Colossians 1:13-23

မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။- ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏။ ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။- အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အဖို့ အလိုငှာလည်းကောင်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။- သားတော်သည်လည်း ခပ်သိမ်းသောအရာ မဖြစ်မီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။- အသင်းတော်တည်းဟူသော ကိုယ်၏ဦးခေါင်း ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှာ မူလအရင်းဖြစ်၍၊ သေသောသူတို့တွင် သားဦးဖြစ်တော်မူ၏။- အကြောင်းမူကား၊ ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကျိန်းဝပ်စေခြင်းငှာလည်းကောင်း၊- လက်ဝါးကပ်တိုင်မှာ သွန်းသော အသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင်အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယ ဖွဲ့စေခြင်းငှာလည်းကောင်း အလိုရှိတော်မူ၏။ အထက်က ဘုရားသခင်နှင့်ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး၌ ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခန္ဓာတော်၌ အသေခံတော်မူသော အားဖြင့်၊ ယခု မိတ်သဟာယဖွဲ့စေတော်မူ၏။- အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည် ကိုယ်တိုင်ကြားရပြီးသော ဧဝံဂေလိတရား၏ မျှော်လင့်ခြင်းမှ မရွေ့လျော့ဘဲ၊ တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာယုံကြည်ကြလျှင်၊ သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်ရှိသော သင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။
ကောလောသဲ 1:13-22-23