1 Peter 3:13-22

သင်တို့သည် ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင်၊ အဘယ်သူညှဉ်းဆဲမည်နည်း။- ဖြောင့်မတ်ခြင်းတရားကြောင့် ဆင်းရဲခံရလျှင်မူကား၊ မင်္ဂလာရှိကြ၏။ သူတို့၏ခြိမ်းခြောက်ခြင်းကို မကြောက်ကြနှင့်၊ မထိတ်လန့်ကြနှင့်။- စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင်တို့မျှော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူ ရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြောခြင်းငှာ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။- ခရစ်တော်၌ သင်တို့ကျင့်သော အကျင့်ကောင်းကို ရှုတ်ချသောသူတို့သည် ကဲ့ရဲ့ပြစ်တင်သောအခါ၊ ကိုယ်တိုင် ရှက်ကြောက်ခြင်းမရှိမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက် နေကြလော့။- ဘုရားသခင့် အလိုတော်ရှိလျှင်၊ သုစရိုက်ကိုပြု၍ ဆင်းရဲခံခြင်းသည်၊ ဒုစရိုက်ကိုပြု၍ ခံခြင်းထက် သာ၍ကောင်း၏။- ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍၊ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ခြင်းငှာ၊ ဖြောင့်မတ်တော်မူသောသူသည်၊ မဖြောင့်မတ်သော သူတို့အတွက်၊ ဒုစရိုက်အပြစ်များကြောင့် တစ်ခါခံတော်မူ၏။- ထိုဝိညာဉ်တော်အားဖြင့်လည်း ကြွသွားတော်မူ၍၊ ယခုထောင်ထဲမှာ လှောင်ထားသော ဝိညာဉ်တို့အား တရားဟောတော်မူ၏။- ထိုဝိညာဉ်တို့မူကား ရှေးကာလ၊ နောဧလက်ထက်၌၊ နည်းသောသူတည်းဟူသော လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သောသင်္ဘောကို တည်လုပ်စဉ်တွင်၊ ဘုရားသခင်၏ ခန္တီတော်သည် ဆိုင်းလင့်တော်မူသော်လည်း၊ နားမထောင်သောဝိညာဉ် ဖြစ်သတည်း။- ထိုသို့သော ဥပမာအတိုင်း၊ ယခုတွင် ဗတ္တိဇံသည် ယေရှုခရစ် ထမြောက်တော်မူသောအားဖြင့်၊ ငါတို့ကို ကယ်တင်တတ်၏။ ဗတ္တိဇံဟုဆိုသော်၊ ကိုယ်ကာယ၏ အညစ်အကြေး ဆေးကြောခြင်းကို မဆိုလို။ ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်၍၊ ဘုရားသခင့်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း။- ထိုသခင်သည် ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဖြစ်၍၊ ကောင်းကင်တမန်အစရှိသော အာဏာစက် တန်ခိုးများတို့ကို အုပ်စိုးလျက်၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ရှိတော်မူ၏။
၁ ရှင်ပေတရု 3:13-22