ဗျာဒိတ် 5:1-6
ဗျာဒိတ် 5:1-6 Judson Bible (JBMLE)
ထိုအခါ တစ်ဖက်တစ်ချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက်ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူ၏ လက်ယာလက်၌ ငါမြင်၏။- အားကြီးသော ကောင်းကင်တမန်တစ်ပါးက၊ ထိုစာစောင်ကိုဖွင့်၍ တံဆိပ်တို့ကိုခွာခြင်းငှာ အဘယ်သူထိုက် သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။- ထိုစာစောင်ကို ဖွင့်၍ကြည့်ခြင်းငှာ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ ထိုစာစောင်ကိုဖွင့်၍ ကြည့်ထိုက်သောသူ တစ်ယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည် များစွာငိုကြွေးလေ၏။- ထိုအခါအသက်ကြီးသောသူတစ်ပါးက၊ မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကိုလည်းကောင်း၊- တံဆိပ် ခုနစ်ချက်တို့ကိုလည်းကောင်း၊ ဖွင့်ခြင်းငှာ အောင်မြင်လေပြီဟု ငါ့ကိုပြောဆို၏။ ထိုအခါ ပလ္လင်တော်မှစသော သတ္တဝါလေးပါးနှင့် အသက်ကြီး သူတို့အလယ်၌၊ အသေသတ်ပြီးသကဲ့သို့သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီးတစ်ပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။
ဗျာဒိတ် 5:1-6 Common Language Bible (BCL)
ပလ္လင်တော်ပေါ်တွင်စံတော်မူသောအရှင်၏ လက်ယာလက်တော်တွင်စာလိပ်ကိုငါမြင်၏။ ထိုစာလိပ်သည်တံဆိပ်ခုနစ်ခုဖြင့်ခတ်နှိပ် ထား၍ စာမျက်နှာနှစ်ဘက်စလုံးတွင်စာ များရေးသားထား၏။- ထိုနောက်ခွန်အားကြီးမားသောကောင်းကင်တမန် တစ်ပါးက``အဘယ်သူသည်တံဆိပ်များကိုခွာ ၍ဤစာလိပ်ကိုဖွင့်ထိုက်ပါသနည်း'' ဟုအသံ ကျယ်စွာကြွေးကြော်လျက်နေသည်ကိုငါမြင်၏။- သို့ရာတွင်ကောင်းကင်၊ ကမ္ဘာမြေကြီး၊ မြေကြီး အောက်၌ ထိုစာလိပ်ကိုဖွင့်နိုင်သူသို့မဟုတ် ကြည့်နိုင်သူတစ်ယောက်မျှမရှိ။- ဤစာလိပ်ကိုဖွင့်ထိုက်သူသို့မဟုတ်ဖတ်ထိုက် သူ တစ်ယောက်မျှရှာ၍မတွေ့ရသဖြင့်ငါသည် လွန်စွာငိုကြွေး၏။- ထိုအခါအကြီးအကဲတစ်ပါးကငါ့အား``မငို ပါနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်ဝင်ခြင်္သေ့တည်း ဟူသောဒါဝိဒ်မှဆင်းသက်သူသည်အောင်မြင် လေပြီ။ သူသည်ဤစာလိပ်နှင့်ချိပ်တံဆိပ် ခုနစ်ခုကိုဖွင့်နိုင်၏'' ဟုပြောလေ၏။ ထိုနောက်သိုးသူငယ်သည်သက်ရှိသတ္တဝါလေး ပါးတို့နှင့်အကြီးအကဲများခြံရံလျက်ရှိ သည့်ပလ္လင်တော်အလယ်၌ရပ်လျက်နေသည် ကိုငါမြင်၏။ သူသည်ယဇ်ပူဇော်ရန်အသတ် ခံရပြီးသည့်သိုးနှင့်တူ၏။ သူ့မှာဦးချိုခုနစ် ချောင်းနှင့်မျက်စိခုနစ်လုံးရှိ၏။ ယင်းတို့သည် ကမ္ဘာမြေတစ်ပြင်လုံးသို့ဘုရားသခင်စေ လွှတ်တော်မူသောဝိညာဉ်ခုနစ်ပါးဖြစ်၏။
ဗျာဒိတ် 5:1-6 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်၏လက်ယာလက်၌ အတွင်းအပြင်နှစ်ဖက်စလုံးတွင် စာများရေးထားပြီး တံဆိပ်ခုနစ်ခုဖြင့်ခတ်နှိပ်ထားသော စာလိပ်တစ်လိပ်ရှိသည်ကို ငါမြင်ရ၏။ ထိုအခါ ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးက “မည်သူသည် စာလိပ်ကိုဖွင့်၍ ၎င်း၏တံဆိပ်များကိုခွာထိုက်သနည်း”ဟု ကျယ်လောင်သောအသံနှင့် ကြွေးကြော်နေသည်ကို ငါမြင်ရ၏။ သို့သော် ကောင်းကင်၌ဖြစ်စေ၊ မြေကြီးပေါ်၌ဖြစ်စေ၊ မြေကြီးအောက်၌ဖြစ်စေ စာလိပ်ကိုဖွင့်ရန်၊ သို့မဟုတ် ကြည့်ရန် တတ်နိုင်သူတစ်စုံတစ်ဦးမျှမရှိ။ ထိုစာလိပ်ကိုဖွင့်ရန်၊ သို့မဟုတ် ကြည့်ရန် ထိုက်တန်သူတစ်စုံတစ်ဦးမျှမတွေ့ရသောကြောင့် ငါသည် သည်းထန်စွာငိုကြွေး၏။ ထိုအခါ သက်ကြီးဝါကြီးများထဲမှတစ်ပါးက “မငိုကြွေးနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်မှပေါ်ထွန်းသောခြင်္သေ့၊ ဒါဝိဒ်၏အမြစ်ဖြစ်တော်မူသောအရှင်သည် အောင်မြင်သဖြင့် ထိုစာလိပ်နှင့်တံဆိပ်ခုနစ်ခုကိုဖွင့်နိုင်၏”ဟု ငါ့အားပြောဆို၏။ ထို့နောက် အသေသတ်ခြင်းခံခဲ့ရပုံပေါ်သော သိုးသငယ်တော်သည် ပလ္လင်တော်နှင့်သတ္တဝါလေးပါးတို့၏အကြား၊ သက်ကြီးဝါကြီးတို့၏အလယ်၌ ရပ်လျက်နေသည်ကို ငါမြင်ရ၏။ ထိုသိုးသငယ်တော်၌ ဦးချိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံးရှိ၏။ ထိုမျက်စိတို့သည် မြေကြီးတစ်ပြင်လုံးသို့စေလွှတ်ခြင်းခံရသော ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်ကြ၏။