Micah 6:1-8

ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထ၍ တောင်ကြီးတို့ရှေ့မှာ တရားတွေ့သဖြင့်၊ တောင်ငယ်တို့သည် သင့်စကားကို ကြားကြစေ။ အို တောင်တို့၊ ခိုင်ခံ့သောမြေအမြစ်တို့၊ ထာဝရဘုရား၏တရားတွေ့မှုကို နားထောင်ကြလော့။ ထာဝရဘုရားသည် မိမိလူမျိုးနှင့် တရားတွေ့စရာရှိ၏။ ဣသရေလအမျိုးနှင့် ဆွေးနွေးငြင်းခုံတော်မူမည်။ အို ငါ၏လူမျိုး၊ သင့်ကို အဘယ်သို့ ငါပြုဖူးသနည်း။ အဘယ်သို့ ညှဉ်းဆဲဖူးသနည်း။ ငါ့တစ်ဖက်၌ သက်သေခံလော့။ သင့်ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ပြီ။ ကျွန်ခံနေရာအရပ်မှ ရွေးနုတ်ပြီ။ သင့်ရှေ့မှာ မောရှေ၊ အာရုန်၊ မိရိအံတို့ကို ငါစေလွှတ်လေပြီ။ အို ငါ၏လူမျိုး၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံကိုလည်းကောင်း၊ ဗောရသား ဗာလမ်ပြန်ပြောသော စကားကိုလည်းကောင်း အောက်မေ့လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရဘုရား၏ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည်။ ငါသည် ထာဝရဘုရားရှေ့တော်သို့ အဘယ်ပူဇော်သကာပါလျက် ချဉ်းကပ်၍၊ အမြင့်ဆုံးသော ဘုရားသခင့်ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ်ရမည်လော။ ထာဝရဘုရားသည် သိုးထီးတစ်ထောင်၊ ဆီမြစ်တစ်သောင်းကို အားရနှစ်သက် တော်မူမည်လော။ ငါ့လွန်ကျူးခြင်းအတွက် ငါ၏သားဦးကိုလည်းကောင်း၊ ငါ့စိတ်ဝိညာဉ်၏ အပြစ်အတွက် ငါ၏ရင်သွေးကိုလည်းကောင်း ပူဇော်ရမည်လော၊ အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတပါး အဘယ်ပူဇော်သကာကို ထာဝရဘုရား တောင်းတော်မူသနည်း။
မိက္ခာ 6:1-8