Luke 19:37-44

သံလွင်တောင်ပေါ်က ဆင်းရာအရပ်သို့ ရောက်တော်မူသောအခါ၊ တပည့်တော်များအပေါင်းတို့သည် မိမိတို့မြင်ခဲ့ပြီးသော တန်ခိုးတော်များကိုထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု၍၊- ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ၏။- လူအစုအဝေး၌ပါသော ဖာရိရှဲအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏တပည့်တို့ကို ဆုံးမပါဟု လျှောက်ကြသော်၊- ယေရှုကလည်း၊ ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ချင်း ကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ ယေရုရှလင်မြို့အနီးသို့ ရောက်၍ ကြည့်မြင်လျက် ငိုကြွေးတော်မူ၍၊- အချင်းမြို့၊ သင်၏ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည်သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှာ ဝှက်ထားလျက်ရှိ၏။- အကြောင်းမူကား၊ သင့်ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊- သင်၏ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့်တညီတည်း ညှိသဖြင့်၊ သင်၏ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ ထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှာ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်လုကာ 19:37-44