Romans 8:17-31

သားမှန်လျှင် အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်ဆက်ဆံသော အမွေခံလည်း ဖြစ်ကြ၏။- ငါတို့အား ပေါ်ထွန်းလတ္တံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။- ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မျှော်လင့်လျက်နေ၏။- ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလို လိုက်သည်မဟုတ်။- ဘုရားသခင်သားတို့၏ ထူးမြတ်သော လွှတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကို ဝင်စားမည်ဟု မျှော်လင့်ရသော အခွင့်ကိုပေး၍ အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။- ဤလောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟု ငါတို့သိကြ၏။- ထိုမျှမက ဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနုတ်ခြင်းချမ်းသာကို မျှော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။- ငါတို့သည် မျှော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။ မျှော်လင့်သောအရာကို တွေ့မြင်လျှင် မျှော်လင့်စရာအကြောင်း မရှိ။ တွေ့မြင်သောအရာကို အဘယ်ကြောင့် မျှော်လင့်ရမည်နည်း။- ငါတို့သည် မတွေ့မမြင်သောအရာကို မျှော်လင့်လျှင်မူကား၊ ထိုအရာကို သည်းခံသောစိတ်နှင့် ငံ့လင့်၍ နေကြ၏။- ထိုမှတစ်ပါး၊ ငါတို့ မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။- စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏အလိုတော်နှင့်အညီ စောင့်မတော်မူ၏။ ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။- ဘုရားသခင်၏သားတော်သည် အများသောညီတို့တွင် သားဦးဖြစ်တော်မူမည်အကြောင်း၊ ဘုရားသခင်သည် ရှေ့မဆွကသိတော်မူသော သူတို့ကို သားတော်၏ပုံသဏ္ဌာန်နှင့် တညီတည်းဖြစ်စေခြင်းငှာ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ၏။- ထိုသို့ ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသော သူတို့ကိုလည်း ဖြောင့်မတ်ရာ၌ တည်စေတော်မူ၏။ ထိုသို့ တည်စေတော်မူသော သူတို့ကိုလည်း ချီးမြှောက်တော်မူ၏။ သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တစ်ဖက်၌ နေနိုင်မည်နည်း။
ရောမ 8:17-31