YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 89:38-52

ဆာလံ 89:38-52 Judson Bible (JBMLE)

သို့​သော်​လည်း၊ ကိုယ်​တော်​သည် ယ​ခု​စွန့်​ပယ်၍​ရွံ​ရှာ​တော်​မူ​ပြီ။ အ​ထံ​တော်၌ ဘိ​သိက်​ခံ​သော​သူ​ကို အ​မျက်​ထွက်​တော်​မူ​ပြီ။ ကိုယ်​တော်၏​ကျွန်​နှင့်​ဖွဲ့​သော ပ​ဋိ​ညာဉ်​ကို​ဖျက်၍၊ သူ၏​သ​ရ​ဖူ​ကို မြေ​တိုင်​အောင် ရှုတ်​ချ​တော်​မူ​ပြီ။ သူ၏​ခြံ​ရှိ​သ​မျှ​တို့​ကို​ချိုး၍၊ သူ၏​တိုက်​များ​ကို ဖြို​ဖျက်​တော်​မူ​ပြီ။ လမ်း၌​လျှောက်​သွား​သော​သူ​အ​ပေါင်း​တို့​သည် သူ့​ကို​လု​ယူ​ကြ၏။ အိမ်​နီး​ချင်း​တို့​တွင် ကဲ့​ရဲ့​ဖွယ်​ဖြစ်​ပါ၏။ သူ၏​ရန်​သူ​တို့ လက်​ယာ​လက်​ကို ချီး​မြှင့်၍၊ ရန်​ဘက်​ပြု​သော​သူ​အ​ပေါင်း​တို့​ကို ဝမ်း​မြောက်​စေ​တော်​မူ၏။ သူ၏​ဓား​သွား​ကို​လိပ်​စေ၍၊ သူ​စစ်​တိုက်​ရာ​တွင် ထောက်​မ​တော်​မ​မူ​ပါ။ သူ၏​ဘုန်း​ကို​ကွယ်​စေ၍၊ သူ၏​ရာ​ဇ​ပ​လ္လင်​ကို မြေ​သို့​နှိမ့်​ချ​တော်​မူ​ပြီ။ သူ၏​ပျို​သော​အ​ရွယ်​ကို တို​စေ၍ အ​ရှက်​ခွဲ​တော်​မူ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​လျှင်း​မ​ထင်​ရှား​ဘဲ၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​ပုန်း၍ နေ​တော်​မူ​မည်​နည်း။ အ​မျက်​တော်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မီး​ကဲ့​သို့ လောင်​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်၏​အ​သက်​တာ​သည် အ​ဘယ်​မျှ​လောက် တို​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​မျှ​လောက် ပျက်​တတ်​စေ​ခြင်း​ငှာ၊ လူ​သား​အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သည်​ကို​လည်း​ကောင်း၊ အောက်​မေ့​တော်​မူ​ပါ။ သေ​ခြင်း​သို့​မ​ရောက်၊ အ​သက်​ရှင်၍ မိ​မိ​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ​တန်​ခိုး​မှ ကယ်​နုတ်​နိုင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ သ​စ္စာ​တော်​နှင့်​တ​ကွ ကိုယ်​တော်၏​ကျွန်​ဒါ​ဝိဒ်​အား ကျိန်​ဆို​တော်​မူ​သော ရှေး​က​ရု​ဏာ​တော်​သည် အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​ကျွန်​တို့​သည် ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း​ကို အောက်​မေ့​တော်​မူ​ပါ။ များ​စွာ​သော လူ​တို့၏​အ​မှု​အ​လုံး​စုံ​ကို အ​ကျွန်ုပ်​သည် ကိုယ်​ရင်​ခွင်၌ ဆောင်​ရ​ပါ၏။ အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​ရန်​သူ​တို့​သည် ကဲ့​ရဲ့​တတ်​ကြ​ပါ၏။ အ​ထံ​တော်၌ ဘိ​သိက်​ခံ​သော​သူ၏​ခြေ​တော်​ရာ​တို့​ကို ကဲ့​ရဲ့​တတ်​ကြ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်​နှင့် အာ​မင်။

ဆာလံ 89:38-52 Common Language Bible (BCL)

သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည် မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​ကို အ​မျက်​ထွက်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​သူ့​အား​စွန့်​ပစ်​တော်​မူ​ပါ​ပြီ။ သူ့​အား​ပစ်​ပယ်​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​နှင့်​ပြု​တော်​မူ​ခဲ့​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ပယ်​ဖျက်​တော်​မူ​ပါ​ပြီ။ သူ​၏​သ​ရ​ဖူ​ကို​မြေ​သို့​ချ​တော်​မူ​ပါ​ပြီ။ သူ​၏​မြို့​တော်​တံ​တိုင်း​များ​ကို​ချိုး​ဖျက်​တော်​မူ​၍ သူ​၏​ခံ​တပ်​များ​ကို​ဖြို​ဖျက်​တော်​မူ​ပါ​ပြီ။ သူ​၏​အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​ကြ​သူ အ​ပေါင်း​သည် သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ခိုး​ယူ​ကြ​ပါ​၏။ အိမ်​နီး​ချင်း​အ​ပေါင်း​တို့​သည်​ပြောင်​လှောင် ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​သူ​၏​ရန်​သူ​တို့​အား​အောင်​ပွဲ​ကို ခံ​စေ​တော်​မူ​ပါ​ပြီ။ သူ​တို့​အား​လုံး​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စေ​တော် မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​သူ​၏​ဋ္ဌား​တို့​ကို​တုံး​စေ​တော် မူ​၍ သူ့​အား​စစ်​ပွဲ​တွင်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​သူ​၏​လှံ​တံ​တော်​ကို ယူ​သိမ်း​တော်​မူ​၍ သူ​၏​ရာ​ဇ​ပလ္လင်​တော်​ကို​မြေ​သို့ လဲ​ကျ​စေ​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​သူ့​အား​အ​ချိန်​မ​ကျ​မီ အို​စေ​တော်​မူ​၍​အ​ရှက်​တ​ကွဲ​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မျက်​နှာ​တော်​ကို​အ​စဉ်​ပင် ဖုံး​ကွယ်​၍​ထား​တော်​မူ​ပါ​မည်​လော။ ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​သည်​အ​ဘယ်​မျှ ကြာ​အောင်​မီး​ကဲ့​သို့​တောက်​လောင်​၍ နေ​တော်​မူ​ပါ​မည်​နည်း။ ကျွန်​တော်​မျိုး​၏​အ​သက်​သည်​အ​ဘယ်​မျှ​တို​ကြောင်း အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​သေ​မျိုး​ဖြစ်​သော ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​အား​ဖန်​ဆင်း​ထား တော်​မူ​သည်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ အ​ဘယ်​သူ​သည်​မ​သေ​ဘဲ​အ​စဉ်​အ​သက်​ရှင်​၍ နေ​နိုင်​ပါ​မည်​နည်း။ လူ​သည်​မိ​မိ​ကိုယ်​ကို​အ​ဘယ်​သို့​လျှင် သင်္ချိုင်း​တွင်း​သို့​မ​ရောက်​အောင်​တား​ဆီး​နိုင် ပါ​မည်​နည်း။ အို ဘု​ရား​သ​ခင်၊ ယ​ခင်​က​ဖော်​ပြ​ခဲ့​သော​ကိုယ်​တော်​ရှင်​၏ မေတ္တာ​တော်​ကား​အ​ဘယ်​မှာ​နည်း။ ဒါ​ဝိဒ်​အား​ကိုယ်​တော်​ရှင်​ထား​တော်​မူ​သော က​တိ​တော်​များ​ကား​အ​ဘယ်​မှာ​နည်း။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​သည် အ​ဘယ်​သို့ အ​စော်​ကား​ခံ​ရ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​မဲ့​သူ​တို့​၏​ကျိန်​ဆဲ​ခြင်း​များ​ကို အ​ဘယ်​သို့​ကျွန်​တော်​မျိုး​ခံ​ရ​သည်​ကို လည်း​ကောင်း မေ့​တော်​မ​မူ​ပါ​နှင့်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​ဘု​ရင်​ကို ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​စော်​ကား​ကြ ပါ​သည်​တ​ကား။ သူ​တို့​သည်​သူ့​အား​သွား​လေ​ရာ​ရာ​တွင် စော်​ကား​ကြ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​ကုန်​လော့။ အာ​မင်၊ အာ​မင်။

ဆာလံ 89:38-52 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ရာတွင် ကိုယ်တော်​သည် သူ့​ကို ငြင်းပယ်​၍​စွန့်ပစ်​တော်မူ​ပြီ​။ ကိုယ်တော်​ဘိသိက်ပေး​ထား​သော​သူ​ကို အမျက်ထွက်​တော်မူ​ပြီ​။ ကိုယ်တော်​၏​အစေအပါး​နှင့်​ဖွဲ့​တော်မူ​သော ပဋိညာဉ်​ကို​ပယ်ဖျက်​၍ သူ​၏​ဘုန်းသရဖူ​ကို မြေ​တိုင်အောင်​ရှုတ်ချ​တော်မူ​ပြီ​။ ကိုယ်တော်​သည် သူ​၏​တံတိုင်း​ရှိသမျှ​တို့​ကို​ဖြိုဖျက်​၍ သူ​၏​ခံတပ်​များ​ကို ဖျက်ဆီး​တော်မူ​ပြီ​။ လမ်း​၌​ဖြတ်သွား​သော​သူ​အပေါင်း​တို့​သည် သူ့​ကို​တိုက်ခိုက်လုယက်​ကြ​ပါ​ပြီ​။ သူ​သည် မိမိ​အိမ်နီးချင်း​တို့​အတွက် ကဲ့ရဲ့ပြစ်တင်စရာ​ဖြစ်​ရ​ပါ​ပြီ​။ ကိုယ်တော်​သည် သူ့​အား​ရန်ဖက်ပြု​သော​သူ​တို့​၏ လက်ယာ​လက်​ကို ချီးမြှောက်​၍ သူ​၏​ရန်သူ​အပေါင်း​တို့​ကို ဝမ်းမြောက်​စေ​တော်မူ​ပြီ​။ သူ​၏​ဓား​သွား​ကို​လည်း လိပ်​စေ​၍ စစ်ပွဲ​တွင်​လည်း သူ့​ကို​ထောက်မ​တော်​မ​မူ​ပါ​။ ကိုယ်တော်​သည် သူ​၏​ဘုန်းရောင်​ကို​ကွယ်ပျောက်​စေ​၍ သူ​၏​ပလ္လင်​ကို မြေ​သို့​ချပစ်​တော်မူ​ပြီ​။ သူ​၏​ပျိုရွယ်​သော​နေ့ရက်​တို့​ကို​လည်း တိုတောင်း​စေ​၍ သူ့​ကို​အရှက်​ဖြင့် ဖုံးလွှမ်း​တော်မူ​ပြီ​။ (​စေလာ ) အို ထာဝရဘုရား​၊ မည်သည့်​အချိန်​အထိ​နည်း​။ ကိုယ်တော်​သည် အစဉ်​ပုန်းရှောင်​လျက် နေ​တော်မူ​မည်လော​။ ကိုယ်တော်​၏​အမျက်ဒေါသ​သည် မီး​ကဲ့သို့ တောက်လောင်​လျက်​နေ​တော်မူ​မည်လော​။ အကျွန်ုပ်​၏​အသက်တာ​သည် မည်မျှ​တိုတောင်း​သည်​ကို​လည်းကောင်း​၊ လူသား​အပေါင်း​တို့​ကို အချည်းနှီး​သော​အရာ​အဖြစ် ဖန်ဆင်း​တော်မူ​ခဲ့​သည်​ကို​လည်းကောင်း သတိရ​တော်မူ​ပါ​။ မည်သူ​သည် သေ​ခြင်း​ကို​မ​မြင်​ရ​ဘဲ အသက်ရှင်​နိုင်​သနည်း​။ မည်သူ​သည် မိမိ​၏​စိတ်ဝိညာဉ်​ကို မရဏာနိုင်ငံ​၏​တန်ခိုး​မှ လွတ်မြောက်​စေ​နိုင်​သနည်း​။ (​စေလာ ) အို ဘုရားရှင်​၊ ဒါဝိဒ်​အား ကိုယ်တော်​၏​သစ္စာ​တော်​ဖြင့် ကျိန်ဆို​ထား​တော်မူ​သော ကိုယ်တော်​၏​ရှေးဦး​မေတ္တာကရုဏာ​တော်​သည် အဘယ်မှာ​ရှိ​ပါ​သနည်း​။ အို ဘုရားရှင်​၊ ကိုယ်တော်​၏​အစေအပါး​တို့​ခံရ​သော ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို​လည်းကောင်း​၊ အကျွန်ုပ်​သည် လူ​အပေါင်း​တို့​၏​ထိပါးစော်ကား​ခြင်း​ကို အကျွန်ုပ်​၏​ရင်ခွင်​ထဲ၌ ဆောင်​ထား​ရ​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ရန်သူ​တို့​သည် ထိုကဲ့သို့​ထိပါးစော်ကား​ခြင်း​အားဖြင့် ကဲ့ရဲ့ပြစ်တင်​ကြ​ပါ​၏​။ ကိုယ်တော်​ဘိသိက်ပေး​ထား​သော​သူ​၏​ခြေရာ​တို့​ကို ထိုကဲ့သို့​ကဲ့ရဲ့ပြစ်တင်​ကြ​ပါ​၏​။ ထာဝရဘုရား​သည် ထာဝရ​မင်္ဂလာရှိ​ပါစေသော​။ အာမင်​နှင့် အာမင်​။