Matthew 13:44-58

တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌ဝှက်ထားသောဘဏ္ဍာနှင့် တူ၏။ ထိုဘဏ္ဍာကိုတွေ့သောသူသည် တစ်ဖန်ဖုံးအုပ်၍၊ ဝမ်းမြောက်သောစိတ်နှင့် သွားပြီးလျှင်၊ ရတတ်သမျှကို ရောင်း၍ ထိုလယ်ကို ဝယ်တတ်၏။ တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် မြတ်သောပုလဲတို့ကို ရှာသော ကုန်သည်နှင့် တူ၏။- ထိုကုန်သည်သည် အလွန်အဖိုးထိုက်သော ပုလဲကို တွေ့သောအခါ၊ သွား၍ မိမိ၌ရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကို ဝယ်လေ၏။- တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကို အုပ်မိသော ပိုက်ကွန်နှင့်တူ၏။- ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ဆွဲတင်၍ ထိုင်လျက်၊ ကောင်းသောငါးကို ခြင်းထဲသို့ ရွေးချယ်ထည့်ထား၍၊ မကောင်းသောငါးကို ပြင်သို့ပစ်လိုက်ကြ၏။- ထိုနည်းတူ ကမ္ဘာအဆုံး၌ ကောင်းကင်တမန်တို့သည် ဆင်းလာပြီးလျှင်၊ ဖြောင့်မတ်သောသူတို့အထဲမှ ဆိုးသောသူတို့ကို နုတ်ယူခွဲထား၍၊- ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ ချကြလတ္တံ့။ ဤအရာအလုံးစုံတို့ကို သင်တို့သည် နားလည်ကြသလောဟု မေးတော်မူလျှင်၊ နားလည်ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက်ကြ၏။- ကိုယ်တော်ကလည်း၊ သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏ အကြောင်းအရာကို သင်ပြီးသောကျမ်းဆရာ မည်သည်ကား၊ မိမိဘဏ္ဍာထဲက အထူးထူးအပြားပြားသော အသစ်အဟောင်းတို့ကို ထုတ်ဖော်သောအိမ်ရှင်နှင့် တူသည်ဟု မိန့်တော်မူ၏။ ထိုဥပမာစကားများကို အကုန်အစင်မိန့်မြွက်တော်မူပြီးလျှင် ထိုအရပ်မှကြွသွားတော်မူ၏။ ထိုနောက်မှ မိမိမြို့သို့ရောက်တော်မူ၍ တရားဇရပ်၌ ဆုံးမဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်းမောတွေဝေခြင်း ရှိကြသဖြင့်၊ ဤသူသည် ဤပညာကိုလည်းကောင်း၊ ဤတန်ခိုးကိုလည်းကောင်း အဘယ်မှာရသနည်း။- သူသည် လက်သမားသား မဟုတ်လော။ သူ့အမိကား မာရိအမည်ရှိသည် မဟုတ်လော။ သူ့ညီကား၊ ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒဟုဆိုကြသည် မဟုတ်လော။- သူ့နှမများတို့သည်လည်း ငါတို့နှင့် အနီးအပါးနေကြသည် မဟုတ်လော။ သို့ဖြစ်လျှင် ဤသူသည် ဤအရာများကို အဘယ်မှာရသနည်းဟု ပြောဆိုလျက်၊- စေတနာစိတ် ပျက်ကြ၏။ ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအိမ်မှတစ်ပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ၏။- မြို့သားများတို့သည် မယုံကြည်ကြသောကြောင့်၊ ထိုအရပ်၌ များစွာသောတန်ခိုးကို ပြတော်မမူ။
ရှင်မဿဲ 13:44-58