Psalm 18:1-50

အိုထာဝရဘုရား၊ အကျွန်ုပ်၏ခွန်အားဗလတည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏။ ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏။ ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက်၍ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ရောက်၏။ သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်းမိ၍၊ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏။ မရဏနိုင်ငံ၏ကြိုးတို့သည် ဝိုင်း၍၊ သေမင်း၏ကျော့ကွင်းသည် ငါ့ကိုကျော့မိလျက်ရှိ၏။ ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ ထာဝရဘုရားကိုခေါ်၍၊ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲမှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။ ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ တောင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏။ နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့်၊ မီးခဲတောက်လေ၏။ မိုးကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ၍၊ ခြေဖဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ၏။ ခေရုဗိမ်ကိုစီးလျက် ပျံတော်မူ၏။ လေ၏အတောင်တို့အပေါ်မှာ လျင်စွာ ပျံတော်မူ၏။ မှောင်မိုက်ထဲမှာ ပုန်းကွယ်တော်မူ၍၊ တစ်ခဲနက်သောရေနှင့် ထူထပ်သော မိုးတိမ်တို့သည် ကိုယ်တော်ကို ကာရံလျက်ရှိကြ၏။ ရှေ့တော်၌ ရောင်ခြည်ကြောင့် တိမ်ထပ်တို့သည် မိုးသီးနှင့်မီးခဲပါလျက် လွင့်ကြ၏။ ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာ မိုးချုန်း၍၊ အမြင့်ဆုံးသောဘုရားသည် အသံတော်ကိုလွှင့်တော်မူ၏။ လေးမြားတော်တို့ကိုပစ်၍ လျှပ်စစ်ပြက်စေသဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ၍ ရှုံးစေတော်မူ၏။ ထိုအခါ အိုထာဝရဘုရား၊ ကိုယ်တော်သည် အပြစ်တင်၍ နှာခေါင်းတော်ထဲက အသက်ရှူတော်မူသောအားဖြင့်၊ သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ပွင့်လစ်ထင်ပေါ်လျက်ရှိကြ၏။ ထာဝရဘုရားသည် အထက်အရပ်က လက်တော်ကိုဆန့်၍၊ တစ်ခဲနက်သောရေထဲက ငါ့ကိုဆယ်ယူတော်မူ၏။ ငါ့ကိုမုန်းသောသူတည်းဟူသော ငါပြိုင်၍မနိုင်နိုင်အောင် ခွန်အားကြီးသောရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏။ ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးတားသော်လည်း၊ ထာဝရဘုရားသည် ငါမှီခိုရာဖြစ်၍၊ ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကို နှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။ ငါဖြောင့်မတ်ခြင်းရှိသည်အလျောက်၊ ထာဝရဘုရားသည် အကျိုးကိုပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏အကျိုးကို စီရင်တော်မူ၏။ အကြောင်းမူကား၊ ငါသည် ထာဝရဘုရား၏လမ်းတော်သို့ အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၍မသွား။ စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏။ အထုံးအဖွဲ့တော်တို့ကိုမပယ်၊ ရှေ့တော်မှာဖြောင့်မတ်၍၊ ကိုယ်ဒုစရိုက်ကို ကြဉ်ရှောင်၏။ ထိုကြောင့် ရှေ့တော်မှာထင်ရှားသော ငါ၏ဖြောင့်မတ်ခြင်း၊ လက်စင်ကြယ်ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရားသည် ငါ၌အကျိုးကိုပေးတော်မူပြီ။ သနားတတ်သောသူအား ကိုယ်တော်သည် သနားခြင်းသဘောကိုလည်းကောင်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း သဘောကိုလည်းကောင်း၊ သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကိုလည်းကောင်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သောသဘောကိုလည်းကောင်း ပြတော်မူ၏။ နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည်ကယ်တင်၍၊ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချတော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကိုထွန်း၍၊ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်ကို အမှီပြု၍၊ တပ်ကိုဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကိုကျော်၍ ဝင်ပါပြီ။ ဘုရားသခင် စီရင်တော်မူသောအမှုသည် စုံလင်၏။ ထာဝရဘုရား၏သစ္စာတော်သည် အစစ်ခံ၍တည်၏။ ခိုလှုံသော သူအပေါင်းတို့၏ အကွယ်အကာဖြစ်တော်မူ၏။ ထာဝရဘုရားမှတစ်ပါး အဘယ်ဘုရားသခင်ရှိသနည်း။ ငါတို့ ဘုရားသခင်မှတစ်ပါး အဘယ်မည်သောကျောက် ရှိသနည်း။ ထိုဘုရားသခင်သည် ငါ့ကိုခွန်အားခါးပန်းနှင့် စည်း၍ ငါသွားရာလမ်းကို ဖြောင့်စေတော်မူ၏။ ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။ ငါ့လက်ကို စစ်မှု၌လေ့ကျက်စေခြင်းငှာ သွန်သင်တော်မူ၍၊ ကြေးဝါလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင်၏။ ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍၊ လက်ယာလက်တော်အားဖြင့် မစတော်မူ၏။ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည်ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။ အကျွန်ုပ်သွားသောလမ်းကိုရှင်းလင်း၍ ခြေမချော်စေခြင်းငှာ ပြုတော်မူသောအားဖြင့်၊ အကျွန်ုပ်သည် ရန်သူတို့ကိုလိုက်၍ မီသဖြင့်၊ သူတို့ကို မပယ်ရှင်းမီတိုင်အောင် မပြန်ပါ။ သူတို့သည် အကျွန်ုပ်ခြေအောက်မှာလဲလျက်ရှိ၍ မထနိုင်အောင် အကျွန်ုပ်သည်နှိပ်နင်းပါ၏။ အကြောင်းမူကား၊ စစ်တိုက်ခြင်းငှာ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။ အကျွန်ုပ်ကို မုန်းသောရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌အပ်၍၊ ဖျက်ဆီးရသောအခွင့်ကို ပေးတော်မူ၏။ သူတို့သည် အော်ဟစ်ကြသောအခါ၊ ကယ်တင်သောသူ မရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။ ထိုအခါ အကျွန်ုပ်သည် သူတို့ကို လေတိုက်သောမြေမှုန့်ကိုကဲ့သို့၊ ညက်ညက်ချေပြီးမှ၊ လမ်း၌အမှိုက်ကိုကဲ့သို့ သွန်ပစ်လေ၏။ လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကိုကယ်လွှတ်၍၊ တစ်ပါးအမျိုးသားတို့၏ အကဲအမှူးအရာ၌ ခန့်ထားတော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဖူးသော လူစုသည် အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏။ အကျွန်ုပ်စကားသံကို ကြားသည်ခဏချင်းတွင် နားထောင်ပါ၏။ တစ်ပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်ကြပါ၏။ ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက် ထွက်ကြပါ၏။ ထာဝရဘုရားသည် အသက်ရှင်တော်မူသည်ဖြစ်၍၊ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ ချီးမြှောက်ခြင်းရှိပါစေသတည်း။ ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း။ ရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့အပေါ်သို့ ကိုယ်တော်သည် အကျွန်ုပ်ကို မြှောက်တင်၍၊ လုယူဖျက်ဆီးတတ်သောသူ၏လက်မှ ကယ်လွှတ်တော်မူ၏။ ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တစ်ပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကိုချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။ ဘုရားသခင်သည် မိမိခန့်ထားသောမင်းကြီးကို အထူးသဖြင့် ကယ်လွှတ်တော်မူ၏။ ဘိသိက်တော်ကိုခံရသော ဒါဝိဒ်မှစ၍ အမျိုးအနွယ်အား ကာလအစဉ်အဆက် ကရုဏာကျေးဇူးကိုပြုတော်မူ၏။
ဆာလံ 18:1-50