Psaumes 85:1-13

အို ထာဝရဘုရား၊ ကိုယ်တော်သည် ပြည်တော်ကို စိတ်နှင့်တွေ့တော်မူ၍၊ ဖမ်းဆီးသိမ်းသွားခြင်းကို ခံရသော ယာကုပ်အမျိုးသားတို့ကို ပြန်ပို့စေတော်မူပြီ။ ကိုယ်တော်၏လူတို့အပြစ်ကိုလွှတ်၍၊ သူတို့၏ဒုစရိုက်အပေါင်းကိုလည်း ဖုံးအုပ်တော်မူပြီ။ စိတ်တော်ရှင်းရှင်းပြေ၍၊ အမျက်တော်အရှိန်ကို လျော့စေတော်မူပြီ။ အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရား၊ တစ်ဖန် အကျွန်ုပ်တို့ကိုပြောင်းလဲစေ၍၊ ထွက်ဖူးသောအမျက်တော်ကို ငြိမ်းစေတော်မူပါ။ အကျွန်ုပ်တို့၌ အစဉ်အမျက်ထွက်တော်မူမည်လော။ ကာလအစဉ်အဆက် စိတ်တော်မပြေဘဲ နေတော်မူမည်လော။ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို အမှီပြု၍ ဝမ်းမြောက်ပါမည်အကြောင်း၊ တစ်ဖန်အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူမည် မဟုတ်လော။ အိုထာဝရဘုရား၊ အကျွန်ုပ်တို့အားကရုဏာတော်ကိုပြ၍၊ ကယ်တင်တော်မူခြင်းကျေးဇူးကို ပြုတော်မူပါ။ ထာဝရအရှင် ဘုရားသခင်သည် အဘယ်သို့မိန့်တော်မူမည်ကို ငါနားထောင်မည်။ အကယ်စင်စစ် မိမိလူ၊ မိမိသန့်ရှင်းသူတို့အား ငြိမ်သက်ခြင်းအကြောင်းကို မိန့်တော်မူလိမ့်မည်။ သို့ရာတွင်၊ နောက်တစ်ဖန် မိုက်သောအကျင့်ကို မကျင့်ကြပါစေနှင့်။ ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော်မူခြင်းကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏အနီးသို့ ဧကန်အမှန် ရောက်လေပြီ။ ကရုဏာနှင့်သစ္စာ ဆုံမိပြီ။ တရားနှင့် ချမ်းသာသည် တစ်ပါးကိုတစ်ပါး နမ်းကြပြီ။ သစ္စာသည် မြေကြီးထဲက ပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်က ငုံ့ကြည့်လိမ့်မည်။ အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၍၊ ငါတို့မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်။ တရားသည်ရှေ့တော်၌သွား၍ ခြေတော်ရာတို့ကို ပဲ့ပြင်လိမ့်မည်။
ဆာလံ 85:1-13