1 Timothy 5:1-16

အသက်ကြီးသောသူကို ကျပ်တည်းစွာ မဆုံးမနှင့်။ အဘကဲ့သို့ မှတ်၍ တောင်းပန်လော့။ လူပျိုတို့ကို ညီအစ်ကိုကဲ့သို့လည်းကောင်း၊- အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့လည်းကောင်း၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သော အခြင်းအရာနှင့်တကွ၊ နှမကဲ့သို့လည်းကောင်း မှတ်၍ ကျင့်လော့။- မုဆိုးမအမှန်ဖြစ်သော မိန်းမတို့ကို မစလုပ်ကျွေးလော့။- သားမြေးရှိသော မုဆိုးမဖြစ်လျှင်၊ ထိုသားမြေးတို့သည် ရှေ့ဦးစွာ ဘုရားဝတ်ကို ရည်မှတ်လျက်၊ မိမိအိမ်ကို ပြုစု၍ မိဘဘိုးဘွား၌ ကျေးဇူးဆပ်ခြင်းငှာ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏။- မုဆိုးမအမှန်ဖြစ်၍ တစ်ယောက်တည်းကျန်ရစ်သော မိန်းမသည်၊ ဘုရားသခင်ကို ကိုးစား၍ ဆုတောင်း ပတ္ထနာပြုခြင်း၌ နေ့ညမပြတ် တည်နေတတ်၏။- ကာမဂုဏ်စည်းစိမ်၌ပျော်မွေ့သော မုဆိုးမမူကား၊ အသက်ရှိလျက်ပင် အသေဖြစ်၏။- ထိုသူတို့ကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ ဤသို့ ပညတ်ထားလော့။- မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ ယုတ်မာ၏။ မုဆိုးမသည် အသက်ခြောက်ဆယ်မပြည့်လျှင်၊ စာရင်းအင်း မဝင်စေနှင့်။ လင်တစ်ယောက်တည်း ရှိဖူးသောသူ၊- ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစား အားထုတ်ခြင်းကို ပြုဖူးသောသူဖြစ်လျှင်၊ စာရင်းအင်း ဝင်စေ။- အသက်အရွယ်နုပျိုသော မုဆိုးမတို့ကို ပယ်လော့။ အကြောင်းမူကား၊ ထိုသူတို့သည် ခရစ်တော်၏ ဆုံးမခြင်းကို သည်းမခံ။ အိမ်သင့်ခြင်းငှာ အလိုရှိလျှင်၊- အရင်သစ္စာကို ဖျက်သောကြောင့် အပြစ်သင့်ခြင်းသို့ ရောက်ကြလိမ့်မည်။- ထိုမှတစ်ပါး၊ တစ်အိမ်မှတစ်အိမ်သို့ လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြောအပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူ ဖြစ်တတ်ကြ၏။- ထိုကြောင့်၊ အသက်အရွယ်နုပျိုသော မုဆိုးမတို့သည် အိမ်သင့်ခြင်း၊ သားဖွားခြင်း၊ အိမ်မှုကို ကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူအား မပေးဘဲနေခြင်း အမှုများကို ပြုစေခြင်းငှာ ငါအလိုရှိ၏။- အကြောင်းမူကား၊ ယခုပင်အချို့တို့သည် လမ်းလွဲ၍ စာတန်နောက်သို့ လိုက်သွားကြပြီ။- ယုံကြည်သော ယောက်ျားမိန်းမ၌ မုဆိုးမရှိလျှင်၊ ကိုယ်တိုင်လုပ်ကျွေးစေ။ သို့ပြုလျှင်၊ အမှန်ဖြစ်သော မုဆိုးမတို့ကို အသင်းတော်သည် အနှောင့်အယှက်မရှိစေဘဲ လုပ်ကျွေးနိုင်လိမ့်မည်။
၁ တိမောသေ 5:1-16