Acts 3:19-26

ထိုကြောင့် ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊- သင်တို့အဖို့အလိုငှာ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့ အပြစ်များကို ပြေစေခြင်းငှာ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။- ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက် ဆရာတော်တို့နှုတ်ဖြင့် ဘုရားသခင်ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလမရောက်မီတိုင်အောင် ကောင်းကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။- ငါတို့ဘိုးဘေးများတို့အားလည်း မောရှေက၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တစ်ပါးကို သင်တို့အဖို့ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက် ဟောပြောသောအရာတို့ကို သင်တို့သည် နားထောင်ရကြမည်။- အကြင်သူသည် ထိုပရောဖက်၏စကားကို နားမထောင်ဘဲနေအံ့၊ ထိုသူသည် မိမိအမျိုးထဲက ပယ်ရှင်းခြင်းကို ခံရမည်ဟုဟော၏။- ပရောဖက်ရှမွေလမှစ၍ နောက်ဟောသော ပရောဖက်ရှိသမျှတို့သည် ဤသည်နေ့ရက်ကာလကို ဟောပြောပြညွှန်ကြပြီ။- သင်တို့သည် ပရောဖက်အမျိုးအနွယ်ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံကို၊ သင်၏ အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါတို့ ဘိုးဘေးများတို့အား ပေးတော်မူသော ပဋိညာဉ်တရားတော်နှင့် သင်တို့သည်ဆိုင်ကြ၏။- သင်တို့တွင် မိမိဒုစရိုက်တို့ကို ကြဉ်ရှောင်ပယ်ရှားသောသူ ရှိသမျှတို့အား ကောင်းချီးမင်္ဂလာကို ပေးစေခြင်းငှာ ဘုရားသခင်သည် မိမိသားတော်ယေရှုကို ထမြောက်စေတော်မူပြီးလျှင်၊ သင်တို့ရှိရာသို့ ရှေးဦးစွာစေလွှတ်တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော၏။
တမန်တော် 3:19-26