Luke 18:1-18

လူတို့သည် အားမလျော့ဘဲကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူသည်ကား၊- မြို့တစ်မြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သော တရားသူကြီးတစ်ယောက်ရှိ၏။- ထိုမြို့၌နေသော မုဆိုးမတစ်ယောက်သည် တရားသူကြီးထံသို့သွား၍၊ ကျွန်မရန်ဘက်ကို လက်စားချေလောက်အောင် အပြစ်အလျောက်ဒဏ် စီရင်ပါဟု တောင်းပန်သော်လည်း၊- တရားမစီရင်ဘဲ ကြာမြင့်စွာနေ၏။ ထိုနောက် တရားသူကြီးက၊ ငါသည် ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သောသူ ဖြစ်သော်လည်း၊- ဤမုဆိုးမသည် ငါ့ကိုနှောင့်ယှက်သောကြောင့် သူ့ဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကို ပင်ပန်းစေလိမ့်မည်ဟု စိတ်ထဲ၌ အကြံရှိ၏။- မတရားသော ထိုတရားသူကြီး၏ အကြံကို မှတ်ကြလော့။- ဘုရားသခင် ရွေးကောက်တော်မူသော သူတို့သည် ညနေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။- ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။ ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတစ်ပါးကို မထီမဲ့မြင်ပြုတတ်သောသူ အချို့တို့အား မိန့်တော်မူသော ဥပမာကား၊- လူနှစ်ယောက်တို့သည် ဆုတောင်းပတ္ထနာပြုခြင်းငှာ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တစ်ယောက်ကား ဖာရိရှဲဖြစ်၏။ တစ်ယောက်ကား အခွန်ခံဖြစ်၏။- ဖာရိရှဲသည် တစ်ယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတစ်ပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း အပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။- အကျွန်ုပ်သည် ခုနစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဖို့တစ်ဖို့ လှူပါ၏ဟူ၍ ဆုတောင်းပတ္ထနာပြု၏။- အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့ မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခတ်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟု ဆုတောင်းလေ၏။- ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏။- ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှာ အထံတော်သို့ ဆောင်ခဲ့သည်ကို တပည့်တော်တို့သည် မြင်လျှင် အပြစ်တင်ကြ၏။- ယေရှုသည် ထိုသူငယ်တို့ကို ခေါ်တော်မူ၍ ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။- ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရဟု မိန့်တော်မူ၏။ အရာရှိတစ်ယောက်က၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊
ရှင်လုကာ 18:1-18