1 Corinthians 1:17-31

ဗတ္တိဇံကိုပေးစေခြင်းငှာ ခရစ်တော်သည် ငါ့ကို စေလွှတ်တော်မူသည်မဟုတ်။ ဧဝံဂေလိတရားကို ဟောစေခြင်းငှာ စေလွှတ်တော်မူ၏။ သို့သော်လည်း၊ ခရစ်တော်၏လက်ဝါးကပ်တိုင်ကို အချည်းနှီးမဖြစ်စေခြင်းငှာ၊ နှုတ်ပညာကို အခွင့်မပေးဘဲ နေတော်မူ၏။ အကြောင်းမူကား၊ ဆုံးရှုံးခြင်းသို့ရောက်သောသူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သောတရားဖြစ်၏။ ကယ်တင်ခြင်းသို့ ရောက်သောငါတို့၌ ထိုတရားသည် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။- ကျမ်းစာလာသည်ကား၊ ပညာရှိတို့၏ ပညာကို ငါဖျက်ဆီးမည်။ ဉာဏ်ကောင်းသောသူတို့၏ ဉာဏ်ကိုလည်း ငါပယ်မည်ဟု လာသတည်း။- ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ပြဿနာ၌ လေ့ကျက်သောဆရာကား အဘယ်မှာရှိသနည်း။ လောကီပညာကို ဘုရားသခင်သည် မိုက်စေတော်မူသည် မဟုတ်လော။- အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ ပညာတော်စီရင်သည်နှင့်အညီ၊ လောကီသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကို မသိဘဲနေကြသောအခါ၊ ဘုရားသခင်သည် ယုံကြည်သောသူတို့ကို ဒေသနာတော် မိုက်မဲခြင်းအားဖြင့် ကယ်တင်ခြင်းငှာ စေတနာရှိတော်မူ၏။- ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏။ ဟေလသလူတို့သည် ပညာကို ရှာတတ်ကြ၏။- ငါတို့မူကား၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ခရစ်တော်၏ အကြောင်းအရာကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည်ကား၊ ယုဒအမျိုးသား ထိမိ၍ လဲစရာအကြောင်းဖြစ်၏။ တစ်ပါးအမျိုးသား၌ကား၊ မိုက်မဲခြင်းဖြစ်၏။- သို့သော်လည်း၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ခေါ်တော်မူသောသူတို့၌ ဘုရားသခင်၏ တန်ခိုးတော်နှင့် ဘုရားသခင်၏ပညာတော်တည်းဟူသော ခရစ်တော်၏ တရားဖြစ်၏။- ဘုရားသခင်၏ မိုက်မဲခြင်းအရာသည် လူတို့၏ ပညာထက်သာ၍ ပညာရှိ၏။ ဘုရားသခင်၏ အားနည်းခြင်းအရာသည် လူတို့၏ အစွမ်းထက်သာ၍ အစွမ်းရှိ၏။ ညီအစ်ကိုတို့၊ သင်တို့ကို ခေါ်တော်မူခြင်း အကြောင်းအရာကို ဆင်ခြင်ကြလော့။ ခေါ်တော်မူသောသူတို့တွင် လောကီပညာရှိ အများမပါ။ ထင်ရှားသော လူကြီးအများမပါ။ မင်းအမျိုးအနွယ်ဖြစ်သောသူ အများမပါ။- ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိသော သူတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ အားနည်းသော သူတို့ကို ရွေးကောက်တော်မူ၏။- မြတ်သောသူတို့ကို ရှက်ကြောက်စေခြင်းငှာ လောကီအရာ၌ ဆင်းရဲသောသူ၊ မရေရာသောသူ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ၏။- ထိုကြောင့်၊ ဘုရားသခင်ရှေ့၌ အဘယ်သူမျှ ဝါကြွားစရာ အကြောင်းမရှိ။- ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်းဖြစ်တော်မူ၏။- သို့ဖြစ်၍၊ ကျမ်းစာလာသည်နှင့်အညီ၊ ဝါကြွားသောသူမည်သည်ကား၊ ထာဝရဘုရား၌သာ ဝါကြွားစေ။
၁ ကောရိန္သု 1:17-31