Luke 6:37-49

သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ မပြုလျှင် သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူတစ်ပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွတ်လိမ့်မည်။- သူတစ်ပါးအား ပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတစ်ပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။ ဥပမာကား၊ လူကန်းသည် လူကန်းကို လမ်းပြနိုင်သလော။ နှစ်ဦးတို့သည် တွင်းထဲသို့ကျလိမ့်မည် မဟုတ်လော။- တပည့်သည် ဆရာထက်မသာ။ အပြီးသင်ပြီးသော တပည့်တိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။- ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ၊ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။- ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မမြင်မမှတ်ဘဲလျက်၊ ညီအစ်ကို၊ သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ ညီအစ်ကိုအားဆိုရသနည်း။ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေ့ဦးစွာထုတ်လော့။ နောက်မှ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကိုထုတ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။ မကောင်းသောအသီးကို သီးသောအပင်ကား၊ ကောင်းသောအပင် မဟုတ်။ ကောင်းသောအသီးကို သီးသော အပင်ကား၊ မကောင်းသောအပင် မဟုတ်။- အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ၌ စပျစ်သီးကို မဆွတ်တတ်။- ကောင်းသောသူသည် ကောင်းသောမိမိစိတ်နှလုံး ဘဏ္ဍာတိုက်ထဲက ကောင်းသောအရာကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောမိမိစိတ်နှလုံး ဘဏ္ဍာတိုက်ထဲက မကောင်းသောအရာကို ထုတ်ဖော်တတ်၏။ အကြောင်းမူကား၊ စိတ်နှလုံးအပြည့် ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။ ငါ့စကားကို နားမထောင်ဘဲလျက်၊ ငါ့ကိုသခင်၊ သခင်ဟု အဘယ်ကြောင့်ခေါ်ကြသနည်း။- ငါ့ထံသို့လာ၍ ငါ့စကားကိုကြားသည်အတိုင်း နားထောင်သောသူသည် အဘယ်သူနှင့်တူသနည်းဟူမူကား၊- တိုက်ကိုတည်သောအခါ နက်စွာတူး၍ ကျောက်ပေါ်မှာ တိုက်မြစ်ချသောသူနှင့်တူ၏။ မြစ်ရေထသဖြင့် ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ ကျောက်ပေါ်မှာ တည်လျက်ရှိသောကြောင့် မလှုပ်နိုင်ရာ။- ငါ့စကားကိုကြား၍ နားမထောင်သောသူမူကား၊ အခုအခံမရှိဘဲ မြေပေါ်မှာ တိုက်ကိုတည်သောသူနှင့် တူ၏။ ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ၊ ချက်ချင်းလဲ၍ အကုန်အစင်ပြိုပျက်လေသည်ဟု ဟောတော်မူ၏။
ရှင်လုကာ 6:37-49