Hebreos 10:19-29

ထိုကြောင့် ညီအစ်ကိုတို့၊ ယေရှု၏ ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊- ငါတို့သည် သန့်ရှင်းရာဌာနထဲသို့၊ အသွေးတော်ကို အမှီပြု၍ အဆီးအတားမရှိ၊ ဝင်ရသောအခွင့် ရှိသဖြင့်လည်းကောင်း၊ ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်း ရှိသဖြင့်လည်းကောင်း၊- ငါတို့သည် သစ္စာနှင့်ပြည့်စုံသော သဘောရှိ၍၊ ဝိစိကိစ္ဆာနှင့်ကင်းသော ယုံကြည်ခြင်း၌ တည်လျက်၊ စိတ်နှလုံးကို သံဝေဂတရားနှင့် လွတ်အောင် ဖျန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သောရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။- မျှော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား၊ ကတိထားတော်မူသော သူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။- ထိုမှတစ်ပါး မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း၊ တိုက်တွန်း နှိုးဆော်ရသောအခွင့်ကို ရှာ၍၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။- လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစားကြလော့။ အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တစ်ဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ၊- ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဖွယ်သော မျှော်လင့်ရသောအကြောင်း၊ ငြင်းဆန်သော သူတို့ကို ဖျက်ဆီးဖို့ရာ အမျက်တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ၏။- မောရှေ၏တရားကို ပယ်သောသူမည်သည်ကား၊ သက်သေခံ နှစ်ဦးသုံးဦးရှိလျှင်၊ သနားခြင်းကို မခံရဘဲ သေရ၏။- ထိုမျှမက၊ ဘုရားသခင်၏ သားတော်ကို ခြေဖြင့်ကျော်နင်းလျက်၊ မိမိကိုစင်ကြယ်စေသော ပဋိညာဉ်တရား၏ သွေးကို အပြစ်တင်လျက်၊ ဆုကျေးဇူးကိုပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင်ပြုလျက်ရှိသောသူသည်၊ အဘယ်မျှလောက် ကြီးစွာသောဒဏ်ဖြင့် ခံထိုက်သည်ကို သင်တို့ ထင်ကြသနည်း။
ဟေဗြဲ 10:19-20-29