1 Peter 3:9-14

သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေခံစေခြင်းအလိုငှာ ခေါ်တော်မူသောသူ ဖြစ်သည်ဟု သိမှတ်၍၊ အချင်းချင်း ရန်တုံ့မမူ၊ ပြန်၍ မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကို ပြုကြလော့။- အသက်ကို မွေ့လျော်စေ၍၊ ကောင်းမွန်သော နေ့ရက်တို့ကို တွေ့မြင်ခြင်းငှာ အလိုရှိသောသူသည်၊ မိမိလျှာကို မကောင်းသောအရာနှင့် ကင်းလွတ်စေ။ မိမိနှုတ်ခမ်းလည်း မုသားစကားကို မပြောစေနှင့်။- ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုစေ။ သူတစ်ပါးနှင့် အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်စေ။- အကြောင်းမူကား၊ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။ ဒုစရိုက်ပြုသော သူတို့ကိုကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။- သင်တို့သည် ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင်၊ အဘယ်သူညှဉ်းဆဲမည်နည်း။- ဖြောင့်မတ်ခြင်းတရားကြောင့် ဆင်းရဲခံရလျှင်မူကား၊ မင်္ဂလာရှိကြ၏။ သူတို့၏ခြိမ်းခြောက်ခြင်းကို မကြောက်ကြနှင့်၊ မထိတ်လန့်ကြနှင့်။
၁ ရှင်ပေတရု 3:9-14