Proverbs 12:1-12

နည်းဥပဒေကို ခံချင်သောသူသည် ပညာအတတ်ကိုနှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသောသူမူကား၊ တိရစ္ဆာန်သဘောရှိ၏။ သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သောသူမူကား၊ အပြစ်စီရင်တော်မူခြင်းကိုခံရ၏။ လူသည် ဒုစရိုက်အားဖြင့် မြဲမြံခြင်းသို့ မရောက်ရာ။ ဖြောင့်မတ်သောသူ၏အမြစ်မူကား မရွေ့ရာ။ သီလရှိသောမိန်းမသည် မိမိလင်၌ ဦးရစ်သရဖူဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုးတို့၌ ဆွေးမြေ့ခြင်းကဲ့သို့ ဖြစ်၏။ ဖြောင့်မတ်သောသူ၏အကြံသည် ဖြောင့်၏။ မတရားသောသူပေးသော အကြံမူကား မုသားဖြစ်၏။ မတရားသောသူ၏စကားသည် သူ့အသက်ကိုသတ်ခြင်းငှာ စောင်းမြောင်းတတ်၏။ ဖြောင့်မတ်သောသူ၏နှုတ်မူကား၊ သူတစ်ပါးတို့ကို ကယ်နုတ်တတ်၏။ မတရားသောသူ၏အိမ်သည် ပြိုလဲပျောက်ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏အိမ်မူကား၊ အမြဲတည်ခြင်း ရှိတတ်၏။ လူသည် ဉာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်းကိုခံရ၏။ သဘောကောက်သောသူမူကား၊ မထီမဲ့မြင်ပြုခြင်းကို ခံရ၏။ စားစရာမရှိဘဲ ဝါကြွားသောသူထက်၊ အသရေမရှိ၊ ကိုယ်အလုပ်ကိုလုပ်ရသောသူသည် သာ၍ကောင်း၏။ ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက်ကို နှမြောတတ်၏။ မတရားသောသူမူကား၊ ကရုဏာအရာ၌ပင် ကြမ်းကြုတ်တတ်၏။ မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဉာဏ်ချို့တဲ့၏။ မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ၏။ ဖြောင့်မတ်သောသူ၏အမြစ်မူကား၊ အသီးကိုသီးတတ်၏။
သုတ္တံ 12:1-12