John 15:12-27

ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။ ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။- သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။- ယခုမှစ၍ ငါသည်သင်တို့ကို ကျွန်ဟူ၍မခေါ်။ ကျွန်မူကား၊ ကိုယ်သခင်ပြုသောအမှုကို မသိ။ သင်တို့ကို အဆွေဟူ၍ငါခေါ်၏။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့အား ငါပြသ၏။- သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှာ ဤပညတ်တို့ကို ငါပေး၏။ လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။- သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့် မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။- ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏စကားကို နားထောင်ကြလိမ့်မည်။- ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍၊ ငါ၏နာမကြောင့် သင်တို့အား ထိုအမှုရှိသမျှတို့ကို ပြုကြလိမ့်မည်။- ငါသည် လာ၍ ထိုသူတို့အား မဟောမပြောလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ မိမိတို့အပြစ်ကို ဝှက်၍ မထားနိုင်ကြ။- ငါ့ကို မုန်းသောသူသည် ငါ့ခမည်းတော်ကိုမုန်း၏။- ငါသည် အခြားသူမပြုဖူးသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ သူတို့သည် ထိုအမှုကိုမြင်ရ၍ ငါနှင့် ငါ့ခမည်းတော်ကို မုန်းကြ၏။- သို့ဖြစ်လျှင်၊ အကြောင်းမရှိဘဲ ငါ့ကိုမုန်းကြ၏ဟု သူတို့၏ပညတ္တိကျမ်းစာ၌ ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။- ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့်ပြည့်စုံသော ဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတ္တံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။- သင်တို့သည်လည်း ရှေ့ဦးစွာမှစ၍ ငါနှင့်အတူရှိနေသောကြောင့် သက်သေခံရကြလိမ့်မည်။
ရှင်ယောဟန် 15:12-27