Galatians 6:1-10

ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစ်စုံတစ်ခုသော ဒုစရိုက်ကိုပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့ နူးညံ့သောသဘောနှင့် ထိုသို့သောသူကို မစ၍၊ သူ၏နေရာ၌ တည်မြဲ တည်စေပြန်ကြလော့။- ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့။- အကြင်သူသည် ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကို လှည့်ဖြားသောသူဖြစ်၏။- လူတိုင်း ကိုယ်တိုင်ပြုသောအမှုကို စစ်ကြောစေ။ သို့ပြုလျှင် သူတစ်ပါး၌မဆိုဘဲ ကိုယ်၌သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိလိမ့်မည်။- အဘယ်ကြောင့်နည်း ဟူမူကား၊ လူအသီးအသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်။ နှုတ်ကပတ်တရားကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာ ရှိသမျှတို့ကို ဝေမျှစေ။- အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။- မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။- ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။- ထိုကြောင့်ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။
ဂလာတိ 6:1-10