Matthew 6:7-21

သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။- ထိုသူတို့နည်းတူ မပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့ အလိုရှိသမျှတို့ကို သင်တို့မတောင်းမီ သင်တို့ အဘသိတော်မူ၏။- ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။- နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။- အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ ပေးသနားတော်မူပါ။- သူတစ်ပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။- အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင် ဟု ဆုတောင်းကြလော့။- သင်တို့သည် သူတစ်ပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။- သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကို မလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။- သင်တို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ်ခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။- ငါအမှန်အကန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏။- သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကို လူများတို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ ရှိတော်မူသော သင်တို့အဘရှေ့တော်၌သာ ထင်ရှားစေခြင်းငှာ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်း သစ်လော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတ္တံ့။- သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းပူးကြနှင့်။- သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖောက်၊ မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းပူးကြလော့။- အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက်တတ်၏။
ရှင်မဿဲ 6:7-21