Philippians 2:5-16

ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။- ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊- မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။- ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။- ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပေးသနားတော်မူ၏။- အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊- ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။ သို့ဖြစ်၍ ငါ့ချစ်သူတို့၊ သင်တို့သည် ငါ့မျက်မှောက်၌ နားထောင်သည်သာမက၊ မျက်ကွယ်၌လည်း အစဉ် နားထောင်ကြသည်နှင့်အညီ၊ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့်၊ ကိုယ်ကို ကယ်တင်ခြင်းငှာ ကိုယ်တိုင် ကြိုးစားအားထုတ်ကြလော့။- အကြောင်းမူကား၊ သင်တို့သည် အလိုရှိစေခြင်းငှာလည်းကောင်း၊ အကျင့်ကျင့်စေခြင်းငှာလည်းကောင်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း။- သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့။- သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍၊ မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏သား ဖြစ်ကြလိမ့်မည်။ အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ်တရားတော်ကို ပြသ၍၊ စကြဝဠာ၌ နေ၊ လ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုးအထဲ၌ ထွန်းလင်းကြ၏။ သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုးမရှိဘဲလျက် ကြိုးစားအားထုတ်သည် မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏နေ့ရက်၌ ဝါကြွားဝမ်းမြောက်ခြင်းရှိလိမ့်မည်။
ဖိလိပ္ပိ 2:5-15-16