John 14:15-27

ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကိုတောင်း၍၊- ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တစ်ပါးသောဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အားပေးတော်မူမည်။- ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။- ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှာ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။- ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။- ငါသည် ခမည်းတော်၌ရှိသည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ရှိသည်ကိုလည်းကောင်း၊ ငါသည် သင်တို့၌ရှိသည်ကိုလည်းကောင်း၊ ထိုနေ့၌ သင်တို့သည် သိရကြလိမ့်မည်။- ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော်မူ၏။ ယုဒရှကာရုတ်မဟုတ်၊ အခြားသောယုဒက၊ သခင်၊ ကိုယ်တော်သည် လောကီသားတို့အား မထင်ရှားဘဲ အကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူမည်နည်းဟု မေးလျှောက်၏။- ယေရှုကလည်း၊ ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကို ချစ်တော်မူသည်။ ငါတို့သည်လည်း၊ သူ့ဆီသို့ကြွ၍ နေရာချမည်။- ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင်။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏စကားတော်ဖြစ်၏။- ငါသည် သင်တို့နှင့်အတူရှိစဉ်တွင် ဤစကားကိုပြောခဲ့ပြီ။- ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူမည်။- ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။
ရှင်ယောဟန် 14:15-27