Proverbs 12:1-28

နည်းဥပဒေကို ခံချင်သောသူသည် ပညာအတတ်ကိုနှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသောသူမူကား၊ တိရစ္ဆာန်သဘောရှိ၏။ သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သောသူမူကား၊ အပြစ်စီရင်တော်မူခြင်းကိုခံရ၏။ လူသည် ဒုစရိုက်အားဖြင့် မြဲမြံခြင်းသို့ မရောက်ရာ။ ဖြောင့်မတ်သောသူ၏အမြစ်မူကား မရွေ့ရာ။ သီလရှိသောမိန်းမသည် မိမိလင်၌ ဦးရစ်သရဖူဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုးတို့၌ ဆွေးမြေ့ခြင်းကဲ့သို့ ဖြစ်၏။ ဖြောင့်မတ်သောသူ၏အကြံသည် ဖြောင့်၏။ မတရားသောသူပေးသော အကြံမူကား မုသားဖြစ်၏။ မတရားသောသူ၏စကားသည် သူ့အသက်ကိုသတ်ခြင်းငှာ စောင်းမြောင်းတတ်၏။ ဖြောင့်မတ်သောသူ၏နှုတ်မူကား၊ သူတစ်ပါးတို့ကို ကယ်နုတ်တတ်၏။ မတရားသောသူ၏အိမ်သည် ပြိုလဲပျောက်ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏အိမ်မူကား၊ အမြဲတည်ခြင်း ရှိတတ်၏။ လူသည် ဉာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်းကိုခံရ၏။ သဘောကောက်သောသူမူကား၊ မထီမဲ့မြင်ပြုခြင်းကို ခံရ၏။ စားစရာမရှိဘဲ ဝါကြွားသောသူထက်၊ အသရေမရှိ၊ ကိုယ်အလုပ်ကိုလုပ်ရသောသူသည် သာ၍ကောင်း၏။ ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက်ကို နှမြောတတ်၏။ မတရားသောသူမူကား၊ ကရုဏာအရာ၌ပင် ကြမ်းကြုတ်တတ်၏။ မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဉာဏ်ချို့တဲ့၏။ မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ၏။ ဖြောင့်မတ်သောသူ၏အမြစ်မူကား၊ အသီးကိုသီးတတ်၏။ စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်းရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက်တတ်၏။ လူသည် မိမိနှုတ်ခမ်းအသီးကို ဝစွာစားရ၏။ မိမိလက်လုပ်ရာ အကျိုးအပြစ်ကိုလည်းခံရ၏။ မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည်ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင်သောသူမူကား ပညာရှိ၏။ မိုက်သောသူ၏အမျက်ဒေါသသည် ချက်ချင်းထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကား၊ ရှက်စရာအမှုကို ဖုံးတတ်၏။ မှန်သောစကားကို ပြောသောသူသည် ဖြောင့်မတ်ခြင်းတရား၊ မမှန်သောသက်သေကိုခံသောသူမူကား၊ မုသားတရားကို ပြသတတ်၏။ သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သော လူတစ်ချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား အနာကိုပင် ပျောက်စေတတ်၏။ သစ္စာနှုတ်ခမ်းသည် အစဉ်အမြဲတည်၏။ မုသားလျှာမူကား ခဏသာတည်၏။ မကောင်းသောအကြံကို ကြံသောသူတို့၏စိတ်ထဲမှာ လှည့်စားတတ်သောသဘောရှိ၏။ ရန်ပြေစေခြင်းငှာ အကြံပေးသောသူတို့၌ကား၊ ဝမ်းမြောက်စရာအကြောင်းရှိ၏။ တရားသောသူ၌ အမင်္ဂလာ မရောက်ရာ။ မတရားသောသူမူကား၊ အမင်္ဂလာနှင့် ပြည့်ဝရလိမ့်မည်။ မုသားသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဖွယ်ဖြစ်၏။ သစ္စာတရားကို စောင့်ရှောက်သောသူတို့မူကား၊ နှစ်သက်တော်မူဖွယ်ဖြစ်ကြ၏။ ပညာသတိရှိသောသူသည် မိမိသိသောအရာကိုပင် ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ်အလိုအလျောက် မိုက်သောသဘောကို ထင်ရှားပြတတ်၏။ လုံ့လဝိရိယပြုသောသူသည် အစိုးရတတ်၏။ ပျင်းရိသောသူမူကား၊ အခွန်ပေးရ၏။ ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ်၏။ ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်းပြတတ်၏။ မတရားသောသူလိုက်သောလမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။ ပျင်းရိသောသူသည် မုဆိုးလုပ်သော်လည်း၊ ဖမ်းရသောအကောင်ကို ကင်၍မစားရ။ လုံ့လဝိရိယပြုသောသူ၏ဥစ္စာမူကား၊ အဖိုးထိုက်ပေ၏။ ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်းဖြစ်၏။
သုတ္တံ 12:1-28