Luke 18:1-43

လူတို့သည် အားမလျော့ဘဲကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူသည်ကား၊- မြို့တစ်မြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သော တရားသူကြီးတစ်ယောက်ရှိ၏။- ထိုမြို့၌နေသော မုဆိုးမတစ်ယောက်သည် တရားသူကြီးထံသို့သွား၍၊ ကျွန်မရန်ဘက်ကို လက်စားချေလောက်အောင် အပြစ်အလျောက်ဒဏ် စီရင်ပါဟု တောင်းပန်သော်လည်း၊- တရားမစီရင်ဘဲ ကြာမြင့်စွာနေ၏။ ထိုနောက် တရားသူကြီးက၊ ငါသည် ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သောသူ ဖြစ်သော်လည်း၊- ဤမုဆိုးမသည် ငါ့ကိုနှောင့်ယှက်သောကြောင့် သူ့ဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကို ပင်ပန်းစေလိမ့်မည်ဟု စိတ်ထဲ၌ အကြံရှိ၏။- မတရားသော ထိုတရားသူကြီး၏ အကြံကို မှတ်ကြလော့။- ဘုရားသခင် ရွေးကောက်တော်မူသော သူတို့သည် ညနေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။- ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။ ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတစ်ပါးကို မထီမဲ့မြင်ပြုတတ်သောသူ အချို့တို့အား မိန့်တော်မူသော ဥပမာကား၊- လူနှစ်ယောက်တို့သည် ဆုတောင်းပတ္ထနာပြုခြင်းငှာ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တစ်ယောက်ကား ဖာရိရှဲဖြစ်၏။ တစ်ယောက်ကား အခွန်ခံဖြစ်၏။- ဖာရိရှဲသည် တစ်ယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတစ်ပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း အပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။- အကျွန်ုပ်သည် ခုနစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဖို့တစ်ဖို့ လှူပါ၏ဟူ၍ ဆုတောင်းပတ္ထနာပြု၏။- အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့ မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခတ်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟု ဆုတောင်းလေ၏။- ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏။- ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှာ အထံတော်သို့ ဆောင်ခဲ့သည်ကို တပည့်တော်တို့သည် မြင်လျှင် အပြစ်တင်ကြ၏။- ယေရှုသည် ထိုသူငယ်တို့ကို ခေါ်တော်မူ၍ ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။- ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရဟု မိန့်တော်မူ၏။ အရာရှိတစ်ယောက်က၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊- ယေရှုက၊ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့် ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏။- သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊- အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို ငယ်သောအရွယ်မှစ၍ အကျွန်ုပ်စောင့်ရှောက်ပါပြီဟု လျှောက်ပြန်သည်ကို ယေရှုသည်ကြားလျှင် သင်သည် တစ်ခုလိုသေး၏။- ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှလာ၍ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။- ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည်နှင့် သွားလေ၏။ ထိုသို့ စိတ်မသာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။- ကုလားအုတ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။- ကြားသောသူတို့ကလည်း၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်းဟု ပြောဆိုကြ၏။- ကိုယ်တော်ကလည်း၊ လူမတတ်နိုင်သောအမှုကို ဘုရားသခင်တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။ ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော်၊- ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တစ်ပါးပါးကို စွန့်၏။- ထိုသူသည် ယခုကာလ၌ အဆများစွာသော အကျိုးကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့ဟု မိန့်တော်မူ၏။ ထိုအခါ ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်၍၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ ပရောဖက်များ ရေးမှတ်သမျှသည် လူသား၌ ပြည့်စုံရလိမ့်မည်။- တစ်ပါးအမျိုးသားတို့လက်သို့ အပ်နှံခြင်း၊ ပြက်ရယ်ပြုခြင်း၊ ညှဉ်းဆဲခြင်း၊ တံတွေးနှင့် ထွေးခြင်းကို ခံရလိမ့်မည်။- သူတို့သည် လူသားကိုရိုက်ပုတ်၍ သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။- ထိုစကားတော်တစ်ခွန်းကိုမျှ တပည့်တော်တို့သည် နားမလည်ကြ။ ထိုအကြောင်းအရာသည် ဝှက်ထားလျက်ရှိသည်ဖြစ်၍ မိန့်တော်မူချက်အနက်ကို မရိပ်မိကြ။ ယေရိခေါမြို့အနီး၌ ရှိတော်မူစဉ်တွင်၊ လူကန်းတစ်ယောက်သည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။- ထိုလူကန်းသည် လမ်း၌ လူများသွားသံကို ကြားလျှင် အဘယ်သို့ ဖြစ်သနည်းဟုမေး၏။- နာဇရက်မြို့သားယေရှု ကြွသွားကြောင်းကို သူတစ်ပါးပြောလျှင်၊- ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။- ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှာ ရှေ့တော်၌ သွားသောသူတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်ကြလေ၏။- ယေရှုသည်လည်း ရပ်တော်မူလျက်၊ ထိုသူကို ခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ လူကန်းသည် အထံတော်သို့ ချဉ်းကပ်ပြီးမှ၊ သင်၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊- သခင်၊ အကျွန်ုပ်မျက်စိမြင်စေခြင်းငှာ ပြုတော်မူပါဟု လျှောက်လေသော်၊- ယေရှုက၊ မျက်စိမြင်စေ။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ၏။- ထိုခဏချင်းတွင် ထိုသူသည် မျက်စိမြင်၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် နောက်တော်သို့ လိုက်လေ၏။ လူအပေါင်းတို့သည် မြင်လျှင် ဘုရားသခင်ကို အံ့ဩချီးမွမ်းကြ၏။
ရှင်လုကာ 18:1-43