John 6:35-54

ယေရှုကလည်း၊ ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တစ်ဖန် အဆာအမွတ်မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တစ်ဖန် ရေငတ်မခံရ။- သို့သော်လည်းသင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ။- ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည်အလျှင်းမပယ်။- အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှာ ဆင်းသက်၏။- ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစ်စုံတစ်ယောက်ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှာလည်းကောင်း၊- သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကို ရစေခြင်းငှာလည်းကောင်း အလိုတော်ရှိ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။ ငါသည် ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏ဟု မိန့်တော်မူသည်ကို ယုဒလူတို့က၊- ဤသူသည် ယောသပ်၏သားယေရှုဖြစ်သည် မဟုတ်လော။ သူ၏မိဘကို ငါတို့သိသည်မဟုတ်လော။ ငါသည် ကောင်းကင်မှဆင်းသက်၏ဟု သူသည်အဘယ်သို့ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။- ယေရှုကလည်း၊ ငါ့ကိုအချင်းချင်းကဲ့ရဲ့၍ အပြစ်မတင်ကြနှင့်။- ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်။ လာသောသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။- အနာဂတ္တိကျမ်းစာ၌လာသည်ကား၊ ထိုသူအပေါင်းတို့သည် ဘုရားသခင် ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်ဟု လာသည်နှင့်အညီ၊ ခမည်းတော်ထံ၌နားထောင်၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့ လာကြ၏။- ထိုသို့ငါဆိုသော်၊ ဘုရားသခင့်အထံတော်က ကြွလာသောသူမှတစ်ပါး တစ်စုံတစ်ယောက်သော သူသည် ခမည်းတော်ကိုမြင်ခဲ့ပြီဟု မဆိုလို။ ကြွလာသောသူမူကား၊ ခမည်းတော်ကို မြင်ခဲ့ပြီ။- ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။- ငါသည် အသက်မုန့်ဖြစ်၏။- သင်တို့ဘိုးဘေးများသည် တော၌မန္နကိုစားလျက် သေရကြ၏။- ကောင်းကင်မှဆင်းသက်သောမုန့်ကို စားသောသူသည် သေခြင်းနှင့်ကင်းလွတ်၏။- ငါသည် ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဖို့အလိုငှာ စွန့်သော ငါ၏အသားပေတည်းဟု မိန့်တော်မူ၏။ ထိုအခါ ယုဒလူတို့က၊ ဤသူသည် မိမိအသားကို ငါတို့စားစရာဖို့အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။- ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌ အသက်မရှိ။- ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။
ရှင်ယောဟန် 6:35-54