် ဘုရားရှင်အား လျှောက်ထားကြသော်လည်း ကိုယ်တော်သည် သူတို့အား ထူးတော်မမူပေ။ 42လေတိုက်၍ လွင့်ပါသွားသော မြေမှုန့်များကဲ့သို့ဖြစ်စေရန် သူတို့အား အကျွန်ုပ်ချေမှုန်းပါ၏။ လမ်းများပေါ်မှ ရွှံ့များကဲ့သို့သူများအား အကျွန်ုပ်သည် ကျော်နင်းခဲ့ပါ၏။ 43ကိုယ်တော်သည် အကျွန်ုပ်အား တိုက်ခိုက်ကြသော လူတို့လက်မှ အကျွန်ုပ်ကို လွတ်မြောက်စေ၍ လူမျိုးတကာတို့အား အုပ်ချုပ်စေတော်မူပါ၏။ အကျွန်ုပ် မသိဖူးသောသူများအား ယခုအခါတွင် အုပ်ချုပ်ခွင့်ကိုရပါ၏။ 44လူမျိုးခြားတို့သည် အကျွန်ုပ်၏ရှေ့တွင် ဦးညွှတ်၍ ပျပ်ဝပ်ကြပါ၏။ သူတို့သည် အကျွန်ုပ်၏အမိန့်ကိုကြားကြသောအခါ နာခံကြပါ၏။ 45တိုင်းတစ်ပါးသားတို့သည် လက်မှိုင်ချ၍ မိမိတို့၏ခြေကုပ်စခန်းများထဲမှ တုန်လှုပ်လျက် ထွက်လာကြပါ၏။ 46ဘုရားရှင်သည် အသက်ရှင်တော်မူ၏။ အကျွန်ုပ်အား ကွယ်ကာတော်မူသောအရှင်းအား ကောင်းချီးပေးကြလော့။ အကျွန်ုပ်အား ကယ်တင်တော်မူသော ဘုရားရှင်အား ချီးမြှောက်ကြလော့။ 47ဘုရားရှင်သည် အကျွန်ုပ်အတွက် လက်တုံ့ပြန်ပေး၍ လူမျိုးတကာတို့အား အကျွန်ုပ်လက်အောက်သို့ ရောက်စေတော်မူ၏။ 48အကျွန်ုပ်၏ ရန်သူတို့လက်မှ အကျွန်ုပ်အား လွတ်မြောက်စေတော်မူ၏။ အကျွန်ုပ်အား ရန်သူများကို အောင်မြင်ရသောအခွင့်ကို ပေးတော်မူ၏။ အကြမ်းဖက်သူတို့၏ ဘေးမှ အကျွန်ုပ်အား ကွယ်ကာတော်မူပါ၏။ 49ထို့ကြောင့် အို ဘုရားရှင်၊ အကျွန်ုပ်သည် လူမျိုးတကာတို့၏အလယ်၌ ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းမည် 50ဘုရားရှင်သည် မိမိခန့်ထားသော ဘုရင်အား အောင်ပွဲများခံစေတော်မူ၏။ ကိုယ်တော် ဘိသိက်ပေးတော်မူသော ဒါဝိဒ်မှစ၍ သူ၏သားစဉ်မြေးဆက်များအား ခိုင်မြဲသောမေတ္တာတော်ကို ကာလအစဉ်အဆက် ပြတော်မူ၏။

Actualmente seleccionado:

Psalms 18: TPV-RV

Destacar

Compartir

Copiar

None

¿Quieres tener guardados todos tus destacados en todos tus dispositivos? Regístrate o inicia sesión