Romans 1:16-25

ငါသည် ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။- အဘယ်သို့ဖြစ်သနည်း ဟူမူကား၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည်၊ ယုံကြည်ခြင်းအဖို့အလိုငှာ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏။ သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သောသူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တစ်ဖက်၌ ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။- အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။- အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။- အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးမိုက်မဲခြင်းသို့ ရောက်ကြ၏။- ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍၊- မဖောက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကိုပယ်လျက်၊ ဖောက်ပြန်ပျက်စီးတတ်သော လူ၏ရုပ်တု၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။ ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို သူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏။- သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာရှိတော်မူ၏။ အာမင်။
ရောမ 1:16-25