Joel 2:1-17

ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ သန့်ရှင်းသော ငါတောင်ပေါ်မှာ သတိပေးသော အသံကို ပြုကြလော့။ ပြည်သူပြည်သား အပေါင်းတို့သည် တုန်လှုပ်ကြစေ။ အကြောင်းမူကား၊ ထာဝရဘုရား၏ နေ့ရက်သည် လာ၍ နီးပြီ။ မိုက်မဲသောနေ့၊ မိုးအုံ့၍ မှောင်မိုက်ထူထပ်သော နေ့ဖြစ်၏။ နေအရုဏ်သည် တောင်ထိပ်တို့ကို နှံ့ပြားသကဲ့သို့၊ အများဖြစ်၍ အားကြီးသောအမျိုးသည် လာ၏။ ရှေးကာလ၌ ထိုသို့ မဖြစ်စဖူး။ နောင်ကာလ အစဉ်အဆက်၌လည်း မဖြစ်ရလတ္တံ့။ သူတို့ရှေ့မှာ မီးလောင်၏။ နောက်၌လည်း မီးလျှံတောက်၏။ ရှေ့တွင်ရှိသော ပြည်သည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်၏။ နောက်၌ကား၊ သုတ်သင်ပယ်ရှင်းသော လွင်ပြင်ဖြစ်၏။ အကယ်စင်စစ် သူတို့လက်မှ အဘယ်အရာမျှ မလွတ်ရ။ သူတို့သည် အဆင်းအားဖြင့် မြင်းနှင့်တူ၍၊ မြင်းစီးသူရဲကဲ့သို့ ပြေးကြလိမ့်မည်။ ရထားမြည်သံ ကဲ့သို့လည်းကောင်း၊ အမှိုက်ကို လောင်သော မီးမြည်သံကဲ့သို့လည်းကောင်းအသံမြည်၍ တောင်ထိပ်တို့အပေါ်မှာ ခုန်ကြလိမ့်မည်။ စစ်တိုက်ခြင်းငှာ ခင်းကျင်း၍ အားကြီးသောလူ အလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။ သူတို့ရှေ့မှာ လူတို့သည် အလွန်ပင်ပန်းသောစိတ်ရှိ၍၊ ခပ်သိမ်းသော သူတို့သည် မျက်နှာမည်းကြလိမ့်မည်။ သူတို့သည် သူရဲကဲ့သို့ ပြေး၍ စစ်သူရဲကဲ့သို့ မြို့ရိုးကို တက်ကြလိမ့်မည်။ လမ်းမလွှဲဘဲ အသီးအသီး မိမိတို့လမ်းသို့ တည့်တည့်လိုက်ကြလိမ့်မည်။ တစ်ဦးကိုတစ်ဦး မတိုက်ဘဲ မိမိလမ်းသို့ မိမိလိုက်ကြလိမ့်မည်။ ဓားသွားကို ထိသော်လည်း ရှနခြင်းကို မခံရကြ။ မြို့ထဲမှာ တလည်လည်ပြေးလျက်၊ မြို့ရိုးကိုကျော်လျက်၊ အိမ်ပေါ်သို့ တက်လျက်၊ သူခိုးကဲ့သို့ ပြတင်းပေါက်ထဲသို့ ဝင်လျက်ရှိကြလိမ့်မည်။ သူတို့ရှေ့မှာ မြေကြီးလှုပ်လိမ့်မည်။ မိုးကောင်းကင်လည်း တုန်ခိုက်လိမ့်မည်။ နေနှင့် လသည် မိုက်၍၊ ကြယ်တို့သည် မထွန်းလင်းဘဲ နေကြလိမ့်မည်။ ထာဝရဘုရားသည်လည်း မိမိတပ်တော်ရှေ့မှာ အသံကို လွှင့်တော်မူမည်။ တပ်တော်သည်အလွန်ကြီးမား၏။ စကားတော်အတိုင်း စီရင်သောသူသည် တန်ခိုးကြီးတော်မူ၏။ ထာဝရဘုရား၏နေ့ရက်သည် ကြီး၍ အလွန်ကြောက်မက်ဖွယ်သော နေ့ရက်ဖြစ်၏။ အဘယ်သူ ခံနိုင်သနည်း။ သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့။ အဝတ်ကို မဆုတ်ဘဲ နှလုံးကိုဆုတ်လျက်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန် ကျေးဇူးပြုချင်သောသဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သောသဘော ရှိတော်မူ၏။ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာနှင့် သွန်းလောင်းရာ ပူဇော်သကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ဖန် ပြန်လာ၍ နောင်တရပြီးလျှင်၊ ကောင်းကြီးမင်္ဂလာကို ထားရစ်စေတော်မူမည် မမူမည်ကို အဘယ်သူသိနိုင်သနည်း။ ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ အစာရှောင်ရသော အချိန်ကို ခန့်ထား၍ ခြိုးခြံစွာ ကျင့်ရသောအချိန်ကို ကြော်ငြာကြလော့။ လူများတို့ကို ခေါ်၍ စုဝေးသော ပရိသတ်တို့ကို သန့်ရှင်းစေကြလော့။ အသက်ကြီးသော သူတို့ကိုလည်းကောင်း၊ ငယ်သောသူနှင့် နို့စို့သောသူတို့ကိုလည်းကောင်း စုဝေးစေကြလော့။ မင်္ဂလာဆောင်လုလင်သည် မိမိအခန်းထဲကလည်းကောင်း၊ မင်္ဂလာ ဆောင်သတို့သမီးသည် မိမိကွယ်၍နေသော ကုလားကာတွင်းကလည်းကောင်း ထွက်စေ။ ထာဝရဘုရား၏ အမှုတော်စောင့်၊ ယဇ်ပုရောဟိတ်တို့သည် အိမ်တော်ဦးနှင့် ယဇ်ပလ္လင်စပ်ကြားမှာ ငိုကြွေးလျက်၊ အို ထာဝရဘုရား၊ ကိုယ်တော်၏လူများကို သနားတော်မူပါ။ တစ်ပါးအမျိုးသားတို့သည် အစိုးရ၍ အမွေတော်လူတို့ကို ကဲ့ရဲ့စေခြင်းငှာ အပ်နှံတော်မမူပါနှင့်။ သူတို့ ဘုရားသခင်ကား၊ အဘယ်မှာရှိသနည်းဟု တစ်ပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါသနည်းဟု လျှောက်ကြစေ။
ယောလ 2:1-17